တရုတ်သို့ တင်ပို့နေသော စိန်တလုံး သရက်သီး ဈေးကွက်သည် နှစ်ပေါင်း ၂၀ ကျော်အတွင်း အမြင့်ဆုံးဈေးနှင့် အရောင်းအဝယ် ဖြစ်နေကြောင်း သိရသည်။
မြန်မာပြည်တွင်းတွင် သရက်သီး အထွက်နှုန်း နည်းပါးခြင်း၊ စိုက်ပျိုးနည်းစနစ် ကောင်းမွန်လာခြင်း၊ အသီး အရည်အသွေး ကောင်းမွန်လာခြင်းနှင့် တရုတ်ယွမ်ငွေ လဲလှယ်နှုန်း အတက်နှင့် တိုက်ဆိုင်ခြင်း တို့ကြောင့် သရက်သီးများ ဈေးကောင်းရခြင်း ဖြစ်ကြောင်း မန္တလေးတိုင်း သရက်သီးအစုဖွဲ့မှ ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေက ဧရာဝတီသို့ ပြောသည်။
“မနှစ်က သရက်သီးတွေက အိတ်မစွပ်ကြတော့ ဈေးနှိမ်ခံရတယ်လေ။ အဲဒီတော့ ဒီနှစ် သရက်ကုန်သည်တွေက အိတ်စွပ်ကြတယ်။ အိတ်စွပ်တော့ ဈေးကောင်း ပိုရတာပေါ့။ ဒီနှစ် သရက်သီးတွေက တခါမှ မရခဲ့ဖူးတဲ့ ဈေးတွေနဲ့ ရတယ်။ အသီးက ရှားသွားတာလည်း ပါတယ်” ဟု ၎င်းက ရှင်းပြသည်။
ယခုနှစ် ဖေဖော်ဝါရီလမှ စတင်ပြီး သရက် အများအပြား ပွင့်ခဲ့သော်လည်း ရာသီဥတု ဖောက်ပြန်မှုကြောင့် အပွင့်များ၌ မှိုဖြူ မှိုမည်းများ ကျခဲ့ကြောင်း၊ မှိုစစွဲသည်ကို အချိန်မီ သိသူများက ဆေးဖြန်းနိုင်ခဲ့ သော်လည်း အပူ၊ အအေး မမှန်သည့် ရာသီဥတု ကြောင့် ရေဓာတ်ခန်းခြောက်ကာ အပွင့်များ ကြွေကျကုန်သည့်အပြင် လေပြင်းများပါ တိုက်ခတ်ခဲ့သဖြင့် သရက်အပွင့်များ ထပ်မံ ကြွေကျပျက်စီးခဲ့ရကြောင်း သိရသည်။ ထို့ကြောင့် သရက်သီးများ ရှားပါးကာ ဈေးကောင်းရခြင်း ဖြစ်သည်။
သရက်သီးဂျပ်ဖာ တဖာလျှင် တရုတ်ယွမ်ငွေ ၁၂၀ ဈေး ရောင်းကြရပြီး မေလလယ် ငွေကြေးလဲလှယ်နှုန်းအရ တရုတ်ငွေ တယွမ်လျှင် မြန်မာငွေ ၁၄၅ ကျပ်အထိ ဈေးရှိနေသည်။
“အရင်နှစ်တွေက သရက်သီးက ဈေးသိပ်မရဘူး။ စ ပေါ်ကာစမှ ဂျပ်တဖာကို ယွမ် ၈၀ နဲ့ ၁၀၀ လောက် ရတာ။ နောက်ပိုင်း ကျတော့ တဖာကို ယွမ် ၇၀ လောက်ရဖို့ မလွယ်ဘူး။ ဒီနှစ်ကျတော့ ဂျပ်တဖာကို ယွမ် ၁၂၀ နဲ့ အထက်ကို ရခဲ့တယ်။ ကျမတို့ ရောင်းလာတဲ့ နှစ်ပေါင်း ၂၀ ကျော် အတွင်းမှာ ဈေးအကောင်းဆုံးနဲ့ အမြင့်ဆုံးပါပဲ” ဟု မူဆယ် သစ်သီးဝလံ ကုန်စည်ဒိုင်မှ တာဝန်ခံ ဒေါ်နန်းနီနီမာက ပြောသည်။
တရုတ်ပြည်ဘက်မှ ကုန်သည်များသည် မြန်မာပြည်ထွက် စိန်တလုံး သရက်သီးများကို အမြဲ ဈေးနှိမ်၍ ဝယ်ယူလေ့ရှိကြောင်း၊ ယခုနှစ်သည် သရက်သီး ရှားပါးခြင်းနှင့် အသီး အရည်အသွေး ကောင်းမွန်ခြင်း တို့ကြောင့် မကြုံစဖူး ဈေးကောင်း ရရှိခြင်း ဖြစ်ကြာင်း ၎င်းက ဆက်ပြောသည်။
