အသက်ဝင်လာသည့် မြန်မာ့ စီးပွားရေး လောကသို့ ထူးထူးခြားခြား စီးပွားရေး လုပ်ငန်းများကို စွန့်စားလုပ်ဆောင်လာသည် ကို တွေ့ရသည်။ ဝိုင်အရက် လုပ်ငန်း၊ ဟိုတယ်ခန်း မလုံလောက်မှုကို ဖြေရှင်းပေးရာ ရောက်သည့် ရွက်ဖျင်တဲထိုး အပျော် ခရီးသွားလုပ်ငန်း၊ တောတွင်း ခရီးသွား လုပ်ငန်း၊ မိုးပျံပူဖောင်းစီးပြီး ဝန်းကျင်ကို ကြည့်ရှုခံစားရင်း ခရီးသွားလုပ်ငန်း စသည့် လုပ်ငန်းများ ပါဝင်သည်။
ယင်း ထူးထူးခြားခြား လုပ်ငန်းများသည် ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးမှုဆိုင်ရာ အခြေခံ အဆောက်အအုံများ ပြည့်စုံမှု နည်းပါးနေသေးသည့် အချိန်မှာပင် တိုးတက်လာနေသောကြောင့် မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်း အရှိန်မြင့်လာခဲ့သည်ဟု ဆိုရမည်။
ဟိုတယ်နှင့် ခရီးသွား ဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးဌေးအောင်က မြန်မာနိုင်ငံသို့ နိုင်ငံခြားခရီးသွားများ ပိုမို လာရောက်လျက် ရှိရာ ၂၀၁၂ ခုနှစ်တွင် ခရီးသွား ဦးရေ ၁ သန်းခန့် ရှိပြီး ယင်းသို့ လာရောက်သူများအနက် ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ရောက်ရှိလာသူများမှာ ၂၀၁၁ ခုနှစ်ကထက် ၅၀ ရာခိုင်နှုန်း ပိုမိုများပြားကြောင်း ဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားများ အဓိက ကြုံတွေ့ရသည့်ပြဿနာမှာ တည်းခိုခန်း မလုံလောက်ခြင်း ဖြစ်သည်။ သို့သော်လည်း တချို့ နိုင်ငံခြားသား ခရီးသွားများသည် ဇိမ်ကျကျ နေထိုင်တည်းခိုခြင်းထက် စိတ်လှုပ်ရှား စွန့်စားရခြင်းမျိုးအတွက် ငွေကြေးပိုမို သုံးစွဲလိုကြသည်။
ထို့ကြောင့် ဗြိတိန် အားလပ်ရက် စူးစမ်းလေ့လာရေး ခရီးသွားလုပ်ငန်းက ၁၄ ရက်ကြာ တောင်တက် ခရီးကြမ်း သွားလာရေး အစီအစဉ်တခု ပြုလုပ်ခဲ့သည်။ ခရီးစဉ် တခုလုံးအတွက် အမေရိကန် ဒေါ်လာ ၅၃၂၀ ကုန်ကျပြီး၊ မွန်ပြည်နယ် ကျိုက်ထီးရိုးတောင် စေတီအား တက်ရောက် ကြည်ညိုသည့် ခရီးစဉ်လည်း ပါဝင်သည်။ ကျိုက်ထီးရိုးတောင်သည် အမြင့်မီတာ ၁၀၀၀ ရှိပြီး ဘာသာရေး အထွဋ် အမြတ် ထားရာလည်း ဖြစ်သည်။
