မြန်မာနိုင်ငံ၏ အကြီးဆုံးသော လေဆိပ်တခုဖြစ်လာမည့် ပဲခူးမြို့ ဟံသာဝတီလေဆိပ်စီမံကိန်း တည်ဆောက်ခွင့်ရသည့် ကုမ္ပဏီ အမည်စာရင်းကို အစိုးရက ထုတ်ပြန်ကြေညာပြီးနောက် ပဲခူးမြို့နယ်တဝိုက် မြေဈေးနှုန်းများ ငွေကျပ် သိန်းထောင် သောင်းချီ ရုတ်တရက် တဟုန်ထိုး မြင့်တက် သွားကြောင်း သတင်းရရှိသည်။
မြန်မာအစိုးရက ဟံသာဝတီ လေဆိပ် တည်ဆောက်ရေး စီမံကိန်း၊ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့် တင်ရေး စီမံကိန်း၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် အဆင့်မြှင့်တင်ရေး စီမံကိန်း များကို လုပ်ကိုင်ခွင့်ရသော ကုမ္ပဏီများ စာရင်းကို ထုတ်ပြန်ခဲ့ပြီး ဟံသာဝတီ လေဆိပ် စီမံကိန်း အတွက် တောင်ကိုရီးယားနိုင်ငံမှ အင်ချွန်း အပြည်ပြည် ဆိုင်ရာ လေဆိပ်ကော်ပိုရေးရှင်းက လုပ်ကိုင်ခွင့်ရရှိကြောင်း သိရှိရသည်။
ပဲခူးမြို့တွင် တည်ဆောက်မည့် ဟံသာဝတီလေဆိပ် စီမံကိန်း ကြောင့် ပဲခူးမြို့ တဝိုက်မှာရှိတဲ့ မြေဈေးတွေက ယခုရက်ပိုင်း အတွင်း အဆပေါင်းများစွာ ထိုးတက်သွားပြီး မြေကွက် အရောင်းအဝယ်များ အလွန်သွက်နေကြောင်း ပဲခူးမြို့အခြေစိုက် အိမ်ခြံမြေ ဝယ်ရောင်း အကျိုးဆောင်များထံမှ သိရှိရသည်။
“ဒီစီမံကိန်းသတင်းကြောင့် မြေဈေးတွေ တက်လာတယ်။ လေဆိပ် စီမံကိန်း တင်ဒါ ကြေညာပြီးတော့ အခုတော့ တပတ် မပြည့်သေးဘူး မြေကွက် အရောင်းအဝယ်တော်တော်သွက်လာတယ်။ ဈေးလည်း အရင်ကထက် ပိုမြင့်လာတယ်။
ဈေးမြင့်လာပေမယ့် ဝယ်မယ့်သူတွေက အဆင်သင့်ပဲရှိနေတယ်”ဟု ပဲခူးမြို့၊ ရှင်စောပု ရပ်ကွက်မှ အိမ်ခြံမြေ အကျိုးဆောင် တဦးက ဧရာဝတီသို့ပြောသည်။
ယခင်က ပဲခူးမြို့ဝန်းကျင်ရှိ လယ်မြေ ဈေးနှုန်းများသည် တဧကလျှင် ငွေကျပ် ၅ သိန်း၊ ၆ သိန်း ဝန်းကျင် သာရှိပြီး ဟံသာဝတီ လေဆိပ်စီမံကိန်းကြောင့် ပဲခူးပတ်ဝန်းကျင်ရှိ လယ်မြေ တဧက လျှင် ငွေကျပ် သိန်း ၂၀၀ မှ သိန်း ၅၀၀ အထိ ဈေးပေါက် လာကြောင်း၊ ဟံသာဝတီ စီမံကိန်းအနီးရှိ မြေကွက်များသည် အဓိကအားဖြင့် စက်မှုဇုန်မြေ၊ စိုက်ပျိုးရေးဇုန်မြေ၊ ဥယဉ်ခြံမြေ များဖြစ်ပြီး မြေတဧကလျှင် ကျပ်သိန်း ၈၀၀ ပေါက်ဈေးရှိနေကြောင်း သိရှိရသည်။
“စက်မှုဇုန်မြေကို အစိုးရက ချပေးတုန်းက တဧကကို သိန်း ၄၀၀ ။ စိုက်ပျိုးရေးဇုန်မြေဆို အစိုးရချပေးတုန်းက တဧက ကို ၁၀ သိန်းပဲ ပေးရတာ။ ဒီမြေတွေက စီမံကိန်းစရင် နှစ် ၃၀ ဂရန် လုပ်ပြီး ဟိုတယ်ဇုန်လုပ်မှာ။ ဥယဉ်ခြံမြေက ပိုရောင်းရတယ်။ ပြီးရင် နှစ် ၃၀ ဂရန်မြေတွေကတော့ ဒုတိယ အရောင်းရဆုံးပဲ”ဟု ရန်ကုန်မြို့အခြေစိုက် မြန်မာ့ဓနအောင် အိမ်ခြံမြေအကျိုးဆောင် လုပ်ငန်းမှ ဦးကျော်က ဧရာဝတီသို့ ပြောသည်။
