ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းတွင် မြန်မာအစိုးရနှင့် အဓိက ပူးပေါင်း လုပ်ဆောင်နေသည့် ထိုင်းနိုင်ငံ၌ ဝန်ကြီးချုပ် အပြောင်းအလဲနှင့် နိုင်ငံရေး ပဋိပက္ခများ ကြုံတွေ့နေရသော်လည်း စီမံကိန်းအပေါ်တွင် ကြီးမားသည့် သက်ရောက်မှု ရှိမည် မဟုတ်ကြောင်း သိရသည်။
“နိုင်ငံရေး ပြဿနာတွေ ရှိပေမယ့် ဒီဘက်ကို ထိခိုက်မယ်လို့တော့ မထင်ဘူး။ ဘာလို့လဲ ဆိုတော့ ထိုင်းကပဲ လုပ်နေတာ မဟုတ်ဘူး။ ၅၀- ၅၀ စီ ဆိုတော့လေ။ နောက်ဒီဟာက သူတို့ ရင်းနှီးမယ့်သူ မဟုတ်ဘူး။ လုပ်ဖို့အတွက် Co-ordinate ပဲ လုပ်တာလေ။ နောက် အဓိက လုပ်မယ့် ပရောဂျက်လည်း သူတို့လုပ်မယ် ပြောတာ မရှိသေးဘူး” ဟု ထားဝယ် အထူးစီးပွားရေးဇုန်နှင့် ဆက်စပ် စီမံကိန်းလုပ်ငန်းများ ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ ညှိနှိုင်းရေးဆွဲရေး ကဏ္ဍဆိုင်ရာ ဆပ်ကော်မတီ ဥက္ကဌ နှင့် အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးဆက်အောင်က ပြောသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းနှင့် ပတ်သတ်သည့် ပူးတွဲ ကြေညာချက်ကို သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းဝန်ကြီးချုပ် ယင့်လတ် ရှင်နာဝပ်တို့က ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၁၈ ရက်က ထုတ်ပြန်ခဲ့ပြီး ယင်းစီမံကိန်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်ကို အာဆီယံ ခေါင်းဆောင်များသို့ အသိပေးခဲ့သည်။
အဆိုပါ စီမံကိန်းနှင့် ပတ်သတ်သည့် ထိုင်း-မြန်မာ ၂ နိုင်ငံ ပူးတွဲ ကော်မတီကို ၂၀၁၂ ခုနှစ် နိုဝင်ဘာလ ၇ ရက်တွင် ဖွဲ့စည်းခဲ့ပြီး ယင်းပူးတွဲ ကော်မတီက အဓိက ဦးစားပေး စီမံကိန်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်တွင် အပြီး အကောင်အထည် ဖော်ရန် သဘောတူခဲ့ ကြသည်။
ယင်းအပြင် ယခုနှစ် နိုဝင်ဘာလ အတွင်း ထိုင်း-မြန်မာအစိုးရ အကြား ထားဝယ် စီမံကိန်းနှင့် ပတ်သက်သည့် နားလည်မှု စာချွန်လွှာ ၃ ခုကို လက်မှတ်ရေးထိုး ခဲ့ပြီး စာချွန်တခုမှာ Dawei SEZ Development Co (DSEZ) သို့ လုပ်ပိုင်ခွင့် လွှဲပြောင်းပေးခြင်း ဖြစ်သည်။ အဆိုပါ ကုမ္ပဏီသည် စီမံကိန်းကို ဆက်လက် အကောင် အထည်ဖော်နိုင်ရန် အတွက် ထိုင်း-မြန်မာ ရင်းနှီးမြှပ်နှံမှု တဖက်လျှင် ၅၀ ရာခိုင်နှုန်းစီဖြင့် ပါဝင်ဖွဲ့စည်း ထားခြင်းဖြစ်သည်။
လက်ရှိတွင် ထိုင်းအစိုးရက အဆိုပါ Dawei SEZ Development Co (DSEZ) တွင် ပါဝင် ဖွဲ့စည်းထားခြင်းသာ ရှိပြီး ကျန်သည့် လုပ်ငန်းပိုင်းတွင် မည်သည့် ရင်းနှီးမြှပ်နှံမှု ထည့်ဝင် လုပ်ဆောင်ခြင်း မရှိသေးကြောင်း သိရသည်။
