မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံသို့ သဘာ၀ ဓာတ်ငွေ့ ပေးပို့ ရောင်းချခြင်းကို ၁၅ ရက်ကြာ ခေတ္တ ရပ်ဆိုင်းမည်ဖြစ်ရာ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းမည်ကို ထိုင်းစီးပွားရေးသမားများက စိုးရိမ်နေကြကြောင်း သိရသည်။
မြန်မာအစိုးရက လာမည့် ၂၀၁၄ ခုနှစ် ဇန်နဝါရီလ ၁ ရက်မှ စတင်ပြီး ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ သဘာ၀ ဓာတ်ငွေ့ပေးပို့မှုများကို ခေတ္တရပ်ဆိုင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။
မြန်မာ စွမ်းအင်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ရတနာ သဘာ၀ ဓာတ်ငွေ့ စီမံကိန်း၏ ပလက်ဖောင်းများ ပြုပြင်ရန် အတွက် ထိုင်းနိုင်ငံသို့ တင်ပို့နေသည့် သဘာ၀ ဓာတ်ငွေ့များကို ခေတ္တရပ်ဆိုင်းထားခြင်း ဖြစ်သည်ဟု ဧရာဝတီသို့ ပြောသည်။ သို့သော် အဆိုပါ တာဝန်ရှိသူက အသေးစိတ် ပြောကြားခြင်း မပြုခဲ့ပေ။
ထိုင်းတနိုင်ငံလုံးအတွက် လိုအပ်သော စွမ်းအင်၏ ၄ ပုံ ၁ ပုံကို တနင်္သာရီတိုင်း မုတ္တမ ကမ်းလွန် ပင်လယ်ပြင်မှ ထွက်ရှိသော ရတနာ သဘာ၀ ဓာတ်ငွေ့ဖြင့် ဝယ်ယူ အသုံးပြုနေကြောင်း သိရသည်။
ထိုင်း လျှပ်စစ်ဌာန တာဝန်ရှိသူများ အနေနှင့် လျှပ်စစ်မီး ပေးနိုင်ရေးအတွက် အရန်မီးစက်ကြီးများဖြင့် ထုတ်လုပ်ရန် ကြိုတင်ပြင်ဆင်ထားသည်ဟု ထိုင်းစွမ်းအင်ဝန်ကြီးဌာနမှ အတွင်းရေးမှူး Mr. Suthep Liumsirijarern က ပြောကြားကြောင်း ထိုင်းသတင်းများတွင် ဖော်ပြထားသည်။
“လျှပ်စစ်မီး ပြတ်တောက်မှုတွေနဲ့ မကြုံရဘူးလို့ ယုံကြည်တယ်။ ဘာကြောင့်လဲဆိုတော့ ဆောင်းရာသီ ဖြစ်တဲ့အတွက် လျှပ်စစ်မီး အသုံးနည်းတယ်” ဟု ၎င်းက ဆိုသည်။
နိုင်ငံခြား ခရီးသွားများ သွားရောက်လေ့ရှိသည့် ထိုင်းနိုင်ငံ တောင်ပိုင်း Krabi မြို့တွင်လည်း ထိုကာလအတွင်း လျှပ်စစ်မီး မပြတ်တောက်ရေးအတွက် ကြိုင်တင် ပြင်ဆင်ထားကြောင်း သိရသည်။
“ဘာပဲဖြစ်ဖြစ် နှစ်သစ်ကူးတဲ့ ကာလမှာ လျှပ်စစ်မီး ပြတ်တောက်မှုတွေ မကြုံရအောင် ကြိုတင် ပြင်ဆင်မှုတွေ လုပ်ထားတယ်” ဟု Krabi မြို့နယ်မှ လျှပ်စစ်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက ဆိုသည်။
လျှပ်စစ်မီး ပုံမှန် ၁၇၀ မီဂါဝပ်မှ ၃၄၀ မီဂါဝပ်အထိ တိုးမြှင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း ၎င်းက ဆက်ပြောသည်။
ယခုနှစ် ဧပြီလဆန်းပိုင်းအတွင်း မြန်မာအစိုးရက ထိုင်းနိုင်ငံသို့ ပေးပို့နေသည့် သဘာဝဓာတ်ငွေ့များကို တပတ်ကျော်ကြာ ခေတ္တရပ်ဆိုင်းခဲ့ရာ စီးပွားရေးလုပ်ငန်း တချို့အပါအဝင် စက်ရုံအလုပ်ရုံတချို့ လျှပ်စစ်မီး မလုံလောက်မှုများ ကြုံခဲ့ရသေးသည်။
ထိုအချိန်က လျှပ်စစ်မီးကို အဓိက အသုံးပြုရသည့် သွင်းကုန် ထုတ်ကုန် ထုတ်လုပ်နေသော ကုမ္ပဏီကြီးများက စိုးရိမ်ခဲ့ကြခြင်း ဖြစ်သည်။
ထိုင်းနိုင်ငံက မြန်မာနိုင်ငံ စွမ်းအင်ကဏ္ဍ နှင့် တခြားသော စီးပွားရေး လုပ်ငန်းများတွင် အမေရိကန် ဒေါ်လာ ၉ ဘီလီယံ ရင်းနှီး မြှုပ်နှံထားပြီး ထိုင်း ရေနံနှင့် သဘာ၀ ဓာတ်ငွေ့ တူးဖော်ထုတ်လုပ်ရေး ကုမ္ပဏီဖြစ်သော PTTEP က မုတ္တမ ပင်လယ်ကွေ့ရှိ ဇောတိက သဘာ၀ ဓာတ်ငွေ့ စီမံကိန်း၊ ရဲတံခွန်နှင့် ရတနာ ကမ်းလွန် စီမံကိန်းများတွင် လုပ်ကိုင်နေကြောင်း သိရသည်။