မန္တလေး-မူဆယ် ကုန်သွယ်ရေး လမ်းကြောင်းမှ တရားမဝင် မှောင်ခိုကုန်ပစ္စည်း သယ်ယူနေခြင်းများကို နိုဝင်ဘာ ၁ ရက်နေ့မှ စတင်၍ ဖမ်းဆီး အရေးယူနိုင်ရန် စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာနက စီစဉ်နေကြောင်း ပြောသည်။
လွတ်လပ်သည့် အာဆီယံ ကုန်သွယ်ရေး မူဝါဒအရ တရုတ်၊ ထိုင်း စသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများရှိ စစ်ဆေး ရေး ဂိတ် တချို့ကို ဖယ်ရှားခဲ့သည့်နောက် တရားမဝင်ကုန်ပစ္စည်းများ၊ အကောက်ခွန်မဲ့ ကုန်ပစ္စည်းများ ပိုမိုဝင်ရောက်လာကြောင်း၊ ထို အတွက် နိုင်ငံတော်နှင့် အခွန်ထမ်း လုပ်ငန်းရှင်များ၊ ကုမ္ပဏီများ နစ်နာရသည့်အပြင် စားသုံးရန်မသင့်လျော်သည့် စားသောက်ကုန်နှင့် ဆေးဝါးများပါ တင်သွင်းလာသည့် အတွက် စစ်ဆေးမှုများ ပြန်လည်ပြုလုပ်ရခြင်းဖြစ်သည်ဟု စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေး ဝန်ကြီးဌာန နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာန တာဝန်ရှိသူ တဦးက ပြောဆိုသည်။
နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ ဒု ညွန်ကြားရေးမှူးချုပ် ဦးညွန့်အောင်က“နယ်စပ်ဂိတ်တွေကို ရှောင်ပြီးတော့ တင်သွင်းတာတွေ အရမ်းများလာတယ်၊ နောက်တခုက မြောင်းဆီဆိုတဲ့ စားသုံးဆီတွေကို FDA ထောက်ခံချက် မပါဘဲ နဲ့ သွင်းလာနေတယ်”ဟု ဆို သည်။
နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းများမှ တင်သွင်းလာသော အစားအသောက်နှင့် ဆေးဝါးများ၏ အရည်အသွေးကို စစ်ဆေးရန် အစားအသောက် နှင့် ဆေးဝါး ကွပ်ကဲမှုဌာန(FDA) ရုံးများကို ဖွင့်လှစ်သွားမည် ဖြစ်ကြောင်း၊ ပထမဆုံး အနေနှင့် တရုတ်-မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဌာနနှင့် ထိုင်း-မြန်မာ နယ်စပ် မြဝတီမြို့များတွင် ဖွင့်လှစ်၍ ကြပ်မတ် စစ်ဆေးသွားရန် စီစဉ်ထားကြောင်း ဇူလိုင်လအတွင်း FDA က ထုတ်ပြန် ပြောဆိုထားသည်။
အဆိုပါ တရားမဝင် ကုန်ပစ္စည်း ရှာဖွေရေးအဖွဲ့များကို ပွင့်လင်းမြင်သာမှုရှိပြီး အပြန်အလှန် ထိန်းကျောင်းနိုင်စေရန် နယ်စပ် ကုန်သွယ် ရေး ဦးစီးဌာန၊ အကောက်ခွန် ဦးစီးဌာန၊ ရဲ တပ်ဖွဲ့၊ ဒေသ အာဏာပိုင်များသာမက ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်း သို့မဟုတ် နယ်စပ်ဒေသ ကုန်သည်ကြီးများ အသင်း၊ သတင်းမီဒီယာ သမားများနှင့် ဖွဲ့စည်းမည်ဖြစ်ပြီး ယခင်ကဲ့သို့ ဂိတ်များ ဖွင့်လှစ်ဆောင်ရွက်မည် မဟုတ်ဘဲ ရရှိသည့် သတင်း အချက်အလက်ပေါ်တွင် မူတည်၍ ရှောင်တခင် စစ်ဆေးသွားမည် ဖြစ် ကြောင်း ၎င်းက ဆက်ပြောသည်။
တရားဝင်ကုန်ပစ္စည်းများကို အခွန်မဆောင်ဘဲ တင်သွင်းလာပါက အခွန်ဆောင်စေခြင်းနှင့် ကုန်သွယ်ခွင့် လိုင်စင် ထုတ်ပေးခြင်း၊ တရားမဝင် ကုန်ပစ္စည်းများတွေ့ရှိပါက သိမ်းဆည်း၍ အကောက်ခွန်ဥပဒေ အရ အရေးယူခြင်းများ၊ လက်နက် ခဲယမ်းနှင့် မူးယစ် ဆေးဝါးများ တွေ့ပါကလည်း ဥပဒေအရ အရေးယူခြင်းများကို တရားမဝင် ကုန်ပစ္စည်း ရှာဖွေရေးအဖွဲ့များက ဆောင်ရွက်သွားမည်ဟု သိရသည်။
