မြန်မာနိုင်ငံ၏လူသိများသည့်စီးပွားရေးလုပ်ငန်းရှင် ဦးတေဇက၎င်းပိုင်ဆိုင်သောအာရှစိမ်းလန်းဖွံ့ဖြိုးမှုဘဏ်(AGD) လုပ်ငန်းကိုအများပိုင်အဖြစ် ပြောင်းလဲရန်ပြင်ဆင်နေပြီဖြစ်ကြောင်းယင်းဘဏ်၏ တာဝန်ရှိသူထံမှ သတင်းရရှိသည်။
AGD ၏ အင်တာနက်လူမှု ကွန်ယက်စာမျက်နှာfacebook ပေါ်တွင်လည်းထိုအစီအစဉ်နှင့် ပတ်သတ်ပြီးတရားဝင် ရေးသား ဖော်ပြထားသည်ကို တွေ့ရသည်။
အများပိုင်အဖြစ် ပြောင်းလဲရန် မြန်မာ နိုင်ငံတော်ဗဟိုဘဏ်၏ခွင့်ပြုချက်ကို ရရှိပြီးဖြစ်၍ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၏ခွင့်ပြုချက်ကို စောင့်ဆိုင်းနေကြောင်းအဆိုပါဘဏ်၏ တာဝန်ရှိသူ တချို့က ပြောကြားသည်။
ယခင် စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ဟုလူသိများ ကျော်ကြားသည့်ဦးတေဇ၏AGD ဘဏ်သည်၎င်းတို့၏ဘဏ်ဝန်ထမ်းများ အားလုံးကိုဘဏ်၏ပိုင်ဆိုင်မှု တစိတ်တဒေသအားရှယ်ယာစနစ်ဖြင့် ပေးအပ်မည်ဖြစ်ကြောင်း၊ဘဏ်အတွင်း အစုရှယ်ယာဝယ်ယူခြင်းဖြင့် ဝင်ငွေ တိုးပွားလာစေရန် ရည်ရွယ်ကြောင်း သိရသည်။
ထို့အပြင်မြန်မာနိုင်ငံ၏ စတော့ရှယ်ယာ စင်တာများတွင်အများပိုင် ကုမ္ပဏီတခု အနေဖြင့် ပါဝင်ဆောင်ရွက် နိုင်ရန်ကြိုတင် ပြင်ဆင်ခြင်းလည်း ဖြစ်ကြောင်းAGD ၏တာဝန်ရှိသူတချို့က ရှင်းပြသည်။
AGD ဘဏ်သည် မြန်မာပြည်တွင် ၆ ခုမြောက် အများပိုင်ဘဏ် ဖြစ်လာသည့်လုပ်ငန်းစုတခု ဖြစ်လာမည်ဟု သိရသည်။
အဆိုပါ ဘဏ်သည်ပြည်တွင်း ပုဂ္ဂလိကဘဏ်တချို့ အပြိုင်အဆိုင် လုပ်ဆောင်နေသည့်အီလက်ထရွန်းနစ် နည်းပညာသုံးငွေပေးချေရေး ကတ်များ ဖြစ်သည့် Visa နှင့်Master လုပ်ငန်းများတွင်ပါဝင်လာခြင်း မရှိခဲ့ပေ။
AGD ဘဏ်သည်လက်ရှိအချိန်တွင်တနိုင်ငံလုံး၌ဘဏ်ခွဲပေါင်း၂၅ ခုကို ဖွင့်လှစ်ပြီးဖြစ်ကာလာမည့်လ အတွင်းတွင်၂၉ ခုအထိ ရှိလာမည်ဟု သိရသည်။