လတ်တလောဖြစ်ပွားခဲ့သည့် အဓိကရုဏ်းများနှင့် မီးလောင်မှု မှုခင်းများကို လေ့လာသုံးသပ်ပြီးနောက် မြန်မာနိုင်ငံတွင် လူမျိုးရေး နှင့်ဘာသာရေးပဋိပက္ခများ ဆက်လက်ဖြစ်ပွားနေခြင်းသည် နိုင်ငံခြားကုမ္ပဏီများနှင့် လုပ်ငန်းရှင်များ ကြားတွင် “စောင့်ကြည့်မည်” ဆိုသည့် သဘောထားများ ဖြစ်ပေါ်လာစေပြီး တိုင်းပြည်အတွက် အမှန်တကယ် လိုအပ်နေသည့် ရင်းနှီးမြှုပ်နှံမှုများကို အဟန့်အတား ဖြစ်စေနိုင်ကြောင်း ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးအဖွဲ့၏ စာတမ်းက သုံးသပ်ပြောဆို လိုက်သည်။
“ဆူပူမှုတွေကို ကျယ်ပြန့်မလာအောင် တားဆီးဖို့ ခက်ခဲနေတာက အရေးပါတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေကို ကို လျော့ကျစေနိုင်ပါတယ်” ဟု အင်္ဂလန်နိုင်ငံမှ စီးပွားရေး အတိုင်ပင်ခံ Maplecroft အဖွဲ့ က ပြောသည်။
တရှိန်ထိုး တိုးတက်လာနေသည့် ခရီးသွားလုပ်ငန်းကို အားအင် အချည့်နဲ့ ဆုံး ဖြစ်သွားစေပြီး လက်လီဈေးကွက်နှင့် တည်ဆောက်ရေး လုပ်ငန်းများသို့လည်း ဆိုးကျိုးက လျှင်မြန်စွာ ပျံ့နှံ့သက်ရောက်စေနိုင်ကြောင်း အစီရင်ခံစာ များတွင်ဖေါ်ပြထားသည်။
“၂၀၁၂ ခုနှစ်ထဲမှာ ဥရောပသမဂ္ဂနဲ့ အမေရိကန်နိုင်ငံက စီးပွားရေးပိတ်ဆို့ထားတာတွေကို ဖြေလျှော့ပေးလိုက်ပြီးတဲ့နောက် မြန်မာနိုင်ငံဟာ နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို ဆွဲဆောင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် လုပ်ငန်းရှင်တွေဟာ အရေးပါတဲ့ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့အတွက် စိုးရိမ်ပူပန်မှုတွေ ရှိနေတုန်းပါပဲ။ အစိုးရရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေ ဘယ်လောက်အထိ ရှေ့တက်လာမလဲ ဆိုတာကို စောင့်ကြည့်ဖို့ ပိုဖြစ်လာနေတယ်” ဟု Maplecroft ၏ အာရှရေးရာပညာရှင် Arvind Ramakrishnan က ဆိုသည်။
အရေးပါသော ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများသည် လူမျိုးရေး၊ ဘာသာရေးခွဲခြားမှုကြောင့် ဖြစ်လာသော ပြဿနာအခြေအနေများနှင့် တိုက်ရိုတ်ပတ်သက်မှု မရှိနိုင်ဟု ဆိုရမည်ဖြစ်သော်လည်း လုပ်ငန်းခွင်များသို့ ထောက်ပံပို့ဆောင်ရေးများ ပြုလုပ်ပေးရန် အခက်အခဲရှိလာနိုင်ကြောင်း၊ ကျယ်ပြန့်လာသော မငြိမ်သက်မှုများသည် ပဋိပက္ခဒေသအတွင်း နေထိုင်လုပ်ကိုင်သူများကို ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာ များဖြစ်စေနိုင်ကြောင်းနှင့် ထိုအချက် သည် စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် နောက်ထပ် အဟန့်အတားတခုဖြစ်ကြောင်း Maplecroft ၏ လေ့လာချက်တွင် ဖော်ပြထားသည်။
