ပြင်ဆင်ရေးဆွဲနေသည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းတွင် ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက အားနည်းချက် များရှိနေသည့်အတွက် ရင်းနှီးမြှုပ်နှံသူများ စိတ်ဝင်စားမှု နည်းပါးနိုင်ကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်း ရှင်များအသင်း တာဝန်ရှိသူများနှင့် စီးပွားရေးပညာရှင်များက ထောက်ပြပြောဆိုလိုက်သည်။
ဥပဒေမူကြမ်းပါ စီးပွားရေး လုပ်ငန်းနယ်ပယ် ကဏ္ဍများတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံခွင့် ကန့်သတ်ချက်များ၊ အနိမ့်ဆုံး ရင်းနှီး မြှုပ်နှံမှု ငွေပမာဏ သတ်မှတ်ချက်၊ နိုင်ငံခြားသား လုပ်သား ခန့်အပ်မှု အချိုးအစား တင်းကျပ်မှု၊ လုပ်ငန်းခွင့်ပြုမိန့်ရရှိရန် ကြာမြင့်ကာလ စသည့် အချက်အလက်တို့သည် ရင်းနှီးမြှုပ်နှံလိုသူ နိုင်ငံခြားသား လုပ်ငန်းရှင်များကို တွေဝေစေနိုင်ကြောင်း UMFCCI တာဝန်ရှိသူများနှင့် မြန်မာနိုင်ငံ လူမှုစီးပွား အကြံပေးကောင်စီ အဖွဲ့ဝင်တဦးဖြစ်သူ စီးပွားရေးပညာရှင် ဒေါက်တာဇော်ဦးတို့က စက်တင်ဘာ ၄ ရက် ညနေ ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ ထောက်ပြပြောဆိုလိုက်ခြင်း ဖြစ်သည်။
“ရင်းနှီးမြှုပ်နှံဖို့ လာသူတွေဟာ ကျနော်တို့ဆီ မလာခင် ဒေသတွင်းက တခြားနိုင်ငံတွေကို ကြည့်မှာပဲ။ ကျနော်တို့ဆီ ကို လာလုပ်တဲ့ နိုင်ငံတွေထဲမှာလည်း ဒေသတွင်း နိုင်ငံတွေ ပါကောင်းပါမယ်။ အဲဒီလို အခြေအနေမျိုးမှာ ကျနော်တို့ နိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေဟာ အခြားနိုင်ငံတွေထက် အားကောင်းဖို့ လိုပါတယ်” ဟု ဒေါက်တာဇော်ဦးက ပြောသည်။
မြန်မာနိုင်ငံသည် ပြုပြင်ပြောင်းလဲစ နိုင်ငံဖြစ်သည့်အတွက် တခြားဒေသတွင်း နိုင်ငံများ၏ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ပြဿနာများ၊ အားနည်းချက်များကို ချိန်ဆ၍ အကောင်းဆုံး ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းကိုရရှိထားကြောင်း ၎င်းက ဆက်ပြောသည်။
လက်ရှိ ပြင်ဆင်ရေးဆွဲနေသည့် ဥပဒေကြမ်းတွင် အနိမ့်ဆုံး ရင်းနှီးမြှုပ်နှံမှု ပမာဏကို အမေရိကန် ဒေါ်လာ ၅ သန်း သတ်မှတ် ထားရာ တခြားအာဆီယံ နိုင်ငံများထက် ၁၅ ဆနီးပါးမျှ များပြားနေကြောင်းသိရသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏ သတ်မှတ်ခြင်းသည် ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများတွင်သာ သတ်မှတ်လေ့ရှိပြီး ဗီယက်နမ် နိုင်ငံသည် ၂၀၀၆ ခုနှစ်ကတည်းက သတ်မှတ်ချက် ဖျက်သိမ်းခဲ့ကာ အာဆီယံနိုင်ငံများတွင် ကမ္ဘာဒီယား၊ လာအို၊ ဖိလစ်ပိုင်နှင့် ထိုင်းနိုင်ငံတို့တွင် လုပ်ငန်းကဏ္ဍအလိုက် အမေရိကန် ဒေါ်လာ ၃ သောင်းမှ ၁ သန်းထိသာ သတ်မှတ်ချက်ရှိကြောင်း ဒေါက်တာဇော်ဦးက ဆိုသည်။
နိုင်ငံသားနှင့် နိုင်ငံခြားသား ဖက်စပ်လုပ်ကိုင်သည့် လုပ်ငန်းများ၏ ပိုင်ဆိုင်မှု ပမာဏ ကန့်သတ်ချက်မှာလည်း အနည်းဆုံး ၃၅ ရာခိုင်နှုန်းမှ အများဆုံး ၄၉ ရာခိုင်နှုန်း သတ်မှတ်ထားသည်ဟု သိရသည်။