နယ်စပ် ကုန်သွယ်ရေး ဦးစီးဌာနမှ လူတဦးလျှင် ကျပ် ၄ သိန်းခန့်(အမေရိကန် ဒေါ်လာ ၅၀၀)သာ သတ်မှတ်ထားသော်လည်း ကုန် သွယ်ရေး လမ်းကြောင်းပေါ်တွင် ကုန်တင်ကားကြီးများသာမက ယာဉ်ငယ် ကလေးများ၊ ဆိုင်ကယ်များနှင့် ပါ တရားမဝင် သယ်ဆောင် နေသည်ဟုလည်း ဦးညွန့်အောင် က ဆိုသည်။
မန္တလေးမြို့ပွဲစား၊ ကုန်သည်၊ စက်ပိုင်များအသင်း၏ အတွင်းရေးမှူး ဦးချွန် ကလည်း ဤလုပ်ဆောင်ချက်သည် ဈေးကွက်စီးပွားရေး စနစ်ကို ထိန်းညှိခြင်းဖြစ်၍ ကြိုဆိုကြောင်း၊ ဈေးကွက်အတွင်း အကောက်ခွန်မဲ့ပစ္စည်းများ ပိုမိုဝင်ရောက်လာသည့်အတွက် အခွန် ထမ်း လုပ်ငန်းရှင်များမှာ မယှဉ်သာကြောင်း၊ ထိုကြောင့် ကုန်သည်များ၊ ကားဂိတ်များ အနေဖြင့်လည်း ပူးပေါင်းဆောင်ရွက်ရမည် ဖြစ် ကြောင်း ပြောဆိုသည်။
“အခွန်မဆောင်ဘဲ သွင်းတဲ့ပစ္စည်းတွေကို ဈေးကွက်မှာ လျှော့ပြီး ရောင်းလာတဲ့ အခါကျတော့ တကယ် အခွန်ဆောင်လာတဲ့ ကုန် သည် က ရှုံးတာပေါ့၊ မယှဉ်နိုင်ဘူး၊ ပပျောက်အောင် လုပ်သင့်တယ်၊ ကြိုဆိုတယ်”ဟု ၎င်းက ဆိုသည်။
ထို့အပြင် ဈေးကွက်တွင် စားသုံးသူများအတွက် အန္တရာယ်ဖြစ်စေသည့် ကလေးသူငယ်များနှင့် ပတ်သက်သော အစားအစာများ၊ စားသုံးဆီများ ရောက်ရှိနေခြင်းကို တားမြစ်သင့်ကြောင်းလည်း ဦးချွန်က ဆက်ပြောသည်။
မူဆယ်- မန္တလေးလမ်းတွင် ဆိုင်ကယ်ကယ်ရီဖြင့် ပစ္စည်းသယ်ဆောင်သူ ကိုအောင်ခိုင်ကမူ ယခုကဲ့သို့ အရေးယူဆောင်ရွက်မှုမှာ ကောင်းမွန်သော်လည်း ကုန်ကားကြီးများဖြင့် သယ်ယူနေသူများကို မထိခိုက်နိုင်ကြောင်း၊ မိမိတို့ ဆိုင်ကယ်ကယ်ရီ သမားများမှာမူ ပိုမို ရှာဖွေမှု ခံရဖွယ်ရှိကြောင်း ပြောဆိုသည်။
“ကျနော်တို့ ကယ်ရီသမားကတော့ စားသောက်ကုန် ခွင့်ပြုချက်တွေ ဘာတွေလည်း မသိဘူးလေ၊ ကုန်သည် ထည့်ပေးရတာကို သယ်ရတာ ဒီတော့ ဒဏ်ကြေးဆောင်စရာရှိရင် ကျနော်တို့ ဆောင်ရမှာပေါ့”ဟု ၎င်းက ဆိုသည်။
တရုတ်-မြန်မာ နယ်စပ် မူဆယ်- မန္တလေး လမ်းကြောင်းပေါ်ရှိ ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းကို ကွင်းရှောင်၍ သွားလာနေသည့် လမ်းကြောင်း ငါးကြောင်းရှိရာ အဆိုပါ လမ်းများကိုလည်း မနက်ဖြန်မှစတင်၍ ပိတ်ဆို့တော့မည် ဖြစ်သည်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ ထုတ်ပြန်ချက် အရ ၂၀၀၅ ခုနှစ်မှ ၂၀၁၁ ခုနှစ် ဒီဇင်ဘာလအထိ တရုတ်-
မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းနှင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း၌ ကျပ်သိန်း ၄၇၉၀၄၉ ဖိုး ဖမ်းဆီးရမိပြီး အကောက်ခွန် အမှုတွဲပေါင်း ၁၁၁၇၄ မှု ရှိကြောင်း သိရသည်။
ယခုအခါ တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းရှိ ရေပူ စစ်ဆေးရေး ဂိတ်နှင့် ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း စစ် တောင်း တံတားအနီးရှိ မရမ်းချောင် စစ်ဆေးရေး ဂိတ်တို့ကို အာဆီယံ ကုန်သွယ်ရေး မူဝါဒနှင့်အညီ ပိတ်ပစ်ခဲ့ရာ အကောက်ခွန်မဲ့ ပစ္စည်းများ ပိုမိုဝင်ရောက်လာသည်ဟု သိရသည်။
နောက်ပိုင်းတွင်လည်း ထိုင်း-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်း၊ အိန္ဒိယ-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းများတွင် သတင်း အရ ရှာဖွေရေးလုပ်ငန်းများကို လုပ်ဆောင်တော့မည်ဟု စီးပွားရေးနှင့် ကူးသန်းရေးဝယ်ရေး ဝန်ကြီးဌာနက ဆိုသည်။