ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြေကွက်များနှင့် တိုက်ခန်းများ အရောင်းအဝယ် ပြုလုပ်ရာတွင် အခွန်ကောက်ခံရန် အတွက် အကျုံးဝင်မည့် နှုန်းထားများကို ကာလတန်ဖိုး စိစစ် သတ်မှတ်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
အဆိုပါ ထုတ်ပြန်ချက်တွင် ပါရှိသည့် အခွန်ကောက်ခံရန် သတ်မှတ်ပေးထားသည့် နှုန်းထားများကို လာမည့် အောက်တိုဘာ ၁ ရက်နေ့မှစ၍ အသုံးပြုရမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြေကွက်များဆိုရာတွင် မြို့နယ် တခုချင်းစီအလိုက် ကာလတန်ဖိုး သတ်မှတ်ပေးခြင်း မဟုတ်ဘဲ မြို့နယ်တိုင်းရှိ လမ်းမ၊ လမ်းသွယ်၊ လမ်းကျဉ်း စသည့် လမ်းအမျိုးအစားပေါ် မူတည်၍ ၎င်းတို့၏ စတုရန်းပေ အပေါ် မူတည်ကာ နှုန်းထားများ သတ်မှတ်ပေးထားခြင်း ဖြစ်သည်။
ထို ထုတ်ပြန်ချက်အတွင်း၌ ပါရှိသည့် ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြို့နယ်များတွင် ရန်ကုန်မြို့တော် စည်ပင်နယ်နမိတ် အတွင်းရှိ မြို့နယ်များသာမကဘဲ ရန်ကုန်တိုင်း အတွင်းရှိ ဒလမြို့နယ်၊ ကျောက်တန်းမြို့နယ်၊ သန်လျင်မြို့နယ်၊ တွံတေး မြို့နယ်နှင့် ကွမ်းခြံကုန်း မြို့နယ် တို့လည်း ပါဝင်သည်။
“အခု ကာလတန်ဖိုး စိစစ်သတ်မှတ်ရေးအဖွဲ့က သတ်မှတ်ပေးတဲ့ နှုန်းထားအပေါ် မူတည်ပြီး အခွန်ကို လက်ရှိအသုံးပြုနေတဲ့ အခွန်နှုန်းထားအတိုင်း ရောင်းသူက ၁၀ ရာခိုင်နှုန်း၊ ဝယ်သူက ၃၇ ရာခိုင်းနှုန်း အခွန်ဆောင်သွားရမှာ” ဟု မြန်မာ့ ဓနအောင် အိမ်ခြံမြေ အကျိုးဆောင်လုပ်ငန်းမှ တာဝန်ရှိသူတဦးက ဧရာဝတီသို့ ပြောသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်းရှိ မြေကွက်များ အရောင်းအဝယ် ပြုလုပ်ရာတွင် ကာလတန်ဖိုး သတ်မှတ်ပေးသည့် မြို့နယ် တခုချင်းစီ အလိုက် လမ်းများထဲတွင် ဈေးနှုန်း အမြင့်ဆုံးသည် ဗဟန်းမြို့နယ်ရှိ ကမ္ဘာအေးဘုရားလမ်း၊ ကိုယ့်မင်းကိုယ့်ချင်း လမ်း အနီးပတ်ဝန်းကျင်တို့ ဖြစ်သည်။ ထိုနေရာများတွင် ၁ စတုရန်းပေအတွက် ၂၇၅၀၀၀ မှ ၃၂၅၀၀၀ အထိ နှုန်းထား သတ်မှတ်ကာ အထက်ပါ ရာနှုန်းဖြင့် အခွန်ကောက်ခံမည် ဖြစ်ကြောင်း သိရသည်။
“မြို့နယ် တခုချင်းစီအလိုက် ဈေးနှုန်း သတ်မှတ် ပေးတာမဟုတ်ဘဲ လမ်းအမျိုးအစား အလိုက် ဈေးနှုန်းသတ်မှတ်ပေးတာ ဆိုတော့ ကောင်းပါတယ်။ နောက်ပြီး အခုလို သတ်မှတ်ပေးတာက အခွန်စည်းကြပ်ဖို့ အတွက် တန်ဖိုး သတ်မှတ် ပေးတာ၊ ဒီ ကာလတန်ဖိုး သတ်မှတ်ထားတဲ့ နှုန်းအတိုင်း အရောင်းအဝယ် လုပ်ရမယ်လို့ ဆိုလိုတာ မဟုတ်ဘူး။ ဒီစံနှုန်းဟာ အရောင်း အဝယ် မှတ်ပုံတင် စာချုပ်မှာတော့ အကျုံးဝင်တယ်။ တချို့တွေက နားလည်မှုတွေ လွဲနေကြတယ်” ဟု မဏ္ဍိုင် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းမှ ဥက္ကဋ္ဌ ဦးသန်းဦးက ပြောသည်။
