ဂျပန်နိုင်ငံတွင် လက်ရှိအသုံးပြုနေသော ဘဏ်လုပ်ငန်းဆိုင်ရာ နည်းစနစ်များနှင့် နည်းပညာများကို အကူအညီပေးရန် ဂျပန်နိုင်ငံမှ Bank of Tokyo Mistsubishi UFJ (BTMU) က မြန်မာနိုင်ငံမှ သမဝါယမဘဏ်လီမီတက်(CB Bank) နှင့် နားလည်မှု စာချွန်လွှာ လက်မှတ်ရေးထိုးလိုက်ပြီဖြစ်သည်။
ရန်ကုန်မြို့ ဆီဒိုနား ဟိုတယ်၌ ဒီဇင်ဘာ ၂၇ရက်တွင် လက်မှတ်ရေးထိုးခဲ့ရာ BTMU မှ ကျွမ်းကျင်သူများက ကုန်သွယ်မှုဆိုင်ရာ ငွေကြေးလွှဲပြောင်းမှုနှင့် ငွေကြေးလဲလှယ်မှုတို့ အဆင်ပြေစေရန် CB ဘဏ်ကို ကူညီဆောင်ရွက်ပေးနိုင်မည် ဟု သိရသည်။
CB ဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က “ကျနော်တို့နဲ့ ဂျပန်နိုင်ငံရဲ့ BTMU ဘဏ်လုပ်ငန်းတို့ဟာ မြန်မာနိုင်ငံအတွင်းမှာ ကုန်သွယ်မှု၊ ကုန်ပို့ ကုန်ရောင်း၊ ပွဲစား လုပ်ငန်းတွေအပြင် နိုင်ငံခြားငွေလဲလှယ်ရေးလုပ်ငန်း၊ ဘဏ်လုပ်ငန်းဆိုင်ရာ နည်းပညာ အကူအညီပေးရေး လုပ်ငန်းတွေကို လုပ်ဆောင်သွား မှာဖြစ်တယ်” ဟု ဧရာဝတီကို ပြောဆိုသည်။
ဂျပန်နိုင်ငံ၏ အကြီးဆုံးဘဏ်ကြီးဖြစ်သော BTMU ဘဏ်ကလည်း “အလျှံပယ်ဖြစ်နေသော သယံဇာတ၊ ကြီးထွားနေသော လူဦးရေတို့နှင့်အတူ ပြည်တွင်းဝယ်လိုအား တိုးတက်မည်ဟု မျှော်လင့်နိုင်သည့်” မြန်မာနိုင်ငံတွင်းသို့ ဝင်ရောက်လုပ်ကိုင်လိုသော ဂျပန်ကုမ္ပဏီများကို ကူညီရန် ရည်ရွယ်သည်ဟု ထုတ်ပြန်ကြေညာထားသည်။ ဟွန်ဒါအပါအဝင် ဂျပန်ကုမ္ပဏီကြီးများ မြန်မာနိုင်ငံတွင် ဝင်ရောက်ပြီး ကုန်ထုတ်လုပ်ရေးလုပ်ကိုင်နိုင်ရေး ဆုံးဖြတ်ထားကြသည်။
“အခုလို ဂျပန်နိုင်ငံနဲ့ ပူးပေါင်းတာ အရမ်းကောင်းပါတယ်။ အရင်တုန်းကလည်း ဂျပန်နိုင်ငံက မြန်မာနိုင်ငံရဲ့ အကြွေးတွေ လျှော်ပေးထားတာ၊ ဂျပန်က ကိုယ့်တိုင်းပြည်ကို စေတနာရှိတဲ့နိုင်ငံဖြစ်တယ်။ သူတို့နဲ့ပူးပေါင်းဆောင်ရွက်မယ်၊ နည်းပညာတွေ ယူမယ်၊ တိုးတက်အောင် လုပ်မယ်။ နောက်ပိုင်းဆို အိမ်နီးချင်းတွေနဲ့ ယှဉ်ပြိုင်မှုတွေ လုပ်နိုင်မယ်” ဟု ကမ္ဘောဇဘဏ် ဒုဥက္ကဌ ဦးသန်းလွင်ကလည်း ပြောဆိုသည်။
စက်တင်ဘာလအတွင်းကလည်း နာမည်ကြီး MasterCard ကလည်း CB ဘဏ်ကို ၎င်းအမည်ဖြင့် ငွေချေးကဒ်များထုတ်ပေးခွင့် ပြုခဲ့သေးသည်။