မင်းကွန်း ခေါင်းလောင်းကြီးထက် သုံးဆနီးပါး ပိုကြီးမားနိုင်ပြီး ကမ္ဘာ့အကြီးဆုံး ဖြစ်လာနိုင်သည့် ကြေးသွန်း ခေါင်းလောင်းကြီးကို မြောင်းမြမြို့တွင် သွန်းလုပ်မည့် သတင်းကြောင့် ကြေးဝါဈေးနှုန်းများ တရိပ်ရိပ် တက်လျက်ရှိကြောင်း မန္တလေးမြို့ တမ္ပဝတီရပ်မှ ကြေးသွန်း ပညာရှင်များက ပြောသည်။
မြောင်းမြမြို့မှ ငါးမိုင်ခန့် အကွာတွင် တည်ရှိသော မြစိမ်းတောင် ပေါ်တွင် ကြေးတန်ချိန် ၃၃၃ (ပိဿာချိန်ပေါင်း ၂ သိန်းကျော်) ရှိပြီး အကျယ်အဝ ၂၇ ပေ၊ ခေါင်းလောင်း ဆုံလည်အထိ ၂၇ ပေနှင့် စုစုပေါင်း အရှည် ၃၆ ပေ ရှိသည့် ကမ္ဘာ့အကြီးဆုံး ဖြစ်လာနိုင်မည့် ကြေးခေါင်းလောင်းကြီးကို သွန်းလုပ် တော့မည့် သတင်းကြောင့် ကြေးအရောင်းအဝယ် ကုန်သည်များက ကြေးဝါဈေးနှုန်းများ လပိုင်းအတွင်း ဈေးတက်လိုက်ကြခြင်း ဖြစ်ကြောင်း သိရသည်။
“ကြေးဈေးက တရိပ်ရိပ် တက်နေတာ၊ ရှိတဲ့သူကလည်း မရောင်းကြဘူး၊ ခေါင်းလောင်းကြီးအတွက် ကြေးတွေ လာဝယ်မယ် ထင်ပြီး တမ္ပဝတီမှာ သတင်းထွက်လာတော့ ကုန်သည်တွေက ကြေးဝါပစ္စည်း ပြတ်တယ်ပဲ ပြောတယ်။ ဈေးကလည်း တပတ်နဲ့ တပတ်တောင် မတူဘူး၊ ပစ္စည်းပြတ်နေတဲ့ ပုံစံပါဖြစ်နေတာ” ဟု မန္တလေးမြို့ တမ္ပဝတီရပ်ရှိ ကြေးသွန်းလုပ်ငန်း ပညာရှင် ကိုဇင်မင်းထွန်းက ဧရာဝတီသို့ ပြောသည်။
ယခင်က ကြေးဝါဈေးနှုန်းမှာ တနှစ်နီးပါး ဈေးငြိမ် နေခဲ့သော်လည်း သြဂုတ် လကုန်ပိုင်းက စပြီး လက်ရှိအချိန်အထိ ကြေးဝါ တပိဿာလျှင် ၆၈၀၀ ကျပ်မှ ၈၄၀၀ ကျပ်အထိ တရိပ်ရိပ် ဈေးတက်လျှက်ရှိကြောင်း၊ ကြေးဝါ ဈေးတက်နေသော်လည်း ပစ္စည်း လှောင်ထားသူများသာ ရှိနေသဖြင့် ရောင်းသူနည်းနေ၍ ပစ္စည်းပြတ်လပ်သည့် နီးပါး ဖြစ်ကာ ရက်ပိုင်းနီးပါး စောင့်ဆိုင်းမှ ပစ္စည်းရရှိကြောင်း သိရသည်။
“ကျနော်တို့က ကြေးဆင်းတုတော်တွေ လုပ်ကြတာဆိုတော့ ကြေးရဖို့အတွက် ကုန်သည်တွေဆီမှာ ရက်ထပ်စောင့်ပေး ရတယ်။ အဲဒီအချိန် ကြေးက ဈေးထပ်တက်တာ မျိုးလည်း ရှိတယ်ဆိုတော့ ကျနော်တို့ လုပ်ငန်းဘက်တွေ ကျတော့ နစ်နာမှု ရှိတယ်။ ကြေးဈေးကွက် ကတော့ ကုန်သည်တွေ ကစားလို့ ကောင်းတဲ့ ဈေးကွက် ဖြစ်သွားတာပေါ့” ဟု ကြေးသွန်း ပညာရှင် ကိုဇင်မင်းထွန်းက ရှင်းပြသည်။