စွမ်းအင်ဝန်ကြီးဌာနက ကမ်းလွန် ရေနံနှင့် သဘာဝဓာတ်ငွေ့ ရှာဖွေရေး လုပ်ကွက်ပေါင်း ၂၀ ခန့်ကို လိုင်စင်ချထားပေးရန် နိုင်ငံတကာအဆင့်လေလံပွဲတခု ပြုလုပ်ရန်ရှိသည်ဟု ထုတ်ပြန်ကြေညာခဲ့သည်။ မြန်မာ့ရေပိုင်နက်အတွင်း ပင်လယ်ပြင်အောက်တွင် သဘာဝဓာတ်ငွေ့ထုထည် မြောက်များစွာရှိနိုင်ကြောင်း မှန်းဆတွက်ချက်ထားကြ၏။ ထို လုပ်ကွက်များထဲမှ အများစုသည် မြန်မာနိုင်ငံအတွင်း ပြဿနာတက်နေသော ရခိုင်ပြည်နယ်နှင့် ကပ်လျှက်ရှိနေသည်။
အဆိုပါလေလံပွဲသည် ယခင်နှစ် စက်တင်ဘာလ ကတည်းက ပြုလုပ်ရန် ဖြစ်သော်လည်း အချိန်ရွှေ့ဆိုင်းခဲ့ရသည်။
မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော် ရန်ကုန်မြို့တွင်မူ အေးချမ်းတည်ငြိမ်နေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်နေမှုကို တားဆီးရပ်တန့် မရနိုင်ဟု ထင်ရသည်။ ရန်ကုန်မြို့သည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများ အရင်ဆုံး အာရုံစိုက်မိတတ်ကြသည့် နေရာလည်းဖြစ်သည်။
“စီးပွားရေးနဲ့ လူမှုပတ်ဝန်းကျင် အင်အားကောင်းတဲ့နေရာဖြစ်နေတော့ တကယ်လို့ ရန်ကုန်မှာသာ ပဋိပက္ခတွေဖြစ်မယ် ဆိုရင် တနိုင်ငံလုံးအထိ ပျံ့သွားစေလိမ့်မယ်” ဟု Maplecroft အဖွဲ့ကဆိုသည်။
မြန်မာနိုင်ငံသားများထဲတွင် မူဆလင်အသိုင်းအဝိုင်းသည် အလွန်သေးငယ်သော လူနည်းစုသာဖြစ်သည်ဟု ဆိုကြသော်လည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဗုဒ္ဓဘာသာဝင်မဟုတ်သည့် မြန်မာနိုင်ငံသား အရေအတွက်ကို တွက်ချက်ပြီး ၂၀၀၅ ခုနှစ် တွင် အစီရင်ခံစာတစောင်ထုတ်ပြန်ခဲ့၏။
“အစိုးရက ၇ ရာခိုင်နှုန်းပဲ ရှိတယ် ပြောပေမယ့် အမေရိကန် နိုင်ငံခြားရေးဌာနရဲ့ အစီရင်ခံစာအရဆိုရင် မြန်မာနိုင်ငံမှာ ဗုဒ္ဓဘာသာ မဟုတ်သူတွေက လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်းလောက်အထိ ရှိနိုင်တယ်” ဟု Maplecroft အဖွဲ့ကသုံးသပ်သည်။
မြန်မာနိုင်ငံအတွင်းသို့ အားလပ်ရက်ခရီးဖြစ်စေ၊ အလုပ်လုပ်ကိုင်ရန်ဖြစ်စေ ရောက်ရှိနေကြသော အမေရိကန်နိုင်ငံသား များအနေဖြင့် ရန်ကုန်မြို့ရှိ မူဆလင်အများစုရှိရာ အချို့သော စီးပွားရေးဆိုင်ရာ နေရာများကို သွားလာခြင်းမှ ရှောင်ကျဉ်ကြရန်နှင့် မန္တလေးတိုင်းသို့ သွားရောက်ခြင်းမပြုရန် အမေရိကန်အစိုးရက သတိပေးတားမြစ်ချက် ထုတ်ပြန်ထားခဲ့သည်။
