ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ ပြည်တွင်းအခွန်များ ဦးစီးဌာနက သြဂုတ်လ ၁၁ ရက်နေ့မှစတင်ပြီး အိမ်ခြံမြေ ဝယ်ယူသူက အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်းအထိ ဝယ်ယူခွန် တိုးမြှင့်ပေးဆောင်ရသည့် စနစ်ကိုပြောင်း လဲလိုက်ရာ အခွန်ရှောင်တိမ်းလိုသူများက အထူးကိုယ်စားလှယ်လွှဲစာဖြင့် အိမ်ခြံမြေရောင်းချမှု ပိုမိုတွင်ကျယ်လာမည်ဖြစ်ကြောင်း အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီပိုင်ရှင်များက သုံးသပ်ပြောကြားသည်။
မူလက အိမ်ခြံမြေ အခွန်ကောက်ခံရာတွင် အရောင်းအဝယ်ဖြစ်သော ငွေကြေးတန်ဖိုးပမာဏ အပေါ် ဝယ်ယူသူ ၁၅ ရာခိုင်နှုန်း၊ ရောင်းချသူ ၁၀ ရာခိုင်နှုန်း ပေးဆောင်ရသော စနစ်ကို ကျင့်သုံးခဲ့ရာမှာ ဝယ်ယူသူ အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ ၃၇ ရာခိုင်နှုန်းအထိ အခွန်ကောက်ခံသော စနစ်ကို ပြောင်းလဲကျင့်သုံးခြင်းဖြစ်ကြောင်း၊ ယခုစနစ်သည် ၂၀၀၇ ခုနှစ်မတိုင်မီက ကျင့်သုံးခဲ့သော အခွန်စနစ်ဖြစ်ကြောင်း ပြည်တွင်းအခွန်များဦးစီးဌာနမှ သိရှိရသည်။
“အိမ်ခြံမြေ တိုက်ခန်းဝယ်တဲ့ သူက ဝင်ငွေရလမ်း မဖော်ပြနိုင်လို့ရှိရင် ၃၀ ရာခိုင်နှုန်းအခွန်ဆောင်ရမယ်။ နောက်ပြီးတော့ တံဆိပ်ခေါင်းခွန်လည်း ဆောင်ရမယ်။ တံဆိပ်ခေါင်း အခွန်က ရန်ကုန်၊ နေပြည်တော်၊ မန္တလေးဆိုရင် ၇ ရာခိုင်နှုန်းဆောင်ရမယ်။ အခြား ပြည်နယ် တိုင်းတွေဆိုရင်တော့ တံဆိပ်ခေါင်းခွန်က ၅ ရာခိုင်နှုန်းပဲဆောင်ရမယ်။ အဲဒီတော့ ရန်ကုန်၊မန္တလေး၊ နေပြည်တော်မှာ အိမ်ခြံမြေဝယ်ရင် ဝယ်တဲ့သူက စုစုပေါင်းအခွန် ၃၇ ရာခိုင်နှုန်း၊ အခြားပြည်နယ်တိုင်းမှာ အိမ်ခြံမြေဝယ်ရင် စုစုပေါင်း အခွန် ၃၅ ရာခိုင်နှုန်း ဆောင်ရမယ်။ အဲဒီစနစ်က ၂၀၀၇ ခုနှစ်မတိုင်မီက ကျင့်သုံးခဲ့တဲ့ အိမ်ခြံမြေအခွန်စနစ်ပါ” ဟု နေပြည်တော် ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိညွှန်ကြားရေးမှူးတဦးက ဧရာဝတီကို ရှင်းပြသည်။
မြန်မာနိုင်ငံ ရင်းနှီးမြုပ်နှံမှုေ ကာ်မရှင်ဥက္ကဋ္ဌ စက်မှုဝန်ကြီးဦးစိုးသိန်းက ပြည်တွင်းတွင်မြင့်တက်လျက်ရှိသော အိမ်ခြံမြေဈေးနှုန်းများကို အခွန်မြှင့်တင်ခြင်းဖြင့် လျှော့ချမည်ဟု ဇွန်လအတွင်းပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုပြီးနောက် အိမ်ခြံမြေ အခွန်များ တိုးမြှင့်ကောက်ခံသည့်စနစ် ကျင့်သုံးလာခြင်း ဖြစ်သည်။
သို့သော် ယခု ပြောင်းလဲကျင့်သုံးသော အခွန်စနစ်ကြောင့် အိမ်ခြံမြေအရောင်း အဝယ်များ ပြုလုပ်ရာတွင် အခွန်ရှောင်တိမ်းမှု ပိုမိုမြင့်တက်လာပြီး အထူးကိုယ်စားလှယ်လွှဲစာဖြင့် အိမ်ခြံမြေရောင်းချမှု ပိုမိုများပြားလာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ သိရှိရသည်။