သရက်သီး ဂျပ် တဖာလျှင် ၁၅ ကီလိုရှိပြီး ယင်းဖာတွင် အသီး အကြီးအသေးပေါ် မူတည်၍ အလုံး ၃၀ မှ ၅၀ အကြား ပါဝင်သည်။
စိန်တလုံး သရက်သီးကို ပြည်တွင်း၌ သာမက ပြည်ပနိုင်ငံများကပါ ကြိုက်နှစ်သက် ကြသည်။ ၂၀၁၀ ပြည့်နှစ်မှ စတင်ကာ စိန်တလုံး သရက်မျိုးများကို သရက်ခြံ လုပ်ကိုင်သူများ စိုက်ပျိုးလာခြင်းဖြစ်သည်။
ယခင်က မချစ်စု၊ ဟင်္သာ၊ ရင်ကွဲ၊ ပန်းဆွဲ၊ မြကျောက်နှင့် မျောက်ခေါင်းသီး သရက်မျိုးများ စိုက်ပျိုးခဲ့သော်လည်း ပြည်ပ ဈေးကွက်တွင် ပို၍ လူကြိုက်များသည်။
မန္တလေးတိုင်းအတွင်းတွင် စိန်တလုံး သရက်သီး စိုက်ပျိုးသည့် ဧကပေါင်း နှစ်သောင်းကျော် ရှိသည်။
စိန်တလုံး သရက်သီးများကို စင်ကာပူနိုင်ငံသို့ပါ တင်ပို့လျှက် ရှိပြီး စင်ကာပူဈေးကွက်၌ အသီး တလုံးချင်းစီ၏ အလေးချိန် ဂရမ်ကိုသာ တွက်ပြီး ဈေးကွက် ဖြစ်ပေါ်သည်။ သရက်သီး တလုံးကို ၂၈၀ ဂရမ်မှ ၃၅၀ ဂရမ် အကြားရှိပြီး အိတ်စွပ်သီးမှသာ လက်ခံသည်။
စင်ကာပူတွင် စိန်တလုံး သရက်သီး တတန်ကို အမေရိကန် ဒေါ်လာ ၁၂၀၀ အထိ ဈေးရသည်။ တတန်လျှင် ကီလို ၁၀၀၀ ရှိ၍ ဂျပ်တဖာလျှင် ၁၅ ကီလို ဆန့်သောကြောင့် တတန်လျှင် သရက်သီး ဂျပ်ဖာပေါင်း ၆၆ ဖာ ခန့် ရှိကြောင်း သိရသည်။
အသီးအရည်အသွေး အကေင်းဆုံး သရက်သီးများကို မြန်မာနိုင်ငံ မန္တလေးတိုင်း၊ ကျောက်ဆည်၊ စဉ့်ကိုင်၊ ပုသိမ်ကြီး၊ မြစ်ငယ်၊ တံတားဦး၊ ဟံမြင့်မိုရ်နှင့် အုန်းချောတို့မှ ထွက်ရှိပြီး မူဆယ် ၁၀၅ မိုင်ဘက်သို့ အများဆုံး တင်ပို့လျှက် ရှိသည်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေး ဇုန်တွင် မြန်မာနိုင်ငံ ဘက်ခြမ်းမှ တရုတ်နိုင်ငံဘက်သို့ ပို့ကုန် သွင်းကုန် အနေဖြင့် တနေ့လျှင် ကုန်ကားကြီးပေါင်း အစီး ၇၀၀ ကျော် အဝင်အထွက် ရှိကြောင်း ယင်းဇုန်မှ သိရသည်။
မြန်မာနိုင်ငံမှ ပြည်ပသို့ သရက်သီး တင်ပို့ ရောင်းချမှုမှာ ၂၀၁၁ -၂၀၁၂ ဘဏ္ဍာရေးနှစ်တွင် တန်ချိန် ၄၀၀၀၀ နီးပါး ရှိပြီး အမေရိကန် ဒေါ်လာ ၂၃ သန်းကျော် ရရှိခဲ့သည်။ ၂၀၁၃ ခုနှစ် ဇွန်လအထိ သရက်သီး တန်ချိန် ၃၃၀၀၀ ကျော် တင်ပို့နိုင်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၁၁ သန်း ရရှိနေပြီဖြစ်ကြောင်း မန္တလေး အပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှု မြှင့်တင်ရေး ဌာနခွဲက ဆိုသည်။