ပဋိပက္ခများအပေါ်တွင် မြန်မာအစိုးရ၏ တုန့်ပြန်မှု နှေးကွေးခြင်းနှင့် မူဆလင်ဆန့်ကျင်ရေးအမြင်များ ကျယ်ပြန့်လာအောင် အစွန်းရောက်များက မီးထိုးပေးနေသည်ကို ထိရောက်စွာ ကိုင်ကွယ်နိုင်ခြင်း မရှိသည့် အတွက် London School of Economics ၏ Civil Society and Human Security Research Unit တွင် စာသင်ကြားနေသော မောင်ဇာနည်က ဝေဖန်ပြောဆိုသည်။
သမ္မတဦးသိန်းစိန် အနေဖြင့် ဘာသာရေး လွတ်လပ်ခွင့် မျှတရေး၊ ငြိမ်းချမ်းစွာအတွဲယှဉ်တွဲနေထိုင်ကြရေး စသည့်အချက်များကို “ပျော့စိစိ” ကြေညာချက်များ ထုတ်ပြန်ခဲ့သည်ကလွဲ၍ “ဗုဒ္ဓဘာသာ နာဇီလက်သစ် ၉၆၉” လှုပ်ရှားမှုကို ရပ်တန့်အောင ်တားဆီးခြင် းမပြုခဲ့ဟု သူကဆိုသည်။
“လုပ်ချင်ရာလုပ်ခွင့်ပေးထားတာ၊ ဘာတာဝန်မှ မယူတာတွေက ကြောက်ရွံ့မှုနဲ့ မသေချာမှုတွေကို ဖန်တီးရေး နေပြည်တော်ရဲ့ မဟာဗျူဟာ တွက်ချက်မှုတွေနဲ့ ချိတ်ဆက်ထားပုံပါပဲ။ တိုင်းပြည်နဲ့ စီးပွားရေးအပေါ်မှာ အလုံးစုံ လွှမ်းမိုးချုပ်ကိုင်နိုင်ဖို့ သူတို့အမြဲ သုံးတတ်တဲ့ သွေးခွဲအုပ်ချုပ်ရေး နည်းစနစ်တွေကလည်း မပြောင်းလဲသေးဘူး” ဟု မောင်ဇာနည်က ပြောသည်။
Maplecroft အဖွဲ့က အလားအလာရှိသည့် ရင်းနှီးမြှုပ်နှံသူများနှင့် စီးပွားရေးသမားများကို အကြံပြုထားသည်မှာလည်း အလားတူပင်။
“စစ်ဘက်က ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ သူတို့ရဲ့သြဇာကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် လုံခြုံရေး ဆိုတဲ့အခြေအနေကို အသုံးချလိမ့်မယ်” ဟု ဆိုထားပြီး “စစ်ဘက်အာဏာက ဆက်ပြီး ကျန်ရှိနေသေးတယ်။ အစိုးရဟာ အခြေအနေတွေကို ထိန်းသိမ်းဖို့ စွမ်းဆောင်မပြနိုင်ဘူး။ အရပ်ဘက်ကနေ စစ်ဘက်ကို ထိန်းချုပ်နိုင်မှု ကင်းမဲ့နေတယ်။ ဒီအချက်ကို အခုနှစ်ဆန်းပိုင်းတုန်းက ကချင်လက်နက်ကိုင်တွေနဲ့ တိုက်ခိုက်မှုတွေ ရပ်ပါလို့ သမ္မတက ပြောနေတဲ့ကြားထဲမှာ တိုက်ပွဲတွေ ဆက်ပြီးဖြစ်ပွားနေတာက သက်သေပြနေတယ်” ဟု Maplecroft မှ Ramakrishnan က ဆိုသည်။
ထို့ အပြင် အခြေခံအဆောက်အဦဆိုင်ရာ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွင် အလားအလာ အကောင်းဆုံးနှင့် အကြီးမားဆုံးဖြစ်သည့် တယ်လီဖုန်းဆက်သွယ်ရေးနှင့် အင်တာနက်လုပ်ငန်းမှာလည်း ဆူပူမှု ပဋိပက္ခများတွင် လောင်စာဖြစ်စေနိုင်သည့် ကောလဟာလများကို ပြန့်ပွားအောင်ကူညီခဲ့သည် ဆိုသောစွပ်စွဲချက်များနှင့် ရင်ဆိုင်နေရသည်။
