မြန်မာနိုင်ငံ၏ စီးပွားရေးသစ်တွင် စီမံခန့်ခွဲသူများအဖြစ်နှင့် ပါဝင်လိုသူများက MBA ခေါ် စီးပွားရေးစီမံခန့်ခွဲမှုဆိုင်ရာ မဟာဘွဲ့ ရရှိနိုင် မည့် ပုဂ္ဂလိက သင်တန်းကျောင်းများတွင် စာရင်းပေးသွင်းနေကြသည်။
စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသော နိုင်ငံများတွင် MBA ဘွဲ့က တက်ရောက်လေ့လာသင့်သည့် ဘာသာရပ်တခု အဖြစ် ကာလကြာမြင့်စွာကပင် ရှိနေခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း မြန်မာနိုင်ငံတွင် အစိုးရက စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်လာပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို တံခါးဖွင့်လိုက်သည့် အချိန်တွင် မန်နေဂျာများ သည် ရှိသင့်သည့် အရည်အချင်းများ အားနည်းနေဆဲဖြစ်သည်။
“မြန်မာနိုင်ငံမှာ လူတွေက အတွေ့အကြုံနဲ့ပဲ အလုပ်လုပ်ကြတာများတယ်။ သူတို့မှာ သဘောတရား အားနည်းတယ်။ တိုင်း ပြည်ကို တံခါးဖွင့်လိုက်တဲ့ အချိန်မှာ အရင်တုန်းက လုပ်နေကျအတိုင်း ကျမတို့ လုပ်လို့မရတော့ဘူး။ ကမ္ဘာမှာသွားနေတဲ့ လမ်းအတိုင်း လိုက်ရတော့မယ်” ဟု Business Institute Yangon ၏ ကျောင်းအုပ် ဒေါ်အေးအေးမာ ကပြောသည်။
နိုင်ငံခြားကို သွားရောက် ကျောင်းတက်ရမည့် အစား ပြည်တွင်းမှာသာ သင်ကြားလိုသူ အရေအတွက်ကလည်း တိုးပွား လာသည့် အချိန်တွင် Business Institute Yangon သည် မြန်မာနိုင်ငံ၌ မကြာသေးမီ နှစ်များအတွင်းတွင် MBA သင်တန်း များ စတင်ဖွင့်လှစ် သင်ကြားပေးနေသည့် ပုဂ္ဂလိက ကျောင်းအနည်းငယ်ထဲမှ တခုဖြစ်သည်။
“လုပ်ငန်းခွင်မှာ အတွေ့အကြုံနဲ့ သဘောတရား နှစ်မျိုးလုံးလိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်း အခြေအနေ နဲ့ပတ်သက်တဲ့ နမူနာတွေ လေ့လာဖတ်ရှုဖို့လိုအပ်ပါတယ်။ စီးပွားရေးလုပ်ငန်းပညာကို မဟာအဆင့်အထိပြီးစီးအောင်လေ့လာထားတဲ့ မန်နေဂျာတွေက ပိုကောင်းတဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ပါတယ်” ဟု ဒေါ်အေးအေးမာ ကဆိုသည်။
မြန်မာနိုင်ငံမှ ပုဂ္ဂလိက သင်တန်းကျောင်းများသည် ဘွဲ့လက်မှတ် ထုတ်ပေးမည့် ထိုင်း၊ ပြင်သစ်၊ အင်္ဂလန်နှင့် အမေရိကန် ပြည်ထောင်စုမှ တက္ကသိုလ်များနှင့် ချိတ်ဆက်ထားခြင်းဖြစ်သည်။