မြန်မာအစိုးရ သတင်း ထုတ်ပြန်ချက်များ အရ အဓိက စီမံကိန်းများကို ထိုင်းနိုင်ငံနှင့် လုပ်ဆောင်ရန် မရှိသေးသော်လည်း ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းမှာ ၂ နိုင်ငံ အစိုးရအကြား ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်နေသောကြောင့် ယင်းနိုင်ငံတို့၏ နိုင်ငံရေး အခြေအနေများသည် ထားဝယ် ရေနက်ဆိပ်ကမ်းအား မျှော်မှန်းသည်ထက် ပိုမိုကြန့်ကြာသွားနိုင်ကြောင်း လေ့လာ စောင့်ကြည့်သူများက သုံးသပ်ပြောဆိုသည်။
“သူတို့ဘက်က မြန်မာအစိုးရနဲ့ ပေါင်းပြီး Co-ordinate လုပ်တယ်။ ပူးပေါင်း ဆောင်ရွက်တာပေါ့၊ ဒီဟာပဲ လုပ်တာရှိနေတော့ သူတို့ မလုပ်တော့ရင် တခြားကိုငှားရုံပဲ ရှိတာပေါ့။ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ ဘာမှပူပန်စရာ မလိုဘူးထင်ပါတယ်” ဟု ဒုဝန်ကြီး ဦးဆက်အောင်က ဆက်ပြောသည်။
လက်ရှိတွင် အဆိုပါ စီမံကိန်းအတွက် ထိုင်း-မြန်မာ-ဂျပန်တို့ ပူးပေါင်းပြီး Model Plan တခု ရေးဆွဲရန် စီစဉ်နေကြောင်း သိရသည်။ အဆိုပါ Model Plan ကို လာမည့် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ အတွင်း အပြီးသတ် ရေးဆွဲနိုင်ရန် စီစဉ်ထားကြောင်း မြန်မာအစိုးရက ကြေညာထားသော်လည်း လက်တွေ့တွင် ထိုင်းနိုင်ငံရေး ပြဿနာများကြောင့် ထပ်မံ ကြန့်ကြာလာနိုင်ဖွယ် ရှိနေပြီး မြန်မာအစိုးရက မည်သို့ လုပ်ဆောင်သွားမည်ကို တရားဝင် ထုတ်ဖော် ပြောဆိုခြင်း မရှိသေးချေ။
လတ်တလောတွင် မြန်မာအစိုးရနှင့် ပူးပေါင်းဆောင်ရွက်နေသည့် ထိုင်းနိုင်ငံတွင် လက်ရှိဝန်ကြီးချူပ် ယင့်လတ် ရှင်နာဝပ်က ရာထူးမှ နုတ်ထွက်လိုက်ပြီး လာမည့် ၄၅ ရက် အတွင်း ရွှေးကောက်ပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း တရားဝင် ထုတ်ပြန် ကြေညာထားသည်အထိ နိုင်ငံရေး ပြဿနာများ ကြီးထွားလျက်ရှိသည်။
“ကျနော်တို့က သူတို့ဘက် ဘယ်လိုရှိလဲ မသိဘူး။ G to G လုပ်ထားပေမယ့် ကျနော်ကတော့ အောက်အဆင့်ပဲ ရှိပါသေးတယ်။ အပေါ်ကလူတွေ ဆုံးဖြတ်မှာပေါ့။ ဒါကတော့ အပါ်ပိုင်းကလူတွေ မေးမှရမယ်။ ဒီလုပ်ငန်းအတွက် တာဝန်ရှိဆုံးပေမယ့် ဒါက နိုင်ငံရေးအရလည်း ပါတော့ မပြောတတ်တာပါ” ဟု ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ဥက္ကဌ ဦးဟံစိန်က ဆိုသည်။
ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းကို ၂၀၀၈ ခုနှစ်မှ စတင်ကာ ထိုင်းနိုင်ငံနှင့် မြန်မာအစိုးရတို့ ပူးပေါင်းဆောင်ရွက်ရန် သဘောတူညီခဲ့ကြသည်။ ယင်းစီမံကိန်းနှင့် အထူးစီးပွားရေးဇုန် တည်ဆောက်ရန် ထိုင်းနိုင်ငံ၏ တတိယ အကြီးဆုံး ကုမ္ပဏီဖြစ်သည့် Italian-Thai Development ကုမ္ပဏီက ၂၀၁၀ ပြည့်နှစ် နိုဝင်ဘာ ၂ ရက်တွင် မြန်မာ အာဏာပိုင်များနှင့် သဘောတူ လက်မှတ် ရေးထိုးခဲ့သည်။
မြန်မာအစိုးရက အဆိုပါ ကုမ္ပဏီအား လုပ်ပိုင်ခွင့် သက်တမ်း ၇၅ နှစ်ဖြင့် လုပ်ကိုင်ခွင့် ချပေးခဲ့သော်လည်း အီတာလျံ-ထိုင်းဘက်က အရင်းနှီးကြီးသည့်အတွက် ဆက်လက်လုပ်ဆောင်ရန် မတတ်နိုင်သဖြင့် ယခုအခါ တတိယနိုင်ငံ အဖြစ် ဂျပန်နိုင်ငံက ဆက်လက်ဆောင်ရွက်ရန် လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။