“Facebook မှာ မူဆလင်ဆန့်ကျင်ရေး ရေးသားမှုတွေ၊ လောလောလတ်လတ် အသတ်ခံထားရတဲ့ ရုပ်အလောင်းပုံတွေ၊ မိတ္ထီလာက အပျက်အစီးပုံတွေ တင်တော့ လူထောင်နဲ့ချီပြီး like လုပ်ကြတယ်။ ထောက်ခံတဲ့ အတည်ပြုတဲ့ မှတ်ချက်တွေပေးကြတယ်။ နာဇီလက်သစ် အမြင်တွေကို အွန်လိုင်းပေါ်မှာ အတားအဆီးမရှိဘဲ ထုတ်ဖော် ပြခွင့်ရသလို ဖြစ်နေတယ်” ဟု မောင်ဇာနည်က မှတ်ချက်ပြုသည်။
“ဘာသာရေးတင်းမာမှုတွေက ရန်ကုန်ကို ရိုတ်ခတ်နေတယ်။ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အနေနဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ရာမှာ အထောက်အကူလို့ ယူဆထားခဲ့တဲ့ အင်တာနက်ကို သုံးစွဲသူတွေထဲမှာ ဗုဒ္ဓဘာသာ အမျိုးသားရေး စိတ်ဓာတ်ပြင်းထန်သူတွေ အမျာကြီးရှိတယ်” ဟု Wall Street Journal သတင်းစာကလည်း သတင်းရေးသားပေးပို့ခဲ့သည်။
မကြာသေးမီက မြန်မာနိုင်ငံ၏ တယ်လီဖုန်းနှင့် ဆက်သွယ်ရေး ကဏ္ဍဖွံ့ဖြိုးမှုကို အထောက်အကူပြုရန် ရည်ရွယ်ချက်ဖြင့် ဂူဂဲလ် ကုမ္ပဏီ၏ ဥက္ကဌ Eric Schmidt ရန်ကုန်မြို့သို့ ရောက်ရှိလာခဲ့သေးသည်။
“အင်တာနက်က အခြေအနေတွေ နောက်ကြောင်းပြန်လှည့်မသွားဖို့အတွက် ကူညီပါလိမ့်မယ်” ဟု Eric Schmidt က မြန်မာကျောင်းသား လူငယ်များသို့ ပြောကြားခဲ့သည်။ “အင်တာနက်က မြန်မာနိုင်ငံရဲ့ဆက်သွယ်ရေးနဲ့ ဥပဒေစိုးမိုးရေးခိုင်မာလာဖို့၊ ကျွမ်းကျင်မှုတွေရှိလာဖို့ အာမခံချက်ပေးနိုင်ပါတယ်” ဟုလည်း ပြောခဲ့သည်။
ဘာသာရေး လူမျိုးရေးခွဲခြားသည့် အမျိုးသားရေးဝါဒ၏ လက္ခဏာများ ပိုမို ကျယ်ပြန့်လာလျှင် စီးပွားရေး အသိုင်းအဝိုင်းအနေဖြင့် ကြီးမားသော စွန့်စားမှုများ ကြုံတွေ့လာရနိုင်ကြောင်း Maplecroft အဖွဲ့က သုံးသပ်သည်။
“ခုချိန်အထိ ပဋိပက္ခတွေက မူဆလင်တွေကို ဦးတည်နေတယ် ဆိုပေမယ့် ၉၆၉ လှုပ်ရှားမှုရဲ့ခေါင်းဆောင်တွေက တခြား ဗုဒ္ဓဘာသာမဟုတ်တဲ့ မြန်မာနိုင်ငံသားတွေကို ဆန့်ကျင်တိုက်ခိုက် ပြောဆိုမှုတွေကိုလည်း လုပ်ခဲ့တယ်။ အထူးသဖြင့် တရုတ်နွယ်ဖွားတွေပါ”
“ဒီအုပ်စုရဲ့သြဇာကြီးထွားလာတာကို မတားဆီးနိုင်ဘူးဆိုရင် နိုင်ငံခြားသားပိုင်တဲ့ စီးပွားရေးလုပ်ငန်းတွေကို ဦးတည် တိုက်ခိုက်တာ၊ သပိတ်မှောက်တာတွေအထိ ဖြစ်လာနိုင်စရာရှိပါတယ်။ သဘာဝအရင်းအမြစ်ကို အခြေခံတဲ့ လုပ်ငန်း တွေကို ပြင်းပြင်းထန်ထန် ဂယက် ရိုက်နိုင်ပါတယ်။ တရုတ်တွေဟာ မြန်မာနိုင်ငံရဲ့သဘာဝအရင်းအမြစ်တွေကို ထုတ်ယူ ရောင်းချပြီး အကျိုးအမြတ်တွေ အများကြီးရနေပေမယ့် ပြည်သူတွေအနေနဲ့တော့ ဘာမှခံစားခွင့်မရှိတဲ့ အကြောင်းက သူတို့ရဲ့ အဓိက စွပ်စွဲချက်ဖြစ်နေတယ်” ဟုလည်း ရေးသားပါရှိသည်။
(Burma’s Ethnic Violence ‘Poses Threat to Foreign Investment ကို နိုင်မင်းဆွေက ဆီလျော်အောင် ဘာသာပြန်သည်)