ဆယ်စုနှစ်များစွာ အထီးကျန် နေခဲ့ရသည့် မြန်မာနိုင်ငံသည် မကြာသေးမီ အချိန်ကမှ နိုင်ငံတွင်းသို့ ခရီးသွားများ လာရောက် လည်ပတ်ခြင်းကို ခွင့်ပြုခဲ့သည်။ ဤသို့ ဆယ်စုနှစ်ပေါင်းများစွာ အထီးကျန်နေထိုင်ခဲ့သဖြင့် မြန်မာတို့၏ လူနေမှုစနစ်မှာ ခေတ်မီလူ့ အဖွဲ့အစည်း၊ မျက်မှောက်ခေတ် လူ့အဖွဲ့အစည်းနှင့် များစွာ အလှမ်းဝေးလျက်ရှိသည်ဟု ဗြိတိန် အားလပ်ရက် စူးစမ်းလေ့လာရေး ခရီးသွားလုပ်ငန်း လမ်းညွှန်၌ ရေးသားထားသည်။ “ဒီလို မြန်မာနိုင်ငံရဲ့ စိတ်ဝင်စားဖွယ် အကြောင်းတွေ သိရပြီးတော့ ကျနော်တို့ ဝေးလှမ်း သီခေါင်တဲ့ နေရာတွေကို ခရီးကြမ်း နှင်ကြတယ်။ မြန်မာနိုင်ငံရဲ့ သွားသင့်တဲ့ နေရာတွေ သွားကြတယ်။ ရှမ်းပြည်နယ်မှာ ရှိတဲ့ တောင်ပေါ် တိုင်းရင်းသား လူမျိုးစုတွေ ဆီကိုရောပေါ့” ဟု ခရီးစဉ်မှာ ပါဝင်သူများက ပြောဆိုသည်။
မြန်မာနိုင်ငံသို့ လာရောက် လည်ပတ်ကြသည့် ခရီးသွားများအတွက် နေရာထိုင်ခင်း မလုံလောက်မှုကို ဖြေရှင်းနိုင်ရန် ရည်ရွယ်၍ ရွက်ဖျင်တဲ ဟိုတယ်များကို ပုဂံဒေသတွင် တည်ဆောက်နေပြီ ဖြစ်သည်။ ထို့ကြောင့် မကြာမီ ကာလအတွင်း ခရီးသွား ဧည့်သည်များ တည်းခိုနိုင်တော့မည် ဖြစ်သည်။ ထို့အပြင် ခရီးသွားများသည် မိုးပျံပူဖောင်းကို အခကြေးငွေပေး၍ စီးနင်းလိုက်ပါပြီး ရှေးဟောင်းမြို့တော် ပုဂံဒေသကို အပေါ်စီးမှ ချမ်းမြေ့ပျော်ရွှင်စွာ ကြည့်ရှုနိုင်သည်။
ဗီယက်နမ်အခြေစိုက် The Apple Tree ကုမ္ပဏီသည် ဧရာဝတီ မြစ်နံဘေးတွင် လေအေးပေးစက် တပ်ဆင်ထားသည့် ရွက်ဖျင်တဲ ဟိုတယ်များ တည်ဆောက်လျက် ရှိပြီး ဧပြီလတွင် ဖွင့်လှစ်မည်ဟု သိရသည်။ ရွက်ဖျက်တဲ ဟိုတယ် အခန်းရမ်းခ ဈေးနှုန်းကိုမူ ကြေညာခြင်း မရှိသေးချေ။
“အရှေ့တောင် အာရှမှာ ပုဂံဟာ လူတွေ အသွားချင်ဆုံး နေရာတခုပဲ” ဟု ရွက်ဖျင်တဲ တည်ဆောက်ရေး စီမံချက်နှင့် ပတ်သက်သည့် သတင်းထုတ်ပြန်ချက် တခုတွင် မန်နေဂျာ Mr. Kurt Walter က ပြောသည်။ ၎င်းက ဆက်၍ “မြန်မာနိုင်ငံကို ခရီးသွားသူတိုင်း စိတ်ဝင်စား ကြတယ်လေ။ အထူးသဖြင့် ပုဂံဟာ မြန်မာနိုင်ငံရဲ့ ဆွဲဆောင်မှု အရှိဆုံးနေရာပါပဲ” ဟု ပြောသည်။
ရန်ကုန်အခြေစိုက် “ရွှေလေတံခွန်” ခရီးသွားလုပ်ငန်း ကုမ္ပဏီသည် ပုဂံဒေသတွင် မိုးပျံပူဖောင်း စီး၍ လှည့်လည် ကြည့်ရှု နိုင်အောင် စီစဉ်ပေးသည့် ကုမ္ပဏီဖြစ်သည်။ ၄၅ မိနစ်ကြာ မိုးပျံပူဖောင်းစီး၍ လှည့်လည်မည်ဆိုလျှင် အမေရိကန် ဒေါ်လာ ၃၆၀ ကျသင့်သည် ဟု သိရသည်။
