ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ် စီမံကိန်းအတွက် အကျိုးတူကုမ္ပဏီများဖြစ်ကြသော JGC Corporation, Yongnam Holdings Limited နှင့် Changi Airports International တို့သည် ဇန်နဝါရီလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနနှင့် မူဘောင်သဘောတူညီချက် ရေးထိုးခဲ့သည်။
သတင်းထုတ်ပြန်ချက်အရ အဆိုပါ မူဘောင် သဘောတူညီချက်သည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် တည်ဆောက်ရန် အပြီးသတ် သဘောတူညီမှု ရရှိရန် အရေးပါသော လက်မှတ်ရေးထိုးမှုဖြစ်ကြောင်း သိရသည်။
၂၀၁၄ ခုနှစ် အောက်တိုဘာလတွင် အဆိုပါကုမ္ပဏီများသည် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းအတွက် တင်ဒါအောင်မြင်ခဲ့သည်။
ခန့်မှန်းခြေအားဖြင့် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ ကုန်ကျမည့် စီမံကိန်းအတွက် သဘောတူညီမှုကို ၂၀၁၆ ခုနှစ် တတိယ သုံးလပတ်တွင် လက်မှတ်ရေးထိုးရန် မျှော်လင့်ကြောင်း အဆိုပါ အကျိုးတူ ကုမ္ပဏီအဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ တဦးကပြောသည်။
ရန်ကုန်မြို့ အရှေ့မြောက်၊ ပဲခူးမြို့ အနီး ကီလိုမီတာ ၈၀ အကွာအဝေးတွင် တည်ဆောက်မည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သည် တနှစ်လျှင် ခရီးသည် ၁၂ သန်းအထိ ဝန်ဆောင်မှု ပေးနိုင်မည်ဖြစ်ပြီး မြန်မာနိုင်ငံတွင် အကြီးဆုံးလေဆိပ် ဖြစ်လာမည်ဖြစ်သည်။
အဆိုပါလေဆိပ် ပြီးစီးပါက အထူးသဖြင့် ရန်ကုန်မြို့တော် နယ်နိမိတ်တွင် အဓိက အပြည်ပြည်ဆိုင်ရာ လေဆိပ်ဖြစ်လာမည် ဖြစ်ပြီး ၂၀၂၂ ခုနှစ်တွင် အပြီးသတ် တည်ဆောက်ရန် စီမံကိန်းရေးဆွဲထားသည်။
စီမံကိန်းအတွက် ကုန်ကျစရိတ်ကို ဂျပန်နိုင်ငံ Official Development Assistance (ODA) ချေးငွေမှ ထောက်ပံ့ပေးသွားမည် ဖြစ်သည်။ မူဘောင် သဘောတူချက် ရေးထိုးပြီးနောက်တွင် မြန်မာအစိုးရမှလည်း ODA သို့ ချေးငွေ လျှောက်ရန် အစီအစဉ်ရှိကြောင်း သိရသည်။
အကျိုးတူ ကုမ္ပဏီများနှင့် မြန်မာနိုင်ငံ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနတို့အကြား နောက်ထပ် ဆွေးနွေးပွဲများ ကျင်းပဦးမည်ဖြစ်သည်။ စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံမှုတွင် JGC Corporationမှ ၅၅ ရာခိုင်နှုန်း၊ Yongnam မှ ၂၅ ရာခိုင်နှုန်းနှင့် Changi Airports International မှ၂၀ ရာခိုင်နှုန်း ပါဝင်ပါသည်။
ကိုးကား – CNA/rw