အလုပ်လျှောက်ထားရာတွင် တင်ပြရသော အထောက်အထား မူရင်းများကို လုပ်ငန်းရှင်များက သိမ်းဆည်းထားပါက အလုပ် သမားများ အနေဖြင့် တိုင်ကြားနိုင်ကြောင်းနှင့် ထိရောက်စွာ အရေးယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အလုပ်သမားဝန်ကြီး ဌာနက ပြောသည်။
သက်ဆိုင်ရာ မြို့နယ်အလုပ်သမား ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးများနှင့် အလုပ်ရုံနှင့် အလုပ် သမား ဥပဒေ စိစစ်ရေးဌာနများသို့ လူကိုယ်တိုင်သော်လည်းကောင်း၊ စာရေး၍ သော်လည်းကေင်း တင်ပြတိုင်ကြားနိုင်ကြောင်း သိရသည်။
“ဝန်ထမ်းတယောက်ရဲ့ကိုယ်ပိုင်အထောက်အထား၊ စာရွက်စာတမ်း၊ အချက်အလက်တွေကို လုပ်ငန်းရှင်တွေက သိမ်းမယ်ဆိုရင် တိုင်ကြားလို့ရတယ်၊ ဒီလိုမျိုးသိမ်းထားဖို့ ဌာနကခွင့်ပြုမထားဘူး၊ သိမ်းခွင့်လည်း လုံးဝမရှိဘူး”ဟု အလုပ်သမားရေးရာ ဆက်ဆံရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးသန်းဝင်းက ပြောဆိုသည်။
အလုပ်သမားများ၏ ပညာအရည်အချင်း ထောက်ခံစာ၊ဘွဲ့လက်မှတ်မူရင်း၊ မှတ်ပုံတင်မူရင်းများကို ကုမ္ပဏီလုပ်ငန်းရှင်များက သိမ်း ဆည်း ထားခြင်းများ ရှိနေကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဝန်ထမ်းခေါ်ယူရာတွင် အရည်အချင်း၊ အသက် စသည့် ကိုယ်ရေး အချက်အလက် လိမ်လည် လျှောက်ထားနိုင်သည့်အပေါ် အထောက်အထား မှန်ကန်ခြင်း ရှိမရှိကိုသာ စိစစ်ခြင်း ဖြစ်သင့်ကြောင်း လည်း ၎င်းက ဆိုသည်။
ရန်ကုန်မြို့နှင့် နယ်မြို့တချို့ရှိ ပုဂ္ဂလိက ကုမ္ပဏီများတွင် ဝန်ထမ်းများ၏ ကိုယ်ရေးမှတ်တမ်းဆိုင်ရာ အချက်အလက် မူရင်းများကို ကုမ္ပဏီလုပ်ငန်းရှင်များက လုပ်ငန်းစတင်ဝင်ချိန်တွင် သိမ်းဆည်းလိုက်သည့် အတွက် လုပ်ငန်းကူးပြောင်းခြင်း၊ လစာ တိုးလိုခြင်း၊ အလုပ်မှထွက်လိုခြင်း၊ အခြား ကိုယ်ရေးကိုယ်တာ ကိစ္စများ ဆောင်ရွက်လိုသည့်အခါတွင် အခက်အခဲများ ရှိနေကြောင်း သိမ်း ဆည်း ခံရသည့် အလုပ်သမားများက ပြောသည်။
“နိုင်ငံသား စိစစ်ရေးကတ် မူရင်းနဲ့ ဘွဲ့လက်မှတ်ကို အလုပ် စဝင်ကတည်းက သိမ်းထားလိုက်တယ်။ သူတို့က အစတုန်းကတော့
စစ်ဆေးမလို့ဆိုပြီး ပြောတာပါ။ ပြန်တောင်းတော့ အလုပ်ဝင်တာ တနှစ်ပြည့်မှ ပြန်ပေးမယ် ပြောတယ်။ အလုပ်ထွက်ချင်ပေမယ့် ထွက်လို့မရဘူး။ ဒီကိစ္စတိုင်ချင်ပေမယ့်လည်း ဘယ်လိုတိုင်ရမှန်း မသိဘူးဖြစ်နေတယ်”ဟု ရန်ကုန်မြို့ရှိနာမည်ကြီး သင်္ကန်းတိုက် တခုတွင် အလုပ်လုပ်နေသူ မမိုးမိုးထွေးက ပြောပြသည်။