ပုဂံဒေသအား မိုးပျံပူဖောင်းဖြင့် လှည့်လည် ကြည့်ရှုသည့် အစီအစဉ်မှာ စမ်းသပ် အစီအစဉ်တခု ဖြစ်သည်။ ရွှေလေတံခွန် ခရီးသွားလုပ်ငန်းသည် မိုးပျံပူဖောင်းများကို ဗြိတိန်နိုင်ငံမှ ဝယ်ယူတင်သွင်းခြင်း ဖြစ်ပြီး၊ ယခုနှစ် နှောင်းပိုင်းတွင် မြန်မာနိုင်ငံ အနှံ့ ၆ ရက်ကြာ ခရီးစဉ်များကို လူတဦးလျှင် အမေရိကန် ဒေါ်လာ ၈၀၀၀ နှုန်းဖြင့် လှည့်လည် ကြည့်ရှုနိုင်ရန် စီစဉ်ပေးမည် ဟု သိရသည်။
နှစ်ငါးဆယ်ကြာ အထီးကျန် နေထိုင်ခဲ့ရပြီး မကြာခင်ကမှ လွတ်မြောက်လာသည့် နိုင်ငံ၊ လူဦးရေအများစုက ဆင်းရဲမွဲတေလျက် ရှိသည့်နိုင်ငံ၊ လျှပ်စစ်မီး မှန်မှန်မရသည့် နိုင်ငံ စသည့် အားနည်းချက်တွေ ရှိနေသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ လုပ်ငန်းများ လုပ်ကိုင်ခြင်း၊ ဈေးနှုန်းသတ်မှတ်ချက်များသည် အဆင်မပြေ အချိုးမကျသလို ဖြစ်နေသည်ဟု ဆိုနိုင်ပါသည်။
ဤသို့ အခြေအနေတွင် စွန့်စားပြီး လာရောက် ရင်းနှီးမြှုပ်နှံကြသည့် လုပ်ငန်းရှင်များတွင် ရှေ့တန်းရောက်သူများမှာ ပြင်သစ်နှင့် ဂျာမန် လူမျိုးများဖြစ်ပြီး ၎င်းတို့သည် ရှမ်းကုန်းပြင်မြင့်တွင် စပျစ်ပင်များကိုလည်း စိုက်ပျိုးကြသည်။ ဒေသထုတ် ဝိုင်အရက်များကို တရုတ်ပြည်နှင့် အရှေ့တောင်အာရှ နိုင်ငံတချို့သို့ တင်ပို့ရောင်းချနေခဲ့ပြီး မကြာခင်၌ အခြားဈေးကွက်များသို့လည်း တင်ပို့ရောင်းချနိုင်မည်ဟု မျှော်လင့်ရသည်။
Red Mountain Estate ဟု အမည်ရသည့် ဝိုင်အရက်လုပ်ငန်းကို ပြင်သစ်လူမျိုး မစ္စတာ Mr. Francois Raynal က ကြီးကြပ်ကွပ်ကဲပြီး၊ Myanmar Vineyard ဝိုင်လုပ်ငန်းကို ဂျာမန်လူမျိုး မစ္စတာ Bert Moisbach က ဦးစီး လုပ်ကိုင်သည်။
စပိန်နှင့် အီတလီနိုင်ငံမှ မြန်မာနိုင်ငံသို့ တင်သွင်းသည့် ဝိုင်အဖြူနှင့် ဝိုင်အနီကဲ့သို့သော ဝိုင်အမျိုးအစားမျိုး ရရှိအောင် ၎င်းတို့ ၂ ဦး စလုံးက ကြိုးစားကြမည် ဟုဆိုသည်။ ၎င်းတို့ ၂ ဦးသည် မီတာ ၁၀၀၀ အမြင့်ရှိသည့် မြူခိုးများ ဖုံးအုပ်နေ သည့် ရှမ်းတောင်တန်းများ ပေါ်တွင် စပျစ်ပင်များ စိုက်ပျိုးကြသည်။ ၎င်းတို့၏လုပ်ငန်းများ အောင်မြင်မည်ဟု ယူဆရပါသည်။
“ဒုတိယတန်းစား အရည်အသွေးရှိတဲ့ ဝိုင်အရက်ဗူးတွေကို မြန်မာနိုင်ငံလို အပူပိုင်း ရာသီဥတုရရှိ တဲ့ဒေသတွေမှာ ထုတ်လုပ်နိုင် ပါတယ်” ဟု ဝိုင်လုပ်ငန်း ကျွမ်းကျင်သူ စာရေးဆရာ ဂျင်မြူလန် (Jim Mullan) က ဘန်ကောက်မြို့တွင် ဧရာဝတီနှင့် တွေ့ဆုံစဉ် ဖေဖော်ဝါရီလ ၁၁ ရက်နေ့၌ ပြောကြားသည်။
