နိုင်ငံတော်တွင် အရန်ဆန် ထားရှိရေးအတွက် အစိုးရက တိုင်းဒေသကြီး ၃ ခုမှ ဆန်တန်ချိန် ၂ သောင်း ဝယ်ယူသွားမည် ဖြစ်ကြောင်း နိုင်ငံတော် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီ၏ ထုတ်ပြန်ချက်အရ သိရသည်။
အရန်ဆန်အတွက် ဧည့်မထ၊ ပုလဲသွယ်နှင့် ဆင်းသွယ်လတ် အမျိုးအစားများကို ရန်ကုန်တိုင်းဒေသကြီးမှ ဆန်တန်ချိန် ၁ သောင်း၊ ဧရာဝတီတိုင်းဒေသကြီးမှ တန် ၆၀၀၀ နှင့် ပဲခူးတိုင်းဒေသကြီးမှ တန် ၄၀၀၀ ဝယ်ယူသွားမည် ဖြစ်သည်။
လက်ရှိတွင် အရန်ဆန်ထားရှိရေး ကြီးကြပ်မှုကော်မတီက တိုင်းဒေသကြီး ၃ ခုတွင် အရန်ဆန်အတွက် တင်ဒါများ ခေါ်ယူလျှက်ရှိပြီး ဈေးနှုန်းအဆိုပြုလွှာများကို ယခုလ ၂၆ ရက် နောက်ဆုံးထားကာ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်သို့ ပေးပို့ရန် ညွှန်ကြားထားသည်။
သို့သော် အရန်ဆန်ကော်မတီ၏ တင်ဒါစည်းကမ်း တင်းကျပ်မှုကြောင့် ဧရာဝတီတိုင်းဒေသကြီးရှိ ဆန်ကုန်သည်များ တင်ဒါလျှောက်ထားရန် အခက်တွေ့နေကြောင်း တိုင်းဆန်စက်လုပ်ငန်းရှင်အသင်းက ပြောသည်။
“အရန်ဆန် တင်ဒါစည်းကမ်းတွေက အရမ်းတင်းကျပ်နေတော့ ဒီကလူတွေ တင်ဒါ မတင်ရဲဘူး ဖြစ်နေတယ်။ တင်ရမယ့်ရက်ကလည်း အရမ်းနီးကပ်နေတော့ အချိန်ကလည်း သိပ်မရဘူး။ တင်ဒါအောင်ခဲ့ရင် ဆန်တွေကို ရန်ကုန်ပို့ရမှာလား။ နယ်မှာသွင်းရမှာလား ဆိုတာလည်း မသိရဘူး။ ဒီလိုအခက်အခဲတွေ ရှိနေတယ်” ဟု ဧရာဝတီတိုင်းဒေသကြီး မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးဝင်းမြင့်လှိုင်က ဧရာဝတီကို ပြောသည်။
အရန်ဆန်ကော်မတီက ဧရာဝတီတိုင်းမှ ဧည့်မထဆန် တန် ၅၀၀၀ နှင့် ဆင်းသွယ်လတ်ဆန် တန် ၁၀၀၀ တင်ဒါခေါ်ယူထားရာတွင် ဆန်များသိုလှောင်မည့်နေရာ ဖော်ပြမထားသည့်အတွက် ဆန်လုပ်ငန်းရှင်များမှာ တင်ဒါဈေးနှုန်းသတ်မှတ် လျှောက်ထားရန် အခက်တွေ့နေကြကြောင်း သိရသည်။
တင်ဒါရရှိသူသည် လုပ်ငန်းအတွက် စပေါ်ငွေ ၁၀ သိန်း ပေးသွင်းရမည်ဖြစ်ပြီး တင်ဒါစည်းကမ်း လိုက်နာခြင်းမရှိပါက ယင်းစပေါ်ငွေကို ဆန်ကော်မတီက သိမ်းယူမည်ဖြစ်သည်။
ထို့အပြင် ဆန်ပေးသွင်းရာတွင် အရည်အသွေးမပြည့်မီဟု ကော်မတီက သတ်မှတ်ပါက ယင်းဆန်များကို ပိုင်ရှင်က ပြန်လည် သယ်ယူသွားရမည်ဖြစ်ပြီး ၃ ရက်အတွင်း အရည်အသွေးပြည့်မီသည့် ကုန်ပစ္စည်းဖြင့် အစားထိုးပေးရမည် ဖြစ်သည်။
ကုန်ပစ္စည်းပေးသွင်းရာတွင် သတ်မှတ်ချိန်ထက် ၃ ရက်နောက်ကျပါက ဒဏ်ကြေးများ ပေးဆောင်ရန် သတ်မှတ်ထားပြီး ၄ ရက်နောက်ကျပါက အာမခံငွေ သိမ်းယူခြင်းအပြင် လုပ်ငန်းရှင်ကိုပါ နာမည်ပျက်စာရင်း သွင်းမည်ဖြစ်ကြောင်း တင်ဒါ စည်းကမ်းများတွင် ဖော်ပြထားသည်။