ကြေးသွန်း ခေါင်းလောင်းကြီးကို သွန်းလုပ်ရာတွင် ကုန်ကျနိုင်သည့် ကြေး အရေအတွက်၏ တဝက်ခန့် ရရှိနေပြီ ဖြစ်သော်လည်း ကြေးထပ်ဝယ် နိုင်သည်ဟုဆိုကာ ကုန်သည်များက ဈေးကစားကြခြင်း ဖြစ်ကြောင်း သိရသည်။
အဆိုပါ ခေါင်းလောင်းကြီးကို တည်ဆောက်ရန် စီစဉ်နေသည့်အဖွဲ့တွင် ဒု – သမ္မတဟောင်း သီဟသူရ ဦးတင်အောင်မြင့်ဦး၏ သားဖြစ်သူ ဦးမောင်မောင်ဦးလည်း ပါဝင်နေပြီး လက်ရှိတွင် ဦးမောင်မောင်ဦးက ဘုန်းကြီးဝတ်ဖြင့် ရှိနေသည်ဟု သိရသည်။
“ကြေးဈေး တက်တာက ခေါင်းလောင်းကြောင့် ဖြစ်နိုင်သလို၊ တရုတ်ပြည်ဘက်က ကြေးအဝယ်များရင်လည်း တက်နိုင်တယ်။ အခု ခေါင်းလောင်း သွန်းမှာမို့ ကြေးတွေ လိုက်သိမ်းနေတယ် ဆိုရင်လည်း အဓိက ကုန်ကြမ်းက ရန်ကုန်ဘက်ကပဲ ဖြစ်လိမ့်မယ်” ဟု မြောင်းမြမြို့တွင် သွန်းလုပ်မည့် ခေါင်းလောင်းကြီး ဆောက်လုပ်ရန် အတွက် သွားရောက် လေ့လာခဲ့သူ ကြေးသွန်းပညာရှင် ဦးသန်းဇော်က ဧရာဝတီသို့ ပြောသည်။
လက်ရှိ ကမ္ဘာပေါ်တွင် အကြီးဆုံး ခေါင်းလောင်းမှာ ၁၄၈၄ ခုနှစ်တွင် သွန်းလောင်းပြီး ရန်ကုန်မြစ်ဝတွင် မြုပ်သွားသော ဓမ္မစေတီ ခေါင်းလောင်းဖြစ်သည်။ တန်ချိန် ၃၀၀ ကျော်ရှိသည်။
သို့ရာတွင် ၂၀၀၀ ပြည့်နှစ်တွင် သွန်းလောင်းသော တရုတ်နိုင်ငံ ဟန်နန်ခရိုင် ဖိုကွမ်းဘုန်းကြီးကျောင်းရှိ ၁၂၇ တန်ကျော် အလေးချိန်ရှိသည့် ကံကောင်းခြင်းအထိမ်းအမှတ် ခေါင်းလောင်းက မျက်မြင်ကိုယ်တွေ့ ရှိနေသောကြောင့် ထိုး၍ရသော ခေါင်းလောင်းများ စာရင်းတွင် အကြီးဆုံးအဖြစ် သတ်မှတ်ခံထားရသည်။
မြောင်းမြ ခေါင်းလောင်းကြီးမှာ ပိဿာချိန် ၂ သိန်းကျော်ရှိမည်ဖြစ်၍ ပိဿာချိန် ၅၅၅၅၅ ပိဿာ(တန်ချိန် ၉၇ တန်ကျော်) ရှိသောမင်းကွန်း ခေါင်းလောင်းကြီးထက် ၃ ဆနီးပါး ကြီးမားလိမ့်မည်ဖြစ်ကြောင်း ကြေးသွန်းပညာရှင် ဦးသန်းဇော်က ဆိုသည်။
မြန်မာမှုလက်ရာ ကြေးသွန်း ခေါင်းလောင်းများကို ဒုတိယကမ္ဘာစစ်ပြီး ကာလ ကတည်းက ထပ်မံ သွန်းလုပ်မှုများ နည်းပါး လာခဲ့သည်ဟုလည်း သိရသည်။