Red Mountain ကို မမြည်းစမ်းဘူးသေးဘဲ ၎င်း၏ ပြိုင်ဘက် အေးသာယာရှိ Myanmar Vineyard ကို မကြာခင်က ဂျင်မြူလန် စမ်းသပ်သောက်သုံးပြီးနောက် “ဆောဗစ်နွန်ဘလန့် (Sauvignon blanc) စပျစ်ဝိုင် အမျိုးအစားနဲ့ ထုတ်လုပ်ထားတဲ့ ဝိုင် အနီနဲ့ အနက် ၂ မျိုးစလုံး ရဲ့ အရည်အသွေးတွေ ဆက်တိုက် ကောင်းလာတာကို တွေ့ရတယ်။ အဲဒါ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီ စပျစ် အမျိုးအစားရဲ့ ထူးခြားတဲ့ အရည်အသွေး ကြောင့်ပဲ” ဟု ဆိုသည်။
၎င်းက “ထိုင်းနိုင်ငံက အနည်းဆုံး ဆယ်နှစ်သက်တမ်း ကြာနေပြီ ဖြစ်တဲ့ ဝိုင်စက်ရုံတွေက ထုတ်လုပ်တဲ့ ဝိုင်တွေနဲ့ အခု မြန်မာနိုင်ငံက ဝိုင်တွေကို နှိုင်းယှဉ်ကြည့်ရမယ်” ဟု ထပ်မံပြောဆိုသည်။
ချီနင်ဘလန့် (Chenin blanc) အမျိုးအစား ကဲ့သို့ ထိုင်းနိုင်ငံထုတ် ဝိုင်အဖြူများသည် အလွန်ကောင်းမွန်သော်လည်း ထိုင်းအစိုးရက အခွန်အမြောက်အများ ကောက်ခံခြင်းကြောင့် ပြည်ပမှ သွင်းလာသော ဝိုင်ထက် ဈေးပိုကြီးနေသောကြောင့် ထိုင်း ပြည်တွင်းထုတ် ဝိုင်လုပ်ငန်း ဝန်ပိနေရသည်ဟု မြူလန်က မှတ်ချက်ချ ပြောဆိုသည်။ “မြန်မာအစိုးရအနေနဲ့ ထိုင်းထက် ပိုပြီး အမျှော်အမြင်ရှိတဲ့ အခွန်စနစ်ကို ရွေးချယ်ကျင့်သုံးမယ်လို့ မျှော်လင့်ရတာပဲ”ဟု မြူလန်က ပြောဆိုသည်။
မြန်မာ့ ဝိုင်အရက်များကို မကြာမီ တချိန်ချိန်တွင် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ရောင်းချ နိုင်မည်ဟု မျှော်လင့်ရသော်လည်း ယခု အခါတွင် စပျစ်စိုက်ပျိုး၍ ဝိုင်ထုတ်လုပ်ရောင်းချသူ လုပ်ငန်းရှင် နှစ်ဦးက ၎င်းတို့၏ ဝိုင်အရက်များကို ပြည်တွင်းရှိ ဟိုတယ်နှင့် စားသောက်ဆိုင်များသို့ အလျှံပယ် ရောင်းချနေသည် ဟုဆိုသည်။
၂၀၁၂ ခုနှစ်တွင် ဝိုင်အရက် ပုလင်းပေါင်း ၁၀၀,၀၀၀ ထုတ်လုပ် နိုင်ခဲ့သည်ဟု Red Mountain Estate ဝိုင်အရက် လုပ်ငန်းက ပြောဆိုသည်။ ဝိုင် ၁ ပုလင်းလျှင် ၁၁ ဒေါ်လာနှင့် ရောင်းချနိုင်သဖြင့် မိုးပျံပူေဖောင်းစီးပြီး ၄၅ မိနစ်သွားရသည့် ခရီးစဉ်တွင် ဈေးစစ်သလောက်သာရှိသဖြင့် နှိုင်းယှဉ်ကြည့်နိုင်ပေသည်။
(Entrepreneurs Cash in on Jungles, Balloons, Tents and Grapes ကို တင်မောင်ယုက ဆီလျော်အောင် ဘာသာပြန်သည်)