“တင်ဒါစည်းကမ်းတွေက တဖတ်သတ်ဖြစ်နေတယ်။ မျှတမှု မရှိဘူးပေါ့ဗျာ။ ဒီစည်းကမ်းတွေနဲ့ဆိုရင် ဒေသခံ ဆန်စက်လုပ်ငန်းရှင်တွေ ကုန်သည်တွေ အလုပ်မလုပ်နိုင်ကြဘူး။ အောက်ခြေကလူတွေ အလုပ်မဖြစ်ဘဲ အထက်က ကုမ္ပဏီကြီးတွေပဲ အလုပ်ဖြစ်မယ့် ပုံစံမျိုးဖြစ်နေတယ်။ အရန်ဆန်က အလန်ဆန်ဖြစ်နေတယ်ဗျ” ဟု ပုသိမ်မြို့မှ ဆန်စက်လုပ်ငန်းရှင်တဦးက ပြောသည်။
ပြီးခဲ့သည့်နှစ်တွင် စပါးဈေးနှုန်း အလွန်အမင်း ကျဆင်းနေသည့်အတွက် တောင်သူများအကြီးအကျယ် အရှုံးပေါ်ခဲ့ကြရာ ဈေးနှုန်းပြန်တက်လာစေရန် ရည်ရွယ်၍ အစိုးရက နိုင်ငံတော်အတွက် အရန်ဆန်များ ဝယ်ယူခြင်းဖြင့် ဈေးနှုန်းထိန်းပေးခဲ့သည်။ ယမန်နှစ်၏ မိုးစပါးဈေးနှုန်းမှာ တင်း ၁၀၀ လျှင်၂ သိန်း ၈ သောင်းကျပ်သာ ပေါက်ဈေး ရှိခဲ့သည်။
ယခုနှစ်တွင် နိုင်ငံတော်အရန်ဆန် ဝယ်ယူရခြင်းရည်ရွယ်ချက်ကို တိတိကျကျ မသိရသည့်အတွက် အောက်ခြေရှိ တောင်သူလယ်သမားများနှင့် ကုန်သည်စက်ပိုင်များအတွက် အကျိုးရှိမည် မထင်ကြောင်း ဦးဝင်းမြင့်လှိုင်က ပြောသည်။
“သဘောကတော့ ဒေသခံလုပ်ငန်းတွေ တောင်သူတွေ ဈေးနှုန်းတည်ငြိမ်ရေးအတွက် မဟုတ်တော့ဘူး။ သူတို့ရည်ရွယ်ချက်က နိုင်ငံတော်အတွက် အရန်ဆန်သီးသန့်ပဲ ဝယ်တယ်ဆိုတော့ နိုင်ငံတော်ကတော့ အရန်ဆန်တွေ ရသွားမှာပေါ့။ ဒါပေမယ့် ကျန်တဲ့ဒေသတွေအတွက် သူတို့မှာ ရည်ရွယ်ချက်မပါရင် ကျန်တဲ့လူတွေ မရဘူးပေါ့” ဟု ပြောသည်။
နိုင်ငံတော်အရန်ဆန် ဝယ်ယူခြင်းဖြင့် ဈေးကွက်အတွင်း ဆန်နှင့်စပါးဈေးနှုန်းများ မြင့်တက်လာဖွယ် ရှိနေသည်ဟု သူက ဆိုသည်။ လက်ရှိတွင် စပါးတင်း ၁၀၀ လျှင် ၄ သိန်း ၂ သောင်းကျပ် ပေါက်ဈေး ရှိနေသည်။
နိုင်ငံတော်မှ လက်ရှိခေါ်ယူထားသည့် အရန်ဆန်တင်ဒါအတွက် ဧရာဝတီတိုင်းမှ လျှောက်ထားလိုသူ နည်းပါးနေကြောင်း သိရသည်။
ယမန်နေ့က ပုသိမ်မြို့ရှိ ဧရာပုသိမ် ဆန်စပါးအထူးပြု ကုမ္ပဏီရုံးခန်းတွင် အရန်ဆန်ဝယ်ယူရေးအတွက် အစည်းအဝေးတရပ် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီး ဆန်စက်လုပ်ငန်းရှင် အသင်းဝင်များက တင်ဒါ စည်းကမ်းများနှင့် ပတ်သတ်၍ တောင်းဆိုချက် ၈ ချက်ကို ဖော်ထုတ်တောင်းဆိုခဲ့ကြသည်။
ဆန်များသိုလှောင်မည့်နေရာ သတ်မှတ်ပေးရန်၊ တင်ဒါပိတ်ရက်နီးကပ်နေ၍ ထပ်မံရွှေ့ဆိုင်းပေးရန် စသည်တို့ အပါအဝင် တောင်းဆိုချက် ၈ ချက်ကို တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးသိန်းအောင်၊ ရန်ကုန်ရှိ မြန်မာနိုင်ငံ ဆန်စပါးအသင်း အဖွဲ့ချုပ်နှင့် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနများကိုပါ တင်ပြသွားမည်ဟု ဦးဝင်းမြင့်လှိုင်က ပြောသည်။
ယမန်နှစ်တွင် အစိုးရက တနိုင်ငံလုံးမှ အရန်ဆန်တန်ချိန် ၄၅,၀၀၀ ဝယ်ယူခဲ့သည်။ တိုင်းပြည်အတွင်း ရေကြီးခြင်း၊ ငလျင်လှုပ်ခြင်း၊ မုန်တိုင်းတိုက်ခြင်းစသည့် သဘာဝဘေးဒဏ်များ ကြုံတွေ့ရသည့်အခါ အစိုးရက အရန်ဆန်များထုတ်ယူပြီး ကယ်ဆယ်ရေးရိက္ခာအဖြစ် အသုံးပြုလေ့ရှိသည်။