ကရင် ငြိမ်းချမ်းရေး အဖွဲ့ တဖွဲ့ ဖြစ်သော နောင်ရိုး အထူးဒေသ (KEAP) အဖွဲ့အား တရားမဝင် ကုန်သွယ်မှု ထိန်းချုပ်ရေး အဖွဲ့ (Mobile Team) က ကန့်သတ် ကုန်ပစ္စည်းများ စစ်ဆေးခဲ့သည့် ဖြစ်စဉ်တွင် တင်းမာမှု ပြဿနာများ ဖြစ်ပွားခဲ့ပြီးနောက် စစ်ဆေးရေး အဖွဲ့ရှိ ရဲတပ်ဖွဲ့ဝင်များကို လက်နက်အစုံ တပ်ဆင်ပေး လိုက်ကြောင်း သိရသည်။
မြဝတီ-ရန်ကုန်လမ်း စစ်တောင်း-ဒိုက်ဦးလမ်းဆုံ အနီး ညောင်ခါးရှည် ရွာတွင် ယခု လဆန်းပိုင်းကKEAP အဖွဲ့ သယ်ဆောင် လာ သော တရားမဝင် ကန့်သတ် ကုန်ပစ္စည်းများကို မိုဘိုင်း စစ်ဆေးရေးအဖွဲ့က ထိန်းသိမ်းခဲ့ကြောင်း၊ နောက်တရက်တွင် KEAP အဖွဲ့က လက်နက်ကိုင် လူအင်အား ၁၀ ဦးကျော်ဖြင့် လာရောက်၍ ပြန်လည် ယူဆောင်သွားခဲ့ကြောင်း၊ ထို့ကြောင့် ယခုကဲ့သို့ ရဲတပ်ဖွဲ့ဝင်များကို လက်နက်များ တပ်ဆင်ပေးရခြင်း ဖြစ်ကြောင်း မိုဘိုင်း စစ်ဆေးရေး အဖွဲ့တာဝန်ရှိသူ တဦးက ပြောသည်။
“ဒီလမ်းကြောင်းက ဒါကိုခွင့်ပြုပေးလို့ မရဘူး၊ ပစ္စည်းရော ကားတွေရော တားထားတာပေါ့၊ နောက်တနေ့ မနက်မှာ အဲ့ဒီအဖွဲ့က လက်နက်အင်အား ၁၀ ယောက်လောက်နဲ့လာပြီး မပေးဘူးလား ပေးမှာလား ခြိမ်းခြောက် ပြောဆိုပြီး ကားတွေ မောင်းသွားတယ်” ဟုလည်း ၎င်းက ဧရာဝတီကို ပြောပြသည်။
ကရင်ပြည်နယ် ဘီးလင်းဒေသ အခြေစိုက် KEAP အဖွဲ့က ဘီယာဖာ ၅၇၀ ကို Super Custom နှစ်စီးဖြင့် အပြည့်သယ်ဆောင် လာ ခြင်း ဖြစ်ပြီး မိုဘိုင်း စစ်ဆေးရေး အဖွဲ့၏ ဥပဒေအရ စစ်ဆေးဆုံးဖြတ်မှုကို လိုက်နာခြင်း မရှိဘဲ အလွတ် သယ်ယူသွားကြ ခြင်း လည်း ဖြစ်သည်ဟု ဆိုသည်။
ယင်းဖြစ်စဉ်နှင့် ပတ်သက်ပြီး မိုဘိုင်း စစ်ဆေးရေး အဖွဲ့က ပြည်နယ်အစိုးရသို့ တင်ပြခဲ့ရာ ပြည်နယ် လုံခြုံရေးဝန်ကြီး ကိုယ်တိုင် လာရောက်ခဲ့ကြောင်းနှင့် ကန့်သတ်ပစ္စည်းများနှင့် ထွက်ပြေးသွားသူများအား မွန်ပြည်နယ်တွင် ထိန်းသိမ်းမိခဲ့ကြောင်း သိရသည်။
ထွက်ပြေး သွားသူများကို ထိန်းသိမ်းနိုင်ခဲ့ပြီး နောက်ပိုင်း ရက်အနည်းငယ် အတွင်း KEAP အဖွဲ့ခေါင်းဆောင်က မိုဘိုင်း စစ်ဆေး ရေး အဖွဲ့သို့ လာရောက်ပြီး ရန်လိုသော သဘောမျိုးဖြင့် တင်းမာစွာပြောဆိုသွားခဲ့သည်ဟု မိုဘိုင်း စစ်ဆေးရေး အဖွဲ့ တာဝန်ရှိသူက ပြောသည်။
