စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၏ Mobile Team မိုဘိုင်းစစ်ဆေးရေးအဖွဲ့က မြန်မာနိုင်ငံတွင် အကြီးဆုံး လက်လီရောင်းချခြင်း လုပ်ငန်းဖြစ်သည့် City Mart Holdings က ပိုင်ဆိုင်သော စားသောက်ကုန်ဖြန့်ချိရေး ကုမ္ပဏီတခု ဖြစ်သည့် Premium Food Service Products မှ ဒါရိုက်တာတဦး ပြီးခဲ့သည့်အပတ် သောကြာနေ့က ဖမ်းဆီးခံလိုက်ရခြင်းသည် သမ္မတဦးသိန်းစိန်၏ စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲရေး ရလဒ် မဖြစ်သင့်ပါ။
အကြောင်းမှာ စီးပွား/ကူးသန်း၊ အကောက်ခွန်၊ ရဲနှင့် စသုံးလုံးတို့ဖြင့် ဖွဲ့စည်းထားပြီး တရားမဝင်ပို့ကုန်ပစ္စည်းများကို တားမြစ်ဖမ်းဆီးခွင့်ပေးထားသော မိုဘိုင်းစစ်ဆေးရေးအဖွဲ့သည် လက်ကား တင်သွင်းနေသူများအပေါ် အာရုံမထားဘဲ လက်လီ ရောင်းချနေသော ဆိုင်များကို လိုက်လံစစ်ဆေးသိမ်းဆည်းသောကြောင့် ဈေးကွက် ကမောက်ကမ ဖြစ်ရသည်။ ပိုဆိုးသည်မှာ လက်လီရောင်းသူများကို ဖမ်းဆီးအပြစ်ပေးခြင်းကြောင့် မှောင်ခိုစနစ် ပပျောက်သွားမည် မဟုတ်ဘဲ မိုဘိုင်းစစ်ဆေးရေးအဖွဲ့သာ ပိုအာဏာကြီးလာနေစေပြီး ဈေးကွက်စီးပွားရေး ပိုမပီမပြင်ဖြစ်လာနေစေသောကြောင့်ပင်။
မိုဘိုင်းစစ်ဆေးရေး အဖွဲ့နှစ်ခုက လက်လီအရောင်းကုမ္ပဏီများ၏ ရန်ကုန်နှင့် မန္တလေးမြို့များရှိ ကုန်လှောင်ရုံများကို အရက်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီးနှင့် ပြင်ဆင်ထားသည့် အေးခဲအစားအစာများ ကို တရားဝင် တင်သွင်းခြင်း ဟုတ် မဟုတ် ဝင်ရောက်ရှာဖွေစစ်ဆေး သိမ်းဆည်းခဲ့သည်။ လက်လီရောင်းချသူ အများက ဖမ်းဆီးသိမ်းယူခံရမည်ကို စိုးရိမ်ပြီး နိုင်ငံခြားအရက်များရောင်းချခြင်းကို ရပ်ဆိုင်း လိုက်သည့်အတွက် ဈေးကွက်တွင် အရက်ပြတ်တောက်မှုဖြစ်ပေါ်လာပြီး စားသုံးသူများနှင့် စားသောက်ဆိုင်များကလည်း ဝေဖန်ပြောဆိုမှုများ ရှိလာသည်။
ယခုလ အစောပိုင်းက Premium Food Service Products မှ ပိုင်ဆိုင်သော ရန်ကုန်ရှိ ကုန်လှောင်ရုံတခုကို မိုဘိုင်း စစ်ဆေးရေး အဖွဲ့မှ ဝင်ရောက်စစ်ဆေး သိမ်းဆည်းသွားပြီးနောက် ယခင်အပတ်သောကြာနေ့က ကုမ္ပဏီ၏ ဒါရိုက်တာ ဦးဖြိုးဟိန်းကျော်ကို တရားမဝင် အရက်တင်သွင်းရောင်းချရာတွင် ပါဝင်ပတ်သက်ခဲ့သည်ဆိုသော စွပ်စွဲချက်ဖြင့် ဖမ်းဆီးခဲ့သည်။ အောက်တိုဘာလမှ စ၍ ဦးဖြိုးဟိန်းကျော်သည် ဒုတိယမြောက် အဖမ်းခံရသည့် လက်လီအရောင်းဆိုင်ရာ တာဝန်ရှိသူဖြစ်သည်။ အရက်နှင့် အဖျော်ယမကာ ဖြန့်ဖြူးရောင်းချနေသည့် လုပ်ငန်းကြီးတခုဖြစ်သည့် Quarto Products မှ Managing Director သည်လည် အောက်တိုဘာလအတွင်းက ရန်ကုန်ရှိ Quarto ကုမ္ပဏီ၏ ကုန်လှောင်ရုံတခုကို ဝင်ရောက်စစ်ဆေး သိမ်း ဆည်းခံရပြီးနောက် ဖမ်းဆီး တရားစွဲဆိုခြင်းခံခဲ့ရသည်။ ထောင်ဒဏ် ၃နှစ် ချမှတ်ခံရဖွယ်လည်း ရှိနေသည်။
ရန်ကုန်တိုင်း သာကေတမြို့နယ်အတွင်းရှိ Premium Food Service Products ၏ ကုန်လှောင်ရုံကို ဝင်ရောက်စစ်ဆေး စဉ်က စုစုပေါင်း အမေရိကန်ဒေါ်လာ ၅၆၀၀၀၀ ခန့်တန်ဖိုးရှိမည့် ဝိုင် ၈၇၀၀၀ ပုလင်း နှင့် အရက် ၁၂၀၀ ပုလင်း တွေ့ရှိခဲ့ သည်ဟု မိုဘိုင်းစစ်ဆေးရေးအဖွဲ့မှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးအောင်ကပြောသည်။ “ကျနော်တို့က Premium Food Service Products ကို ဒီပုလင်းတွေ တင်သွင်းခွင့်လိုင်စင် မူရင်းကိုပြခိုင်းပါတယ်။ ဒါပေ မယ့် သူတို့က မပြနိုင်ဘူး။ ဒါကြောင့် သူတို့ကို တရားစွဲရတာပါ” ဟု ဧရာဝတီကို ပြောဆိုသည်။
Premium Food Service Products ၏ ဈေးကွက်ဌာနမှ တာဝန်ရှိသူတဦးဖြစ်သော ဒေါ်ငယ်ငယ်ကမူ ကုမ္ပဏီမှာ လက်လီရောင်းချသောကြောင့် ပြည်ပမှ တိုက်ရိုက်တင်သွင်းခဲ့ခြင်း မဟုတ်ဘဲ တင်သွင်းခွင့်ရှိသော ကုမ္ပဏီများမှ နည်းအမျိုးမျိုးနှင့် မြန်မာပြည် ဈေးကွက်အတွင်း တင်သွင်းလာခဲ့သော ပစ္စည်းများကို ပြန်လည်ဝယ်ယူခဲ့ကြောင်း၊ အရက်အများစုအတွက် သွင်းကုန် လိုင်စင် မူရင်းစာရွက်စာတမ်းများ ပြသရန် ဖြစ်လာရသည့် အခြေအနေတွင် တင်သွင်းထောက်ပံ့သူများကလည်း တာဝန်ယူသင့်ကြောင်း ပြောပြသည်။ “ကျမတို့ကို ပစ္စည်းသွင်းတဲ့သူတွေကို ခေါ်ပြီးတော့ ကျမတို့ ပစ္စည်းတွေအတွက် သွင်းကုန်လိုင်စင်မူရင်းစာရွက်စာတမ်း တွေ စစ်ဆေးရေးအဖွဲ့ကို ပြဖို့ တောင်းဆိုခဲ့ပါ” ဟု သူကပြောသည်။
မိမိတို့နှင့် အရောင်းအဝယ်ပြုလုပ်ခဲ့သည့် ပြည်ပမှ ယမကာ တင်သွင်း ဖြန့်ချီသည့် ကုမ္ပဏီများမှာ ACE Trading Co.Ltd နှင့် Myanmar Shopping Mall ဖြစ်ကြောင်း Premium Food Service Products ကပြောသည်။ ACE Trading Co.Ltd နှင့် Myanmar Shopping Mall တို့က Premium Food Service Products သို့ နိုင်ငံခြားမှ တင် သွင်းလာသည့် အရက်များ ပေးသွင်းခဲ့ကြပြီး သွင်းကုန်လိုင်စစ် မိတ္တူများကိုသာ အမြဲတမ်းပေးခဲ့သည်ဟု ဒေါ်ငယ်ငယ်က ဆိုသည်။