“ကျနော်တို့ နိုင်ငံခြားသားနဲ့ ပေါင်းလုပ်ခြင်းဟာ ဈေးကွက်ထိုးဖောက်ဖို့နဲ့ နည်းပညာရဖို့ဆိုတဲ့ ရည်ရွယ်ချက်မှာ ၁၀ ရာခိုင်နှုန်း ၁၅ ရာခိုင်နှုန်း နဲ့လည်း လုပ်လို့ရတယ်။ အဲဒါကို အနည်းဆုံး သူတို့ကို ၃၅ ရာခိုင်နှုန်း ပေးမှရမယ်လို့ သတ်မှတ်တယ်ဆိုတာက လုပ်သင့်မသင့် ပြန်စဉ်းစားသင့်တယ်ထင်ပါတယ်” ဟု ကုန်သည်များ နှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ဥက္ကဌ ဦးဝင်းအောင်ကလည်း ဆိုသည်။
အခွန်ကင်းလွတ်ခွင့်တွင်လည်း တခြားအာဆီယံနိုင်ငံများ၏ ဥပဒေများတွင် နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရန် အတွက် နည်းပညာနှင့် အရင်းအနှီး လိုအပ်သော ကဏ္ဍများ၊ ဧရိယာများတွင် အခွန်ကင်းလွတ်ခွင့်နှင့် အခြားအခွင့်အလမ်းများ ပိုပေးပြီး နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် အဓိကမကျသော လုပ်ငန်းများ၊ နိုင်ငံသားများလုပ်ကိုင်နိုင်သော လုပ်ငန်းကဏ္ဍများတွင် အခွင့် အရေးပေးခြင်းအား ကန့်သတ်ခြင်း၊ လျော့ပေါ့ခြင်း ပြုလုပ်ထားသော်လည်း မြန်မာနိုင်ငံ၏ ရေးဆွဲနေဆဲ ဥပဒေကြမ်းတွင် နိုင်ငံတော် ဖွံ့ဖြိုးရေးအတွက် အဓိက ကျသောလုပ်ငန်းနယ်ပယ်၊ အဓိကမကျသော လုပ်ငန်းနယ်ပယ်ဟူ၍ ခွဲခြားထားခြင်း မရှိဘဲ လုပ်ငန်းအားလုံးကို တပြေးညီ အခွင့်အလမ်းပေးထားသည်ဟု လေ့လာသူများက ဆိုသည်။
“ရင်းနှီးမြှုပ်နှံသူတွေကို အခွန်ကင်းလွတ်ခွင့် ပေးမယ့်အစား ပြည်တွင်းမှာရှိတဲ့ လုပ်ငန်းရှင်တွေ နည်းပညာပိုင်းမှာပဲ ထူထောင်ချင်လား၊ လုပ်သား စွမ်းရည်မြင့်တင်ရေး ပိုင်းမှာ ထူထောင်ချင်သလား ဒါတွေကို ပံ့ပိုးပေးလိုက်ရင် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေနဲ့ အခွန်ကင်းလွတ်ခွင့် ပြဿနာကို ဖြေရှင်းပေးရာ ရောက်သလို ပြည်တွင်း လိုအပ်ချက်ကိုလည်း ဖြည့်ဆည်းပေးရာ ရောက်မှာပါ” ဟု ဒေါက်တာဇော်ဦးက အခွန်ကင်းလွတ်ခွင့်နှင့် ပတ်သက်၍ အကြံပြုပြောကြားသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေမူကြမ်းသည် လူအများ မလိုက်နာနိုင်သော အချက်အလက်များ ပါဝင်နေပြီး အတည်ပြု ပြဌာန်းမည်ဆိုပါက ချိုးဖောက်သူက ချိုးဖောက်မည်ဖြစ်သည့်အတွက် မလိုလားအပ်သော နောက်ဆက်တွဲပြဿနာများ ပေါ်ပေါက်လာနိုင်ကြောင်းလည်း ဦးဝင်းအောင်က ဆိုသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေတွင် နိုင်ငံခြားကုမ္ပဏီများအတွက် ၅ နှစ် အခွန်ကင်းလွတ်ခွင့်၊ ယင်းကာလအား အခွန် ၅၀ ရာခိုင်နှုန်းဖြင့် နောက်ထပ် ၅ နှစ် ထပ်တိုးခွင့်၊ အများဆုံး နှစ် ၆၀ အထိ မြေငှားပိုင်ခွင့်နှင့် အကျိုးအမြတ်အား နိုင်ငံရင်းသို့ ပြန်လည်ပို့ဆောင်ခွင့် စသည်တို့ ပါဝင်ပြီး ယခင်က နိုင်ငံခြားသားပိုင်ဆိုင်ခွင့် ၁၀၀ ရာခိုင်နှုန်းအထိ အာမခံမည်ဟု ဆိုခဲ့သည်။
သို့သော် ဇွန်လနှင့် ဇူလိုင်လများအတွင်း ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း တို့အကြား တွေ့ဆုံဆွေးနွေးခဲ့ရာ ပြည်တွင်း လုပ်ငန်းရှင်များက နိုင်ငံခြား ကုမ္ပဏီများ ဝင်လာလျှင် မိမိတို့ မယှဉ်နိုင်ကြောင်း တင်ပြ၍ နိုင်ငံတော်အနေဖြင့် အကာအကွယ်ပေးရန် တောင်းဆိုခဲ့ကြသည်။
ယခုအခါ ပြင်ဆင်မှု ၉၄ ခု ပြုလုပ်ထားသည့် ယင်းဥပဒေကို ပြည်သူ့လွှတ်တော်တွင် အတည်ပြုခဲ့ပြီဖြစ်ကြောင်းနှင့် အမျိုးသားလွှတ်တော်မှ အတည်ပြုပြီးလျှင် သမ္မတအနေဖြင့် အတည်ပြု လက်မှတ်ထိုးရမည်ဖြစ်သည်။