မြန်မာနိုင်ငံ အပါအဝင် အမေရိကန် ပြည်ထောင်စု၏ စီးပွားရေး ဒဏ်ခတ် အရေးယူ ခံထားရသော နိုင်ငံများနှင့် ဘဏ်လုပ်ငန်း ချိတ်ဆက် ကူညီခဲ့မှုအတွက် စကော့တလန် တော်ဝင်ဘဏ်ဖြစ်သော Royal Bank of Scotland Group Plc – RBS ဘဏ်က အမေရိကန် ဒေါ်လာ သန်း ၁၀၀ ပေးလျော်ရမည်ဟု အမေရိကန် တာဝန်ရှိသူများက ယမန်နေ့ကပြော ကြားလိုက်သည်။
၂၀၀၅ ခုနှစ်မှ ၂၀၀၉ ခုနှစ်အကြား အဆိုပါ RBS ဘဏ်က အမေရိကန်၏ စီးပွားရေးဒဏ်ခတ် အရေးယူ ပိတ်ဆို့ခံထား ရသည့် ဆူဒန်၊ အီရန်၊ ကျူးဘား၊ မြန်မာနိုင်ငံတို့နှင့် ဆက်နွှယ်ပြီး ပိတ်ဆို့ဒဏ်ခတ်မှုကို ချိုးဖောက်သည့် အနေဖြင့် ဒေါ်လာ ၃၄ သန်းဝန်းကျင်နှင့် ဆူဒန်နိုင်ငံမှ ၃၂ သန်း တို့ကို လွှဲပြောင်းပေးခဲ့မှုအတွက် အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာနကို ကိုးကားပြီး Reuters သတင်းဌာနက ဖော်ပြသည်။
ထို့ကြောင့် အဆိုပါ ဘဏ်ကလည်း ၎င်း၏ ဝန်ထမ်းများအား အမေရိကန် ဘဏ္ဍာရေး လုပ်ထုံးလုပ်နည်းအရ သက်ဆိုင်ရာ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူခံထားရသည့် နေရာဒေသများမှ ငွေပေးချေမှု ကိစ္စများကို ရှင်းလင်းရန်နှင့် ဝန်ဆောင်မှု မပြုရန် ညွှန်ကြားခဲ့ကြောင်း တာဝန်ရှိသူများက ပြောသည်။
ထို့ကြောင့် RBS ဘဏ်၏ ပုံမှန် ငွေပေးချေမှု ကိစ္စများတွင် ဒဏ်ခတ် ပိတ်ဆိုခံထားရသည့် နိုင်ငံအမည်၊ အမေရိကန် ပြည်ထောင်စုအတွင်း နိုင်ငံခြားတိုင်းပြည်၏ ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (Office of Foreign Asset Control – OFAC) မှ ကန့်သတ်ထားသည့် စာရင်းပါ နာမည်များကိုလည်း ဝန်ဆောင်မှု မပြုရန် ဝန်ထမ်းများအား ညွှန်ကြားထားကြောင်းလည်း သိရသည်။
RBS ဘဏ်မှ ထုတ်ပြန် ကြေညာချက်တွင် ယခုကဲ့သို့ အမေရိကန် ပြည်ထောင်စု၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုကို ကျူးလွန် ဖောက်ဖျက်သည်ဆို၍ ဆုံးရှုံးမှုအတွက် လွန်စွာ နောင်တရမိကြောင်း၊ ဘဏ်အနေဖြင့်လည်း ကနဦး စုံစမ်းမှုများ လုပ်ဆောင်ပြီး သက်ဆိုင်ရာ အာဏာပိုင်များနှင့် သတင်းအချက်အလက် မျှဝေပေးသွားမည်ဟု ဖော်ပြထားသည်။
အမေရိကန်ပြည်ထောင်စု တရားရေးဌာနနှင့် နယူးယောက်ခရိုင် ရှေ့နေချုပ်တို့မှ RBS နှင့် ဆက်စပ်နေသည့် စုံစမ်းမှုများကို ပိတ်သိမ်းလိုက်ပြီး တရားစွဲကြမည် မဟုတ်ကြောင်းကိုလည်း RBS ဘဏ်က ပြောသည်။
“ဒီကိစ္စက ဘာကိုပြသလဲ ဆိုတော့ အမေရိကန် ဒဏ်ခတ်ပိတ်ဆို့မှုဥပဒေ ချမှတ်ထားတဲ့ အီရန်နဲ့ တခြား ဒဏ်ခတ်ခံ နိုင်ငံတွေကို အတော် စိတ်ကသိကအောက်ဖြစ်စေဖို့ ကျနော်တို့က ဆက်ပြီး အားပေးသလိုတော့ ဖြစ်သွားတယ်” ဟု အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနရဲ့ OFAC ဌာနခွဲက Adam Szubin ၏ ပြောဆိုချက်ကို ကြေညာချက်မှာ ဖော်ပြသည်။
RBS ဘဏ်ကလည်း အမေရိကန် ဖက်ဒရယ် အရန်ငွေကြေးဌာနနှင့် နယူးယောက် ပြည်နယ် ဘဏ္ဍာရေး ဌာနများတို့နှင့် သဘောတူခဲ့ခြင်းဖြစ်ကြောင်းလည်း သိရသည်။
RBS ဘဏ်အပြင် ဗြိတိန်အခြေစိုက် Lloyds TSB Bank Plc နှင့် Standard Chartered ဘဏ်တို့သည်လည်း အမေရိကန် ဒဏ်ခတ် ပိတ်ဆို့မှု ဥပဒေကို ချိုးဖောက်သည့်အတွက် လျော်ကြေးများ ပေးဆောင်ခဲ့ရဖူးသည်။
၁၉၈၈ ခုနှစ်နောက်ပိုင်း အမေရိကန် ပြည်ထောင်စုက မြန်မာနိုင်ငံသည် လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ ဒီမိုကရေစီ ဖော်ဆောင်ရန် တာဝန်ပျက်ကွက်မှုများကြောင့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကို ဥပဒေများ ပြဋ္ဌာန်းကာ ချမှတ် အရေးယူ ဆောင်ရွက်ခဲ့သည်။