ACE Trading သည် ဟိုတယ်လုပ်ငန်း၊ စားသောက်ဆိုင်လုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ မီဒီယာလုပ်ငန်းနှင့် ခရီးသွား လုပ်ငန်းများတွင် ရင်းနှီးမြှုပ်နှံလုပ်ကိုင်နေသည့် ACE ကုမ္ပဏီ အုပ်စု၏ အစိတ်အပိုင်းတခုဖြစ်ပြီး အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင့်ဆန်း၏ သားဖြစ်သူ ဦးဖြိုးကိုကိုတင့်ဆန်းက ဦးဆောင်နေသည်။
Myanmar Shopping Mall သည် ရန်ကုန်မြို့လယ်ရှိ အကောက်ခွန်လွတ် အရောင်းဆိုင်တခုဖြစ်ပြီး ဘဏ်လုပ်ငန်း၊ သတ္တု တူးဖော်ရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဟိုတယ်လုပ်ငန်းများလုပ်ကိုင်နေသည့် မြန်မာနိုင်ငံတွင် အကြီးဆုံး ကုမ္ပဏီ လုပ်ငန်းစုကြီးတခုဖြစ်သည့် ထူးအုပ်စုက ပိုင်ဆိုင်သည်။ ထူး အုပ်စု၏ ပိုင်ရှင်ဖြစ်သော ဦးတေဇသည် မြန်မာနိုင်ငံ တွင် သြဇာအရှိန်အဝါကြီးသည့် စီးပွားရေးလုပ်ငန်းရှင် တယောက်ဖြစ်ပြီး မြန်မာစစ်တပ်၏ လက်နက်ရောင်းဝယ်ရေး ကိစ္စ များတွင်ပါဝင်ပတ်သက်ခဲ့သည့်အတွက် အမေရိကန်အစိုးရက နာမည်ပျက်စာရင်းသွင်း၍ ဒဏ်ခတ်ပိတ်ဆို့ခြင်း ခံထားရသူ လည်းဖြစ်သည်။
မြန်မာနိုင်ငံတွင် ကာလကြာမြင့်စွာ ရှိနေခဲ့သည့် သွင်းကုန်ဆိုင်ရာ တင်းကျပ်ကန့်သတ်မှုများကြောင့် Premium Food Service Products သည်လည်း အခြားသော လက်လီရောင်းချသူများကဲ့သို့ပင် နိုင်ငံခြားမှ တင်သွင်းရသည့် အရက်များ ရောင်းချနိုင်ရန်အတွက် ဟိုတယ်များနှင့် အကောက်ခွန်လွတ် အရောင်းဆိုင်များကိုသာ မဖြစ်မနေ မှီခိုခဲ့ရသည်။
၁၉၉၀ နှစ်များ အလယ်ပိုင်းလောက်ကစ၍ အစိုးရက အရက်၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး နှင့် အခြားသော ဇိမ်ခံပစ္စည်းများ တင်သွင်းခြင်းကို ပိတ်ပင်တားမြစ်ခဲ့ပြီး သတ်မှတ်ပေးထားသည့် ဟိုတယ်များနှင့် အကောက်ခွန်လွတ် ဆိုင်များကိုသာ ထိုပစ္စည်းများတင်သွင်းခွင့်ပြုခဲ့သည်။ အဆိုပါ ပိတ်ပင်မှုကြောင့် စစ်တပ်နှင့် ခရိုနီများပိုင်ဆိုင်သည့် ကုမ္ပဏီများကသာ နိုင်ငံခြားဖြစ် အရက်နှင့် ဝိုင်များ တင်သွင်းမှုကို ကျယ်ကျယ်ပြန့်ပြန့်ထိန်းချုပ်ခွင့်ပြုထားသလို ဖြစ်နေစေခဲ့သည်။
