ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက အလယ်အလတ်တန်းစား ပြည်သူများအတွက် ရည်ရွယ်၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း တန်ဖိုးနည်း အိမ်ရာများ ဆောက်လုပ်ရောင်းချ ပေးသွားမည်ဖြစ်ကြောင်း သတင်းရသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းအတွက် တင်ဒါခေါ်ယူ၍ ပုဂ္ဂလိက ဆောက်လုပ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခွင့် ပေးသွားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးကျော်စိုးဦးက ပြောသည်။
ယင်း အိမ်ရာစီမံကိန်းများကို ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်တွင် ဗိုလ်ဗထူး အိမ်ရာစီမံကိန်း၊ ဗိုလ်မင်းရောင် အိမ်ရာ စီမံကိန်း၊ ပင်လုံ အိမ်ရာစီမံကိန်း စုစုပေါင်း အိမ်ရာစီမံကိန်း ၃ ခု၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်တွင် ဧရာဝတီ အိမ်ရာစီမံကိန်းနှင့် ဒဂုံမြို့သစ် အရှေ့ပိုင်း မြို့နယ်တွင် Housing Estate at University အမည်ဖြင့် ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။
တန်ဖိုးနည်းအိမ်ရာများအား ၂၀၁၅ ခုနှစ်မှစ၍ အခန်းတခန်းလျှင် အနည်းဆုံး ကျပ် သိန်း ၁၄၀ ခန့် သတ်မှတ်ထားပြီး စရံငွေ ကျပ် သိန်း ၂၀၊ ၃၀ ဝန်းကျင် နှင့် လစဉ် ကျပ် ၅ သောင်းခန့်ကို နှစ်ရှည်ပေး အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည် ဖြစ်ကြောင်း စည်ပင်သာယာရေး ကော်မတီက ပြောသည်။
အဆိုပါ အိမ်ရာစီမံကိန်းအား လစဉ် အရစ်ကျငွေ ပေးသွင်းရုံဖြင့် နေအိမ်ပိုင်ဆိုင်နိုင်မည်ဖြစ်သောကြောင့်၊ အိမ်ပွဲစားများ၊ ဝယ် ရောင်း သမားများ၏ ဈေးကစားခြင်းကြောင့် မြေဈေးမြင့်မားမှုများကို အထိုက်အလျောက်ထိန်းနိုင်မည်ဖြစ်ကြောင်းလည်း ဦးကျော်စိုးဦးက ပြောဆိုသည်။
“ရန်ကုန်မှာက နေထိုင်သူ လူဦးရေ တိုးလာတာနဲ့ အမျှ အိမ်ရာလိုအပ်ချက်တွေ ပိုရှိလာတယ်။ ဒါကြောင့် အခုလို အိမ်ရာ စီမံကိန်း ကို ဖော်ဆောင်တာပါ။ ဒီ အိမ်ရာစီမံကိန်းကြောင့်လည်း အလုပ်အကိုင် အခွင့်အလမ်းများ ရရှိလာနိုင်မှာပါ”ဟု ၎င်းက ဆိုသည်။
ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဒေါ်ညိုညိုသင်း က“ဒီ အိမ်ရာတွေကို ၁၅ နှစ်၊ နှစ်၂၀ အရစ်ကျစနစ်နဲ့ ရောင်းချမှာ ဆိုတော့ တလကို ၅ သောင်း၊ ၆ သောင်းလောက်ပဲ ပေးပြီး နေနိုင် တော့မယ်။ ဒါက ပြဿနာမဟုတ်ဘူး။ ပြဿနာက ဘာလဲဆိုတော့ စရံငွေကို သိန်း၂၀၊ ၃၀ ပေးနိုင်ဖို့ပါ”ဟု ပြောဆိုသည်။
ထို့ကြောင့် စရံငွေပေးရမည့် ကျပ် သိန်း၂၀၊ ၃၀ အား ဘဏ်က ယုံကြည်စွာဖြင့် ငွေထုတ်ချေးရန် မိမိဘက်ကလည်း ယုံကြည်မှု ရှိစေရန် ကြိုတင်၍ ငွေစုဆောင်းထားသင့်ကြောင်း ၎င်းကအကြံပေး ပြောကြားသည်။
ထိုတန်ဖိုးနည်းအိမ်ရာ စီမံကိန်းကို မြေဧက ၁၉၀ ဒသမ ၂၉ တွင် အထပ်မြင့်တိုက် ၆ ထပ်မှ ၁၂ ထပ် အဆောက်အအုံ ပေါင်း ၃၅၄ လုံး၊ အခန်းပေါင်း ၉၅၂၈ ခန်း တည်ဆောက်သွားမည် ဖြစ်ကြောင်း သိရသည်။
“ဒီစီမံကိန်းက အခြေခံလူတန်းစားတွေအတွက် မဟုတ်ဘူး။ အလယ်အလတ်တန်းစားပြည်သူတွေအတွက် ဆောင်ရွက်မယ့် စီမံ ကိန်းပဲဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ စီမံကိန်းက ကောင်းမွန်တယ်လို့ မြင်ပါတယ်”ဟု ဒေါ်ညိုညိုသင်းက ဧရာဝတီသို့ ပြောသည်။
ထို့ပြင် နိုင်ငံတကာတွင်လည်း အိမ်တလုံး ပိုင်ဆိုင်လိုသူများသည် သိန်း၂၀၊ ၃၀ ခန့် စုဆောင်းပြီး ငွေပေးသွင်းကာ အရစ်ကျ ငွေချေ စနစ်ဖြင့် ဝယ်ယူကြသကဲ့သို့ ယခု စည်ပင်မှ တည်ဆောက်မည့် တန်ဖိုးနည်းအိမ်ရာ၏ နှုန်းထားသည် နိုင်ငံတကာမှ နှုန်းထားများ အတိုင်းပင် ဖြစ်သည် ဟု ၎င်းက ဆိုသည်။
တန်ဖိုးနည်းအိမ်ရာများသည် သာမန်အခြေခံလူတန်းစားများ ဝယ်ယူနိုင်သည့် ဈေးနှုန်းများမဟုတ်ဘဲ ဈေးနှုန်းမြင့်မားမှု ကြောင့် အလယ်အလတ်တန်းစား ပြည်သူများသာ ဝယ်ယူနိုင်သည်ကို အများဆုံးမြင်တွေ့နေရသည်။
တော်ဝင်မိသားစုဆောက်လုပ်ရေး ကုမ္ပဏီမှ ဦးကိုကိုထွေးက“တန်ဖိုးနည်းအိမ်ရာတွေ ဈေးကြီးတာက မြေဖိုးတွေထည့်တွက် ထား ရလို့ပါ။ မြေဖိုးကို ဈေးသက်သက်သာသာရရင်၊ အစိုးရ က မြေဖိုးမယူရင်၊ ဆောက်လုပ်ရေးကုမ္ပဏီတွေကလည်း အရှုံးခံပြီး ဆောက် မယ် ဆိုရင် တန်ဖိုးနည်းအိမ်ရာ တွေက ဈေးသက်သာလာမှာပါ”ဟု ပြောသည်။
အဆိုပါ တန်ဖိုးနည်းအိမ်ရာစီမံကိန်းနှင့် ပတ်သက်ပြီး အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်း လုပ်ကိုင်နေသူအများစုကလည်း စည်ပင်မှ တင်ဒါပေး၍ တည်ဆောက်မည့်အိမ်ရာစီမံကိန်းသည် အခြေခံလူတန်းစားများအတွက် အဓိက ဖြစ်သင့်ပြီး ယခု တန်ဖိုးထက် နည်း သင့်ကြောင်း ပြောဆိုကြသည်။