ဟံသာဝတီ လေဆိပ်စီမံကိန်း အနီးရှိ မြေကွက်များကို စီးပွားရေးသမားများက အများဆုံး ဝယ်ယူ ရင်းနှီးမြုပ်နှံကြပြီး စီမံကိန်း၏ အချက်အချာ နေရာတခုဖြစ်လာမည့် ပဲခူးမြို့တွင်းတွင်လည်း အိမ်ခြံမြေဝယ်ယူသူများပြားကြောင်း၊ မြေကွက်ဈေးနှုန်းများ တဟုန်ထိုးမြင့်တက်ရခြင်းမှာ ဈေးကစားမှုကြောင့်ဖြစ်သည်ဟု သိရှိရသည်။
“အရင်က လေဆိပ်စီမံကိန်း လုပ်မယ့်နေရာနားမှာရှိတဲ့ မြေတွေကို ညောင်ရင်းရွာက လယ်သမားတွေပဲ အဓိက ပိုင်တာ။ စီမံကိန်းလုပ်မယ်ဆိုတဲ့ သတင်းတွေ ထွက်လာခါစမှာ ဝယ်ရောင်းသမားတွေက လယ်သမားတွေဆီက ဈေးကောင်းပေးပြီး ဝယ်ကြတယ်။ သူတို့က အခုခေတ်အခေါ်အဝေါ်နဲ့ဆိုရင် ဥထားတယ်ပေါ့။ အခုချိန်လောက်ကြတော့ ဈေးကို အဆမတန် မြှင့်ပြီး ပြန်ရောင်းထုတ်ကြတယ်”ဟု ပဲခူးမြို့အခြေစိုက် ဇာခြည် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းပိုင်ရှင် ဦးမြင့်စိုးက ပြောသည်။
ပဲခူးမြို့တွင်းရှိ အိမ်ခြံမြေ ဈေးနှုန်းသည် ရန်ကုန်မြို့ အိမ်ခြံမြေဈေးနှုန်းကဲ့သို့ သိန်းထောင်သောင်းချီ ဈေးပေါက်လာပြီး အရောင်းအဝယ် ပုံမှန်ဖြစ်နေကြောင်း၊ ပဲခူးအိမ်ခြံမြေဈေးကွက်သည် အိမ်ခြံမြေရင်းနှီးမြုပ်နှံဈေးကစားသူများအတွက် ဈေးကွက်သစ်ကြီးတခုသဖွယ်ဖြစ်လာသည်ဟု သိရှိရသည်။
“မြို့ထဲမရောက်ခင် ဘုရားကြီးနားက နေရာဆို မျက်နှာပွင့် ပေ ၂၀၀၊ အနောက် ပေ ၁၀၀ ကို ဒီရက်ပိုင်းအတွင်းပဲ သိန်း ၄၇၀၀ နဲ့ ရောင်းထွက်သွားတယ်။ ပဲခူးဘုရားကြီးလမ်းမှာဆို သိန်း ၁၈၀၀၀ ကျော်အထိ ခေါ်နေကြတယ်။ အဓိကကတော့ ဟံသာဝတီ လေဆိပ် စီမံကိန်း အကြောင်းပြချက်နဲ့ပေါ့။ အရင်က အဲဒီလိုမဟုတ်ဘူး”ဟု ဦးမြင့်စိုးက ရှင်းပြသည်။
ဟံသာဝတီလေဆိပ် စီမံကိန်းတည်ဆောက်မည့် မြေကွက်သည် ဧက ၉၀၀၀ ကျယ်ဝန်းပြီး စီမံကိန်းဒေသ တွင် နေထိုင်သည့် ဒေသခံများကို ရွှေ့ပြောင်းပြန်လည်နေရာချထားမှုများ အစိုးရက လုပ်ဆောင်လျက်ရှိကြောင်း သိရှိရသည်။
လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန ၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးဝင်းဆွေထွန်းက ဟံသာဝတီလေဆိပ် စီမံကိန်းတင်ဒါရရှိထားသည့် ကိုရီးယားအင်ချွန်းကုမ္ပဏီနှင့် ယခုလအတွင်း ကန်ထရိုက်စာချုပ် ချုပ်ဆိုရေး ညှိုနှိုင်းမှုများ ဆောင်ရွက်ရန်ရှိကြောင်း ဧရာဝတီသတင်းဌာနသို့ ထုတ်ဖော်ပြောဆိုသည်။