ပုံမှန်အားဖြင့် ဟိုတယ်များနှင့် အကောက်ခွန်လွတ်ဆိုင်များသည် သူတို့တင်သွင်းခွင့် ရရှိထားသော အရက်များကို စီးပွားဖြစ်ရောင်းချခွင့်မရှိပါ။ သို့သော်လည်း မကြာသေးမီအချိန်အထိ ဈေးကွက်အတွင်း ဝယ်လိုအားကို ဖြည့်တင်းထောက်ပံ့ရန် တရားဝင်လမ်းကြောင်းများ မရှိသဖြင့် ဟိုတယ်များနှင့် အကောက်ခွန်လွတ်ဆိုင်များက လက်လီဆိုင်များသို့ ပြန်လည်ရောင်းချနေပြီး စားသုံးသူဈေးကွက်သို့ ရောင်းချနေခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သည်။ အစိုးရကလည်း မျက်စိမှိတ်၍ မသိယောင်နေခဲ့သည်။
ထိုသို့ ACE Trading Co.Ltd နှင့် Myanmar Shopping Mall တို့က နိုင်ငံခြားမှ တင်သွင်းပြီး လက်လီဆိုင်များသို့ ပေးသွင်းခဲ့ခြင်း ဖြစ်သော်လည်း အစိုးရက လက်ရှိပြုလုပ်နေသည့် ဖမ်းဆီးနှိမ်နင်းမှုသည် ၎င်းတို့ကိုသာ ဦးတည်ချက်ထားနေခြင်း ဖြစ်သည့် အတွက် တရားမျှတမှုမရှိ ဟု ခံစားရကြောင်း Premium Food Service Products ကပြောသည်။
Premium Food Service Products က ပေးသွင်းသူကုမ္ပဏီများသို့ လိပ်မူ၍ အရက်များအတွက် တင်သွင်းခွင့်လိုင်စင် မူရင်း စာရွက်စာတမ်းများ တောင်းခံထားသည့် စာများကို ဧရာဝတီသို့ထုတ်ပြသည်။ သို့သော်လည်း ကုမ္ပဏီ နှစ်ခုလုံးက ပြန်လည်အကြောင်းကြား ပေးပို့ခဲ့ခြင်း မရှိပေ။ သို့သော် ဒီဇင်ဘာလ ၁၃ ရက်နေ့ ရက်စွဲဖြင့် ACE Trading Co.Ltd က Premium Food Service Products သို့ ပေးပို့သည့် ပြန်ကြားစာတစောင်တွင် Premium Food Service Products နှင့် ဆက်သွယ်ဆောင်ရွက်မှု မှန်သမျှကို ငြင်းဆန်ထားပြီး ထောင်နှင့်ချီသော အရက်ပုလင်းများ ပေးသွင်းခဲ့ခြင်းမှာ ACE Trading Co.Ltd ၏ ဒါရိုက်တာ အဖွဲ့ဝင်တဦးဖြစ်သော ဦးသူရစိုး တဦးတည်း လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟုသာ အကြောင်းကြားလာသည်။ ယင်းကိစ္စနှင့်ပတ်သတ်ပြီး ACE Trading Co.Ltd မှ မှတ်ချက်တစုံတရာ ရရှိနိုင်ရန် အတွက် ဧရာဝတီမှ ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ပါ။