အမေရိကန် ပြည်ထောင်စု၏ မြန်မာအပေါ် အထင်ရှားဆုံး ဒဏ်ခတ်အရေးယူမှုများမှာ ၁၉၉၀ ခုနှစ် က Customs and Trade Act of 1990, The Free Burma Act of 1995, သမ္မတ ကလင်တန် လက်ထက် ၁၉၉၇ ခုနှစ်က ရင်းနှီးမြှုပ်နှံမှု တားမြစ်သည့် ဒဏ်ခတ်မှု၊ Burmese JADE ACT, Burma Freedom Act, အမေရိကန် ပြည်ထောင်စုသို့ ပြည်ဝင်ခွင့် ကန့်သတ်ပိတ်ပင်မှု၊ မြန်မာစစ်ဗိုလ်ချုပ်ကြီးများနှင့် ခရိုနီကြီးများအား ပစ်မှတ်ထား ကန့်သတ်ပိတ်ဆို့မှု စသည့် ဒဏ်ခတ် အရေးယူမှုများ ဖြစ်သည်။
အမေရိကန်၏ ဒဏ်ခတ်အရေးယူထားစဉ် ကာလအတွင်း မြန်မာနိုင်ငံမှ ငွေကြေးလွှဲပြောင်းခြင်းများအပေါ် ကန့်သတ်မှုများ အမေရိကန်က လုပ်ဆောင်ခဲ့၍ မြန်မာ စစ်ခေါင်းဆောင်များနှင့် မြန်မာ စီးပွားရေးလုပ်ငန်းရှင်များ အခက်တွေ့ခဲ့ကြရပြီး ကြားခံ တတိယနိုင်ငံနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်တချို့ အမည်များဖြင့် ငွေကြေးလွှဲပြောင်းမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။
သို့သော် ၂၀၁၀ ခုနှစ်တွင် နအဖ စစ်အစိုးရက ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ရွေးကောက်ပွဲ ကျင်းပပေးခဲ့ပြီး ထိုစဉ်က ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန် ဦးဆောင်သည့် ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက အနိုင်ရကာ သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာပြီးနောက်ပိုင်း အမေရိကန်၏ မြန်မာအပေါ် ထားရှိသည်မူဝါဒများကို ပြန်လည်သုံးသပ်လာခဲ့သည်။
သမ္မတ ဦးသိန်းစိန် အစိုးရတက်လာပြီး စီးပွားရေး၊ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်လာခဲ့သည့် အပေါ် အမေရိကန်ပြည်ထောင်စုက အပြုသဘောကြိုဆိုခဲ့ပြီး ထိုစဉ်က နိုင်ငံခြားရေး ဝန်ကြီး မစ္စ ဟီလာရီကလင်တန် ၏ အဓိက ကြိုးစားမှုများကြောင့် မြန်မာအပေါ် အမေရိကန်ချမှတ်အရေးယူထားသည့် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့များ ဖြေလျှော့လာခဲ့သည်။
သို့သော် ယခုအချိန်ထိ ပစ်မှတ်ထား အရေးယူ ဒဏ်ခတ်ထားမှုများကိုမူ အမေရိကန်က ဆက်လက်ထားရှိထားကြောင်း လည်း အမေရိကန်တာဝန်ရှိသူများက ဆိုသည်။
ဒဏ်ခတ်ပိတ်ဆို့ခံထားရသူများထဲမှ တချို့အား နာမည်ပျက်စာရင်းမှ ပယ်ဖျက်ပေးရန်လည်း စဉ်းစားနေကြောင်း အမေရိကန် အစိုးရ တာဝန်ရှိသူ တချို့၏ အဆိုအရ သိရသည်။
သို့သော် ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးကိုမူ မကြာသေးမီက အမေရိကန် အစိုးရက နာမည်ပျက်စာရင်းသွင်းကာ ၎င်းတို့၏ နိုင်ငံသားများနှင့် ငွေကြေးဆက်နွှယ် လွှဲပြောင်းခွင့်မရတော့ ကြောင်း၊ အမေရိကန်၌ ၎င်း၏ ပိုင်ဆိုင်မှုများ ရှိလျှင်လည်း အသွင်းအထုတ် ပြုလုပ်၍ မရရန် ပစ်မှတ်ထား ဒဏ်ခတ်မှုစာရင်းတွင် ထပ်မံ ထည့်သွင်းလိုက်သည်။
ထိုကဲ့သို့ ထည့်သွင်းရခြင်းမှာ ဒု ဗိုလ်ချုပ်ကြီး သိန်းဌေးသည် တပ်မတော် ကာကွယ်ရေး စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရေး စက်ရုံ အကြီးအကဲတဦး ဖြစ်ပြီး ၎င်းသည် မြောက် ကိုရီးယား နိုင်ငံမှ စစ်လက်နက် ပစ္စည်းများ မဝယ်ယူရန် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ၏ တားမြစ်ချက်ကို ချိုးဖောက်သည့်အတွက် ဒဏ်ခတ် အရေးယူခြင်း ဖြစ်ကြောင်း အမေရိကန် အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။