MBA သင်တန်းတက်ရောက်ကြသူ အများအပြားသည် အလုပ်လုပ်ရင်း တက်ရောက်ကျသူများ ဖြစ်သည့်အတွက် သင်တန်းချိန်များကို စနေ၊ တနင်္ဂနွေနေ့များနှင့် ညနေပိုင်းများတွင် စီစဉ်ပေးရကြောင်းလည်း သိရသည်။
MBA ဘွဲ့ရရှိရန်အတွက် သင်တန်းတက်ရောက်နေသူ တဦးဖြစ်သော SR Worldwide Education မှ နိုင်ငံခြားရေးရာ ဒါရိုက်တာ လည်းဖြစ်သည့် မစုမြတ်မွန်က မြန်မာနိုင်ငံမှာ နေထိုင်၍ လက်ရှိအလုပ်ကို ဆက်လက်လုပ်ကိုင်ရင်း ပညာ သင်ကြားချင်ကြောင်း ပြောသည်။
“ကျမ ပြည်တွင်းကပဲဖြစ်ဖြစ် ပြည်ပ ကျောင်း တခုခုကပဲဖြစ်ဖြစ် MBA လို စီမံခန့်ခွဲရေးဆိုင်ရာ အသိမှတ်ပြုဘွ့ဲ့တခု လိုချင်တာကြာပါပြီ။ ဒါပေမယ့် နိုင်ငံခြား မသွားဘဲနဲ့ မြန်မာနိုင်ငံမှာ ကျောင်းတက်ရတာကို ပိုသဘောကျပါတယ်” ဟု သူက ဆိုသည်။
အစိုးရကျောင်းတခုဖြစ်သည့် ရန်ကုန်စီးပွားရေးတက္ကသိုလ်၊ စီမံခန့်ခွဲမှုပညာဌာန ကလည်း MBA သင်တန်းများ ဖွင့်လှစ်သင် ကြားပေး နေသည်မှာ နှစ် အတန်ငယ်ကြာခဲ့ပြီဖြစ်သည်။ သို့သော်လည်း လက်ခံသောကျောင်းသား အရေအတွက် နည်းပြီး ဝင်ခွင့်ရရှိရေးမှာလည်း ခက်ခဲသည်။ ကျောင်းဝင်ခွင့် အတွက် ကျောင်းသားများသည် Graduate Management Admission Test သို့မဟုတ် GMAT စစ်ဆေးခြင်းကို ဖြေဆိုရန်လိုအပ်သည်။ ထို့ပြင် သင်တန်းချိန်က အချိန်ပြည့်ဖြစ်ပြီး ၃ နှစ်ကြာ တက်ရောက် သင်ကြားရမည် ဖြစ်သည်။ သို့သော်လည်း သင်တန်းကြေးက အတော်လေး ချိုသာသည်။
မြန်မာနိုင်ငံရှိ ပုဂ္ဂလိက သင်တန်းကျောင်းများတွင် MBA သင်တန်းတက်ရောက်ရန်အတွက် ဝင်ခွင့်လိုအပ်ချက် နည်းပါး သည် မှန်သော်လည်း ကုန်ကျစားရိတ်မှာ ပျမ်းမျှ ၁ နှစ်ခွဲခန့်ကာလအတွက် အမေရိကန်ဒေါ်လာ ၁၀၀၀၀ ခန့် ကျသင့် မည် ဖြစ်သည်။
အခြားသော ပုဂ္ဂလိက သင်တန်းကျောင်းတခုဖြစ်သော Myanmar Metropolitan Collage ၏ ကျောင်းအုပ်ဖြစ်သော ဒေါ်ခင်နှင်းစိုးက စီးပွားရေးလုပ်ငန်းတွင် ရှေ့တန်းရောက်လိုသော မြန်မာများအတွက် MBA သည် မရှိမဖြစ် လိုအပ်ချက် တခု ဖြစ်လာနေသည်ဟု ပြောသည်။
“ဒီနေ့ခေတ်မှာ ထိပ်တန်းစီးပွားရေး သမားတွေအပါအဝင် လူတွေအများအပြား MBA သင်တန်းကြတယ်။ ဘွဲ့ရပြီးတဲ့ လူငယ်တွေလည်း MBA သင်တန်းတွေ စတက်လာကြပါပြီ။ စီးပွားရေးကဏ္ဍမှာ မဟာဘွဲ့လိုချက်က တိုးလာပါတယ်။ အလုပ်ခွင်မှာ ရှိနေပြီးသား လူတွေအတွက်လည်း အဆင့်မြှင့် မွမ်းမံဖို့လိုပါတယ်” ဟု သူကဆိုသည်။