“အရင်စနစ်မှာတုန်းက ဝယ်သူက ၁၅ ရာခိုင်နှုန်း၊ ရောင်းသူက ၁၀ရာခိုင်နှုန်း အခွန်ဆောင်ရတာကိုတောင် အခွန်သိပ်ဆောင်ကြတာ မဟုတ်ဘူး။ အခွန်ဆောင်တယ် ဆိုတာကလည်း ဝယ်ထားတဲ့အိမ်ခြံမြေကို ကိုယ့်နာမည်ပေါက်ပြောင်းမှ သက်ဆိုင်ရာရုံးမှာ အခွန်ဆောင်ရတာဆိုတော့ ဘယ်သူကမှ ဝယ်ထားတဲ့အိမ်ခြံမြေ ကို အမည်ပေါက်မပြောင်းဘူး။ Special Power (အထူးကိုယ်စားလှယ်) လွှဲစာနဲ့ပဲ အိမ်ခြံမြေတွေ လက်ဆင့်ကမ်းရောင်းဝယ်နေကြတာပဲ။ အထူး ကိုယ်စားလှယ်လွှဲစာနဲ့ရောင်းရင် အခွန်ဆောင်စရာ မလိုဘူး။ တခုတော့ ရှိတယ်။ ကိုယ့်အမည်ပေါက်တော့ မဟုတ်ဘူး” ဟု ရန်ကုန်မြို့တော ်အခြေစိုက်ဝါရင့်အိမ်ခြံမြေကုမ္ပဏီပိုင်ရှင်တစ်ဦးက ပြောသည်။
အခွန်တိုးမြှင့်ကောက်ခံလိုက်သော အိမ်ခြံမြေဈေးနှုန်းများကျဆင်းသွားမည် မဟုတ်ကြောင်း ရန်ကုန်အိမ်ခြံမြေဝယ်ရောင်းသမားများကလည်း သုံးသပ်သည်။
“အိမ်ခြံမြေက မော်တော်ကား တင်သွင်းသလိုမျိုး မဟုတ်ဘူး။ သူက မရွှေ့ပြောင်းနိုင်တဲ့ပစ္စည်းလေ။ အခုအခွန်တိုးကောက်လိုက်ပေမယ့် အခွန်ရှောင်ပြီးရောင်းလို့ ဝယ်လို့ ရတဲ့နည်းလမ်းတွေ ရှိနေတာပဲဆိုတော့ သိပ်ပြီး ဈေးကျမှာမဟုတ်ဘူး။ အရောင်းအဝယ် နည်းနည်းအေးသွားတာတို့ ဘာတို့တော့ဖြစ်နိုင်တယ်။ လုံး၀ ကြီးဈေးထိုးကျတာမျိုးကတော့ ဖြစ်ကိုမဖြစ်ဘူး။ ရန်ကုန်မြို့မှာဆိုရင် မြို့ပြလူဦးရေကလည်း ပုံမှန်တိုးနေတာဖြစ်လို့ ဈေးနှုန်းက ကျမှာမဟုတ်ဘူး” ဟု ရန်ကုန်အခြေစိုက် အောင်သုခ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ရှင်းပြသည်။
ရန်ကုန် အိမ်ခြံမြေဈေးကွက်တွင် တိုက်တခန်း၏ အနိမ့်ဆုံးတန်ဖိုးမှာ သိန်း နှစ်ရာဝန်းကျင်ရှိပြီး မြေကွက်များ၏ တန်ဖိုးမှာ အနည်းဆုံး သိန်းရာချီမှ သိန်းထောင်သောင်းချီထိရှိပြီး အမြင့်ဆုံး ကျပ်ငွေ သန်းတသောင်းကျော်အထိ ဈေးခေါ်နေသော မြေကွက်များပင်ရှိကြောင်း အိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရှိရသည်။
ငွေလုံးငွေရင်း လက်ဝယ်ကိုင်ထားသူ အများစုသည် အကျိုးအမြတ်များသော အိမ်ခြံမြေနှင့် တိုက်ခန်း အရောင်းအဝယ်လုပ်ငန်းတွင်သာ စုပြုံ ရင်းနှီးမြုပ်နှံနေခြင်း ၊ အခြား ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှု ထုတ်လုပ်ရေးလုပ်ငန်းများတွင် မိမိပိုင်ဓနငွေကြေးကို ယုံကြည်စိတ်ချစွာ အသုံးပြုထည့် ဝင်နိုင်မည့်နည်းလမ်းများ အလွန် အားနည်းခြင်းတို့အပြင် နိုင်ငံသားအမည်ခံပြီး တရားမဝင် ဝင်ရောက်ရင်းနှီးမြုပ်နှံသော နိုင်ငံခြားသား အများစုရှိနေပြီး အထူးသဖြင့် တရုတ်နိုင်ငံသားအများစုသည် တန်ဖိုးကြီးအိမ်ခြံမြေများ ဝယ်ယူရင်းနှီးမြုပ်နှံကြကြောင်း သိရှိရသည်။
“နိုင်ငံသား အမည်ခံရင်းနှီးမြုပ်နှံတာက တော်တော်ကိုများတယ်။ အဲဒါကြောင့်လည်း ဈေးတွေက ထိုးတက်နေတာ။ ဘယ်လောက်ဈေးခေါ်ခေါ် တန်ဖိုးကြီးကြီးပေးဝယ်တာပဲ။ တရုတ်နိုင်ငံသားတွေ အများစုက အိမ်ခြံမြေတွေဝယ်ထားကြတယ်” ဟု မန္တလေးအခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင်တဦးက ရှင်းပြသည်။
အိမ်ခြံမြေဈေးကွက်တွင် ဈေးနှုန်းများ အလွန်အမင်းမြင့်တက်ခြင်း သည် မြန်မာနိုင်ငံတွင်းဝင်ရောက်လာနိုင်သော နိုင်ငံခြား ရင်းနှီးမြပ်နှံမှုများကို အဟန့်အတားဖြစ်စေသည်ဟု စီးပွားရေးပညာရှင်များက ဝေဖန်သုံးသပ်သည်။