“အဲ့ဒီကြားမှာ သူတို့ခေါင်းဆောင် လာပြီး ရန်ရှာမယ် ဘာညာ ပြောသွားပြန်ရော၊ ကျနော်တို့လည်း စဉ်းစားတာပေါ့၊ ဒီတိုင်းဆိုရင် တော့ မဖြစ်ဘူး၊ ဟိုက သေနတ်တွေ ဘာတွေနဲ့ လာတယ်၊ မတော် ပစ်သွားရင် ကိုယ့်မှာလည်း ဘောလ်ပင်ပဲ ရှိတယ်ပေါ့၊ ရဲတွေကိုတော့ သေနတ်တွေ ဘာတွွေ ထုတ်ပေးသင့်တယ် ဆိုပြီး တင်ပြတော့ အခု ခရိုင် ရဲမင်းကြီး ကိုယ်တိုင်လာပြီး Mobile Team က ရဲအဖွဲ့ကို လက်နက် အပြည့်အစုံ ထုတ်ပေးထားတယ်”ဟု ၎င်းက ပြောပြသည်။
လက်ရှိတွင် မိုဘိုင်း စစ်ဆေးရေးအဖွဲ့ခေါင်းဆောင်က အဆိုပါ တရားမဝင် ကန့်သတ် ကုန်ပစ္စည်းများ မောင်းနှင်သွားသူအား ပဲခူး အမှတ်(၁) ရဲစခန်းတွင် ပုဒ်မ ၃၈၆ ဖြင့် အမှုဖွင့်ထားကြောင်း တာဝန်မှူး ဒု ရဲအုပ် ညီညီက ပြောသည်။
“နောင်ရိုး အထူးဒေသ အဖွဲ့က ဗိုလ်မှူး အဆင့်ရှိတဲ့ စောငွေဟောက် ဆိုသူပါ၊ လက်ရှိကတော့ စစ်ဆေးဆဲပေါ့၊ သူက အာမခံနဲ့ အပြင် မှာပါပဲ၊ သူတို့အဖွဲ့ ခေါင်းဆောင် ကိုယ်တိုင် လာပြီး အပ်သွားခဲ့တာပါ”ဟု ၎င်းက ပြောပြသည်။
မြန်မာနိုင်ငံ၏ နယ်စပ်ကုန်သွယ်မှု အဓိက လမ်းကြောင်းများ ဖြစ်သော မူဆယ်-မန္တလေး လမ်းကြောင်းတွင် မိုဘိုင်း စစ်ဆေးရေး အဖွဲ့ ၁ နှင့် မြဝတီ-ရန်ကုန် လမ်းကြောင်းတွင် မိုဘိုင်း စစ်ဆေးရေး အဖွဲ့ ၂ ကို ထားရှိ စစ်ဆေးကြောင်း၊ အခြား နယ်စပ် ထွက်ပေါက် ရှောင်ကွင်း လမ်းများတွင်လည်း မိုဘိုင်း စစ်ဆေးရေး အဖွဲ့ငယ်တချို့ဖြင့် တရားမဝင်ကုန်သွယ်မှု ထိန်းချူပ်ခြင်းများ ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။
စားသုံးသူ ကာကွယ်ရေးနှင့် တရားမဝင် ကုန်သွယ်မှုများ လျော့နည်း ကျဆင်းစေရေး လှုပ်ရှား တားဆီးရေး အဖွဲ့ဟုခေါ်သည့် (Mobile Team) မိုဘိုင်း စစ်ဆေးရေး အဖွဲ့၏ တရားမဝင် ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဗဟိုကော်မတီကို ၂၀၁၂ ခု ဒီဇင်ဘာ ၁၂ ရက်တွင် စတင်ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။