ထိုသို့ သိမ်းဆည်းခံနေသည့်အတွက် အလုပ်သမားများအနေဖြင့် လစာနည်းပါးသော်လည်း ဆက်လက်လုပ်ကိုင်နေရခြင်း၊ အခြား လုပ်ငန်းများဆောင်ရွက်ခွင့် မရခြင်း စသည့် အခက်အခဲများနှင့် ကြုံတွေ့နေရကြောင်းလည်း သိရသည်။
ကရင်ပြည်နယ် ဘားအံ မြို့ပေါ်ရှိ ဟိုတယ် ဝန်ထမ်းတဦးဖြစ်သူ ကိုအောင်မင်းနိုင်ကလည်း“ဟိုတယ်မှာ အလုပ်စဝင်တည်းက ဘွဲ့လက်မှတ်မူရင်းကို ဟိုတယ်က သိမ်းလိုက်တယ်။ အလုပ်ကိုနှစ်ပြည့် လုပ်မှ ပြန်ပေးမယ် ဆိုတော့ အခက်တွေ့နေရတယ်။ အခု အလုပ်က လစာကိုလည်း အပြည့် မပေးဘူး။ အချိန်ပိုတွေ ဆင်းရတယ်။ အရင်ပြောထားတဲ့ လစာ မရတော့ အလုပ်ထွက်ချင်ပေ မယ့် ထွက်လို့မရဘူး”ဟု ပြောဆိုသည်။
တချို့အလုပ်သမားများသည် အလုပ်ရရှိရေးကိုသာ ဦးစားပေးပြီး လုပ်ငန်း စည်းမျဉ်း စည်းကမ်းများကို သေချာဖတ်ရှုခြင်း မရှိကြောင်း၊ အလုပ်ရှင် အလုပ်သမား ပြဿနာဖြစ်ပွားခဲ့ပါက အလုပ်ထုတ်ခံရခြင်း၊ အလုပ်သမား၏ ကိုယ်ပိုင် အထောက်အထား များကို သိမ်းထားခြင်းများ ပြုလုပ်ခံနေကြရကြောင်းလည်း သိရသည်။
“ဒီလိုပြဿနာမျိုး ကောင်စီကို လာတိုင်တာမျိုး မရှိသေးဘူး။ အထောက်အထားတွေကို အလုပ်ရှင်က သိမ်းထားတာကတော့ အဓိပ္ပာယ် မရှိဘူးလို့ မြင်တယ်။ ဒါဟာ အလုပ်သမားအပေါ် ဖိအားပေးနေတာပဲ”ဟု အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်း ရေး ခုံသမာဓိ ကောင်စီဝင် ကိုရဲနိုင်ဝင်းက ပြောသည်။
အဆိုပါ နိုင်ငံသားစိစစ်ရေးကတ်၊ ဘွဲ့လက်မှတ် စသည့် အထောက်အထားများသည် နိုင်ငံသားတိုင်း၏ ကိုယ်ပိုင် သိမ်းဆည်း ထားရမည့် အခွင့်အရေး ရှိကြောင်း၊ အလုပ်ရှင်များက သိမ်းဆည်းထားခွင့် မရှိကြောင်း၊ ယင်း ကိစ္စရပ်ကို ခုံသမာဓိ ကောင်စီသို့ တင်ပြ တိုင်ကြားပါက ဥပဒေအရ ဖြေရှင်းပေးသွားမည် ဖြစ်ကြောင်း၊ လုပ်ငန်းရှင်များနှင့် ညှိနှိုင်းမရပါက သက်ဆိုင်ရာမြို့နယ်၏ အလုပ်သမား ဥပဒေစိစစ်ရေး အဖွဲ့သို့ တင်ပြကာ အရေးယူ ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်းလည်း ၎င်းကဆိုသည်။
အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု ဖြေရှင်းပေးရေး ကောင်စီ၌ လက်ရှိတွင် အလုပ်သမားများ လုပ်ခလစာမရသည့် ပြဿနာနှင့်
အလုပ်ဖြုတ်ခံရသည့် ပြဿနာများကိုသာ ဖြေရှင်းပေးနေရကြောင်း သိရသည်။