နယ်စပ်ဒေသမှ ပြည်တွင်းသို့ တရားမဝင် ကူးသန်းရောင်းဝယ်နေသော ကုန်သွယ်သူများ အားလုံးကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှ စတင်ပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူသွားရန် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ညွှန်ကြားထားကြောင်း သိရှိရသည်။
ဒု သမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး ရာထူးမှ နုတ်ထွက်သွားပြီးနောက် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက ကုန်သွယ်ရေးနှင့် သက်ဆိုင်သော ကဏ္ဍကို လွှဲပြောင်းတာဝန်ယူခဲ့ကြောင်း၊ ယင်းနောက် တရားမဝင် ကုန်စည်စီးဆင်းမှုကို ဟန့်တားနိုင်ရေးအတွက် ဝန်ကြီးဌာနများနှင့် ဒေသခံ တိုင်း/ပြည်နယ် အစိုးရများပါဝင်သော အထူးအစည်းအဝေးများ ဆက်တိုက်ကျင်းပပြီး ရွေ့လျားစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းစေခဲ့ကြောင်း၊ ယင်းအဖွဲ့များသည် တရားမဝင် ကုန်သွယ်မှုများကို ရှာဖွေဖမ်းဆီးပြီး ပထမအဆင့် ပညာပေးခြင်းများ ပြုလုပ်စေကာ ပညာပေးကာလ ကျော်လွန်ပါက တရားမဝင် ကုန်ပစ္စည်းများကို ဖမ်းဆီးအရေးယူခြင်း၊ တရားမဝင် ကုန်သွယ်သူများကို ဖော်ထုတ် တရားစွဲဆိုခြင်းများ ပြုလုပ်ရန် ဒေါက်တာ စိုင်းမောက်ခမ်းက ညွှန်ကြားထားကြောင်း ဝန်ကြီးဌာနများထံမှ သတင်းရရှိသည်။
ရွေ့လျားစစ်ဆေးရေးအဖွဲ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာန၊ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန၊ အကောက်ခွန်ဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်၊ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနနှင့် မီဒီယာများ ပါဝင်ကြောင်း သိရှိရသည်။
“Mobile Team တွေနဲ့ ကုန်ကားတွေကိုစစ်ပြီး တရားမဝင် ကုန်သွယ်တာတွေကို ပညာပေးနေပါတယ်။ ပညာပေးကာလ ၃ လ သတ်မှတ်ထားတာ လာမယ့် ဒီဇင်ဘာလ ၃၁ ရက်နေ့ဆိုရင် ပညာပေး ကာလသက်တမ်း ကုန်ပါပြီ။ အဲဒါကြောင့်မို့လို့ နောက်ပိုင်းဆိုရင်တော့ တရားမဝင် ကုန်သွယ်တာတွေကို ပြည်သူ့ဘဏ္ဍာသိမ်းမယ်။ တရားမဝင် ကုန်တွေတင်လာတဲ့ ကားဒရိုင်ဘာ၊ စပယ်ယာ၊ နောက်ကွယ်ကနေ တရားမဝင် ကုန်သွယ်တဲ့သူ တွေအားလုံး ဖော်ထုတ် အရေးယူသွားဖို့ ရှိပါတယ်” ဟု မြဝတီ-ရန်ကုန် လမ်းတလျှောက်တွင် စစ်ဆေးရေး ဆောင်ရွက်နေသော နယ်စပ်ကုန်သွယ်ရေး ဦးစီးဌာနမှ ဒု ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦးက ဧရာဝတီသို့ ပြောသည်။