ထန်းတပင် မြို့နယ်အတွင်းရှိ မြေများကို ကာလတန်ဖိုး သတ်မှတ်ရာတွင်မူ ၁ စတုရန်းပေလျှင် ကျပ် ၂၀၀ မှ ၁၀၀၀ အထိသာ ရှိကြောင်း သိရသည်။
ကာလ တန်ဖိုး သတ်မှတ်ပေးထားသော ဒုတိယ အမြင့်ဆုံးမြို့နယ်များမှာ ဒဂုံမြို့နယ်၊ မရန်းကုန်းမြို့နယ်၊ ကမာရွတ် မြို့နယ်၊ လှိုင်မြို့နယ်နှင့် စမ်းချောင်းမြို့နယ်တို့ ဖြစ်ပြီး ထိုမြို့နယ်များကို သတ်မှတ်ပေးထားသည့် ကာလတန်ဖိုးများမှာ ၁ စတုရန်း ပေလျှင် ငွေကျပ် ၂၇၅၀၀၀ ဝန်းကျင်ခန့်ဖြစ်ကာ မြို့တွင်း မြို့နယ်များဖြစ်သည့် လသာ မြို့နယ်၊ လမ်းမတော် မြို့နယ်၊ ပန်းဘဲတန်း မြို့နယ်၊ ကမာရွတ်မြို့နယ်နှင့် ဗိုလ်တထောင် မြို့နယ်တို့တွင် ၁ စတုရန်းပေလျှင် ငွေကျပ် ၂၄၀၀၀၀ ခန့် ဖြစ်ကြောင်း သိရသည်။
“အခုလို ကာလတန်ဖိုး သတ်မှတ်ပေးမယ် ဆိုရင်တော့ အရောင်းအဝယ်တွေ နည်းနည်း တန့်သွားနိုင်တယ်။ အခုလို ကာလ တန်ဖိုး သတ်မှတ်ပေးပြီး အဲဒီသတ်မှတ် နှုန်းထားအတိုင်း အခွန်ဆောင်ရတာကလည်း အားလုံးသိထားတဲ့အတိုင်း အမည်ပေါက် ပြောင်းမှ ဆောင်ရတာပါ။ ဒီတော့ အရင်နည်းလမ်းတွေ အတိုင်း လူတွေကတော့ အခွန်ရှောင်တဲ့ နည်းလမ်း မျိုးစုံနဲ့ လုပ်နေကြဦးမှာပဲ” ဟု အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းရှင်တဦးက ဆိုသည်။
အဆိုပါ မြေကွက်အရောင်းအဝယ်ပြုလုပ်ရာတွင် အခွန်ဆောင်ရန် အတွက် ကာလတန်ဖိုး သတ်မှတ်ပေးမည်ဟု သတင်းများ ထွက်ခါစက အိမ်ခြံမြေ အရောင်းအဝယ်များ တန့်သွားသေးကြောင်း သိရသည်။
ယခု သတ်မှတ်ပေးထားသည့် ကာလတန်ဖိုးများသည် အခွန်ထမ်းများ အတွက် အခွန်စည်းကြပ်ရာတွင် ထမ်းဆောင်နိုင်သည့် အနေအထားမျိုး ဖြစ်ကြောင်း၊ ယခု ထုတ်ပြန်ထားသော တန်ဖိုးများသည် သက်သာသည့် နှုန်းထားဟု မဆိုလို နိုင်သော်လည်း ဈေးနှုန်း မြင့်မားလွန်းသည့် အနေအထားမျိုးလည်း မဟုတ်သောကြောင့် မိမိအနေဖြင့် သင့်တော်သည်ဟု ထင်ကြောင်း ဦးသန်းဦးက ဆိုသည်။
အိမ်ခြံမြေ ပွဲစားတဦးကမူ ယခုကဲ့သို့ ကာလတန်ဖိုး သတ်မှတ်ပေး၍ အခွန်ဆောင်စေခြင်း အားဖြင့် အခွန်ပေးဆောင်ရမှု ပိုမို များပြားနိုင်သောကြောင့် အခွန်ရှောင်သူများ ယခင်ထက် ပိုမို များပြားလာနိုင်ကြောင်း၊ အိမ်ခြံမြေ ဈေးမြင့်တက်မှုကို ထိန်းနိုင်လိမ့်မည် မဟုတ်ကြောင်း သုံးသပ်သည်။