ရန်ကုန်မြို့တဖက်ကမ်း သီလဝါ အထူးစီးပွားရေးဇုန် တည်ဆောက်ရာ၌ ဂျပန်ကုမ္ပဏီကြီးများနှင့်အတူ မြန်မာနိုင်ငံသားများ အနေဖြင့်လည်း အများပိုင်စီးပွားရေး အစုအဖွဲ့တည်ထောင်ကာ အရင်းအနှီးထည့်ဝင်ရန် ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချူပ် (UMFCCI) က စီစဉ်နေကြောင်း သိရသည်။
မြန်မာအစိုးရနှင့် မစ်ဆူဘီရှီ၊ မရူဘီနီ၊ ဆူမစ်တိုမို စသည့် ကုမ္ပဏီကြီးများ အကြား အထူးစီးပွားရေးဇုန် တည်ဆောက်ရန်အတွက် ဂျပန်ကုမ္ပဏီများဘက်မှ ၄၉ ရာခိုင်နှုန်း၊ မြန်မာအစိုးရက ၅၁ ရာခိုင်နှုန်း ထည့်ဝင်ရန် သဘောတူညီခဲ့ကြောင်း၊ မြန်မာဘက်မှထည့် ဝင်ရမည့် အစုရှယ်ယာကို တဦးတယောက်တည်းက ထည့်ဝင်ပြီး အကျိုးခံစားခြင်း မရှိစေဘဲ နိုင်ငံသားအားလုံး ခွဲဝေခံစားရန် စီစဉ်ခြင်းဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဝင်းအောင်က ဆိုသည်။
“မြန်မာနိုင်ငံသား မည်သူမဆို ရှယ်ယာတွေကို ဝယ်ယူပြီး ပါဝင်နိုင်အောင် အများပိုင်ကုမ္ပဏီဖွဲ့ပြီး အများရဲ့ လုပ်ငန်းတခုအနေနဲ့ ဆောင်ရွက်မယ်။ ဒါမှ ပြည်သူတွေလည်း အကျိုးအမြတ်ကို ခွဲဝေခံစားနိုင်မယ်” ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။
အစုရှယ်ယာများ ရောင်းချရာတွင်လည်း တစုလျှင် ကျပ် ၁ သိန်းခန့်မှ စတင်ရောင်းချရန် စီစဉ်နေပြီး တဦးတယောက်တည်းမှ လက်ဝါးကြီးအုပ်ကာ အများအပြား ဝယ်ယူခြင်းကိုလည်း ကာကွယ်ရန် စီစဉ်ထားကြောင်း၊ အများပိုင်ကုမ္ပဏီများ ဖွဲ့စည်းရာတွင် တည်ဆဲဥပဒေ များနှင့်အညီ ဆောင်ရွက်မည်ဖြစ်ပြီး၊ ရှယ်ယာများကို ရောင်းချရာတွင် မီဒီယာများမှတဆင့် ကြော်ငြာကာ ရောင်းချသွားမည် ဖြစ်ကြောင်း ဦးဝင်းအောင်က ဆိုသည်။
အစုရှယ်ယာရှင်များ အနေဖြင့်လည်း အထူးစီးပွားရေးဇုန် ဖွံဖြိုးမှုအပေါ်တွင် မူတည်ပြီး အကျိုးခံစားခွင့်များ ရရှိမည်ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
အဆိုပါ အထူးစီးပွားရေး စီမံကိန်းသည် ဧက ၆ ထောင်ကျော် ကျယ်ဝန်းပြီး နိုင်ငံတော်ပိုင်မြေများဖြစ်ကြောင်း တည်ဆောက်ရာတွင် စက်ရုံများ၊ ရုံးခန်းများ၊ ဆိပ်ကမ်းများ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံ ချွန်ဘူရီခရိုင်ရှိ လန်ချာဘန် အထူးစီးပွားရေးဇုန်တွင်လည်း ကမ္ဘာကျော် Ford ကားကုမ္ပဏီ အပါအဝင် Samsung ကုမ္ပဏီကြီးများ၏ စက်ရုံများတည်ရှိပြီး ရေနက်ဆိပ်ကမ်းသည် ကမ္ဘာပေါ်တွင် ကုန်တင်ကုန်ချ အများဆုံး လုပ်ကိုင်ရသည့် ဆိပ်ကမ်းများတွင် အဆင့် ၂၂ တွင် ပါဝင်သည်။
မကြာသေးမီကလည်း တနင်္သာရီတိုင်း ထားဝယ်မြို့နယ်ရှိ ထားဝယ်ရေနက်စီမံကိန်းနှင့် အထူးစီးပွားရေးဇုန်တခုကို အကောင်အထည်ဖော်ရန် ထိုင်းနိုင်ငံနှင့် သဘောတူညီမှုရယူခဲ့သေးသည်။