လတ်တလော စစ်ဆေးချက်များအရ တရားမဝင် ကုန်သွယ်မှုများကို စစ်ဆေးလျက်ရှိရာတွင် ပုံစံနှစ်မျိုးဖြင့် ကုန်သွယ်နေသည်ကို တွေ့ရှိရကြောင်း၊ ကန့်သတ် ကုန်ပစ္စည်းများကို တရားမဝင် သယ်ယူခြင်းနှင့် ခွင့်ပြုထားသော ကုန်ပစ္စည်းများကို လိုင်စင်မလျှောက်ဘဲ တင်သွင်းခြင်း နှစ်မျိုး တွေ့ရကြောင်း သိရှိရသည်။
“အရက်၊ ဘီယာ၊ ဝေဖာ၊ တရားမဝင် ဆေးဝါးအပါအဝင် ကန့်သတ်ပစ္စည်း ၁၅ မျိုး တင်သွင်းခွင့် ပိတ်ပင်ထားတယ်။ အထူးသဖြင့် ထိုင်းနိုင်ငံထုတ် အရက်၊ ဘီယာတွေ အများဆုံး သယ်ကြတယ်။ လောလောဆယ်တော့ တနေ့ကို သိန်းရာဂဏန်းဖိုးလောက် ဖမ်းမိတယ်” ဟု ဦးသိန်းထွန်းဦးက ဆိုသည်။
ဖမ်းဆီးရရှိသည့် ကန့်သတ်ကုန်ပစ္စည်းများတွင် ထိုင်းနိုင်ငံထုတ် Chang (ဆင်နှစ်ကောင်) ဘီယာ၊ Spy ဝိုင်၊ Singha ဘီယာများ အများဆုံး ဖမ်းဆီးရရှိနေသည်ဟု သိရှိရသည်။
တရားဝင် လိုင်စင်ထုတ်ပေးလျက်ရှိသော ကုန်ပစ္စည်းများကို လိုင်စင်မလျှောက်၊ အခွန်မဆောင်ဘဲ သယ်ယူမှုကိုလည်း နေ့စဉ် စစ်ဆေးဖမ်းဆီးရရှိကြောင်း သိရသည်။
ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ ရွေ့လျားစစ်ဆေးရေးအဖွဲ့များ ဖွဲ့စည်းပြီး စစ်ဆေးခိုင်းသည့် စီမံချက်အပေါ် ကုန်သည်များနှင့် ပြည်ထောင်စု ဝန်ကြီးများအကြား မကျေလည်မှုများ ရှိနေကြောင်း၊ အထူးသဖြင့် ကုန်သွယ်မှု စီးဆင်းရေးကို အဟန့်အတားဖြစ်စေပြီး လာဘ်ပေးလာဘ်ယူမှုများ တကျော့ပြန် ဖြစ်ပေါ်လာနိုင်သည်ဆိုသော စိုးရိမ်မှုရှိကြကြောင်း၊ လတ်တလောတွင် နယ်မြေ အေးချမ်းမှုမရှိသည့် ဒေသများ၌ ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၏ စီမံချက်မှာ မအောင်မြင်ကြောင်း သိရှိရသည်။
“နယ်မြေအေးချမ်းမှု မရှိတဲ့ဒေသတွေမှာ Mobile Team ရဲ့ စစ်ဆေးမှုတွေက မအောင်မြင်ဘူး။ လုံခြုံရေးအရ နေ့ဘက်ပဲ စစ်ပြီး ညဘက်တွေမှာ Mobile Team က ကုန်ကားတွေကို မစစ်ရဲဘူး။ အဲဒီတော့ ညဆိုရင် တရားမဝင် ကုန်သွယ်ကားတွေ တန်းစီပြီး ထွက်ကြတယ်။ မူဆယ်လမ်းကြောင်းမှာဆိုရင် ရှောင်ကွင်းလမ်းတွေက များတယ်။
ရှောင်ကွင်းလမ်းတွေမှာကလည်း ဒေသခံအာဏာပိုင်တွေပဲ ဂိတ်ဖွင့်တောင်းနေကြတာ။ အပေါ်က တင်းကျပ်လေလေ အောက်မှာက ပိုပြီးအလုပ်ဖြစ်နေတာတွေ အများကြီးပဲ” ဟု နယ်စပ်ဒေသနှင့် ဆက်စပ်ကုန်သွယ်နေသူ ကုန်သည်တဦးက ရှင်းပြသည်။
ရွေ့လျားစစ်ဆေးရေး အဖွဲ့များ ဖွဲ့စည်းပြီး တရားမဝင် ကုန်သွယ်မှုများ စစ်ဆေးပြီးနောက် တရားဝင် ကုန်သွယ်မှု ပမာဏအနည်းငယ် မြင့်တက်လာကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနထံမှ သိရှိရသည်။
ရွေ့လျားစစ်ဆေးရေး အဖွဲ့တွင် ပါဝင်တာဝန်ထမ်းဆောင်သည့် အစိုးရဝန်ထမ်းများသည် အဖွဲ့တွင် တာဝန်မထမ်းဆောင်မီ ပိုင်ဆိုင်မှုများ တင်ပြကြေညာရကြောင်း သိရသည်။