ရန်ကုန် မိုဘိုင်းစစ်ဆေးရေးအဖွဲ့မှ ဦးစိုးအောင်ကို ဧရာဝတီက မေးမြန်းသည့်အခါ ဟိုတယ်များနှင့် အကောက်ခွန်လွတ် အရောင်းဆိုင်များလည်း ဖမ်းဆီးစစ်ဆေးမှုတွင် ပါဝင်သင့်သည်ဆိုသည့် အချက်ကို ငြင်းပယ်သွားသည်။ “တင်သွင်းသူ တွေကို တိုက်ရိုတ်စစ်ဆေးဖို့က ကျနော်တို့တာဝန် မဟုတ်ပါဘူး။ ဝယ်သူတွေဟာ နိုင်ငံခြားက တရားဝင်တင်သွင်းသူတွေနဲ့ပဲ အလုပ် လုပ်ရမှာပါ” ဟု သူက ဖြေရှင်းခဲ့သည်။ ယင်းသည် မိုဘိုင်းစစ်ဆေးရေးအဖွဲ့က အရက်တင်ပို့ရောင်းချခြင်းတွင် ပါဝင်ပတ်သက်နေကြသော ကုမ္ပဏီ အုပ်စုကြီးများကို စစ်ဆေးရန် အတွက် ကြောက်ရွံ့ နေသည် သို့မဟုတ် စစ်ဆေးရန် ဆန္ဒမရှိကြဟု အဓိပ္ဖါယ်ထွက်နေသလို စားသုံးသူနှင် လက်လီဝယ်ယူရောင်းချသူတို့အဖို့ အချိန်မရွေး လက်ဝယ်တွေ့ရှိမှုဖြင့် ဖမ်းဆီးစစ်ဆေးနိုင်သော မိုဘိုင်းစစ်ဆေးရေးအဖွဲ့ကို ကြောက်ရွံ့နေကြရမည့်အခြေအနေ ဖြစ်လာနေသည်။
သို့ဆိုလျှင် စီးပွားရေးစနစ် ပြုပြင်ပြောင်းလဲရေး မဟုတ်တော့။ ငွေများ တရားနိုင်သည့် စနစ်သာ ဆက်လက်ဖြစ်ထွန်းနေဦးမည်သာ ဖြစ်၏။ ခရိုနီဝါဒသာ ဆက်လက်လွှမ်းမိုးနေမည်သာ ဖြစ်၏။ ဆိုးကျိုး သက်ရောက်မှုတွေကသာ ဈေးကွက်တွင် ဖြစ်ပေါ်နေစေပြီး မှောင်ခိုဈေးကွက်သည်လည်း မပျောက်ကွယ်သွားဘဲ ပိုမို ကြီးထွားရန်သာ မြင်သည်။ စီးပွား/ကူးသန်းဝန်ကြီးဌာနအနေဖြင့် မှောင်ခိုစနစ် တိုက်ဖျက်ရေး အမှန်တကယ် ရည်မှန်းသည်ဆိုလျှင် ပြည်ပပို့ကုန် တင်သွင်းသူ လက်ကားသမား၊ တဆင့်ပြန်လည်ရောင်းချသူ လက်လီသမားများ၊ အစိုးရ သက်ဆိုင်ရာဌာန ကိုယ်စားလှယ်များ၊ စားသုံးသူဘက်မှ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးပြီး အားလုံးသဘောတူ လိုက်နာလက်ခံမည့် အချိန်ဇယားနှင့် လုပ်ထုံးလုပ်နည်းများကို ဒီမိုကရေစီနည်းလမ်းတကျ ကျင့်သုံးမှ ဖြစ်မည်။
မိုဘိုင်းစစ်ဆေးရေးအဖွဲ့၏ ယခုဖမ်းဆီးမှုကြောင့် ဈေးကွက်အတွင်း နိုင်ငံခြား အရက်နှင့်ဝိုင်များ ပျောက်ကွယ်သွားသည်ကို အခွင့်ကောင်းယူပြီး မြန်မာဘီယာ၊ ဒဂုန်ဘီယာ၊ ဂရန်းရွိုင်ယယ် အရက်များ မြန်မာဈေးကွက်အတွင်း ရောင်းအားမြှင့်တင်မှုများ လုပ်ဆောင်သည်ကလည်း မျှတသည့် ပြိုင်ဆိုင်မှုဟု ပြောမရပါ။ ချုပ်လျှင် လတ်တလော ဖမ်းဆီးမှုများသည် မြန်မာဈေးကွက်ကို မှောင်ခိုစနစ်မှ မကင်းလွတ်စေသည်သာမက လွတ်လပ်ပြီး မျှတသည့် ပြိုင်ဆိုင်မှုတို့ ဖြစ်ပေါ်စေရန်လည်း အားမပေးဘဲ ဈေးသည်နှင့် ဈေးဝယ်များကို စိတ်ချလုံခြုံမှုကို မဖန်တီးပေးဟုသာ ဆိုရပေတော့မည်။