အရောင်းနှင့် ဈေးကွက်မြှင့်တင်ရေးတွင် နှစ်ပေါင်း ၂၀ လုပ်ငန်း အတွေ့အကြုံ ရှိပြီးဖြစ်သော မောရှမ်းသွေး ဆောက် လုပ်ရေး ကုမ္ပဏီမှ အမှုဆောင် ဒါရိုက်တာ ဦးအောင်စည်လင်း ကလည်း Myanmar Metropolitan College (MMC) တွင် MBA သင်တန်းတက်ရောက်နေကြောင်းပြောသည်။ နောက်ပိုင်းတွင် သူ၏ ကျွမ်းကျင်မှုများကို လက်ဆင့်ကမ်းပေးနိုင်ရန် အတွက် သင်ကြားရေးပိုင်းသို့ ကူးပြောင်းရန်လည်း သူက ဆန္ဒရှိနေသည်။
“MMC မှာ အွန်လိုင်း MBA အစီအစဉ်ရှိတယ်။ အားရက်တွေမှာတော့ ချထားပေးတဲ့ သင်ခန်းစာတွေ လုပ်ရတယ်။ ကျနော်တို့မှာ ဖိအား သိပ်မများတော့ဘူးပေါ့။ တကယ်လို့ ပြည်ပမှာ သွားသင်မယ်ဆိုရင် အချိန်တွေ အများကြီး ပေးရမယ်။ ကုန်ကျစားရိတ်လည်း များတယ်” ဟု သူက ပြောသည်။
ပြည်တွင်းမှာ တက်ရောက်သင်ကြားနိုင်ပြီဖြစ်သော်လည်း မြန်မာနိုင်မှ ပညာရေးအဖွဲ့အစည်းများ၏ သင်ကြားရေး အဆင့် အတန်းသည် အခြားနိုင်ငံများ၏ နောက်တွင်ကျန်ရစ်နေဆဲဖြစ်သဖြင့် ငွေကြေးတတ်နိုင်သူ အမြောက်အများက နိုင်ငံခြားသို့ သွားရောက်သက်ကြားနေကြဆဲဖြစ်သည်။
ဂျပန်နိုင်ငံမှ International University of Japan တွင် E-business Management ဘာသာရပ် မဟာဘွဲ့အတွက် သွားရောက် ကျောင်းတက်ခဲ့သော ကျောင်းသူတဦးက နိုင်ငံရပ်ခြားတွင် ပညာသင်ကြားခြင်းအားဖြင့် ဘ၀ အတွေ့ အကြုံများ ရရှိနိုင်ကြောင်းပြောသည်။
“ဒီဘာသာရပ်ကို ကျမ ရွေးချယ်လိုက်ရတာက ၁ နှစ်ပဲ ကျောင်းတက်ရ ပြီးတော့ GMAT စာမေးပွဲလဲ ဖြေစရာမလိုလို့ပါ” ဟု အဆိုပါ ကျောင်းသူကပြောသည်။ ယခုအခါတွင် မြန်မာနိုင်ငံမှ ဘဏ်လုပ်ငန်း ကဏ္ဍတွင် လက်ထောက် မန်နေဂျာ တ ယောက် အဖြစ်လုပ်ကိုင်နေပြီ ဖြစ်သည် ဟုလည်း သူက ထပ်ပြောသည်။
ပညာသင်ထောက်ပံ့ကြေးမရရှိခဲ့သဖြင့် ဂျပန်နိုင်ငံတွင် သူတက်ရောက်ခဲ့သည့် သင်တန်းအတွက် အမေရိကန် ဒေါ်လာ ၂၁၀၀၀ ကျော် ကုန်ကျခဲ့သည်ဟုလည်း သိရသည်။ ထို့ကြောင့်လည်း ကျောင်းသူကျောင်းသား အများအပြားက ကုန်ကျ စားရိတ်သက်သာသော ပြည်တွင်း သင်တန်းကျောင်းများတွင် တက်ရောက်နိုင်ရန် ကြိုးစားနေကြခြင်းဖြစ်သည်။
“MBA က ဘွဲ့တခု သက်သက်ပဲ မဟုတ်ပါဘူး။ ဘဝတခုလုံးအတွက် အရေးကြီးပါတယ်။ စိတ်ဝင်စားတဲ့ သူတိုင်း တက် သင့်ပါတယ်။ ဘယ်နေရာကနေ ဘွဲ့ရတယ်ဆိုတာ အရေးမကြီးပါဘူး။ အားလုံးက ကိုယ်ဘယ်လောက် ကြိုးစားသလဲ ဆိုတာပေါ်မှာပဲ မူတည်ပါတယ်” ဟု မစုမြတ်မွန် ကဆိုသည်။