တရုတ်-မြန်မာ နယ်စပ် မူဆယ် ကုန်သွယ်ရေးဇုန် လမ်းကြောင်းမှ တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ယခင်နှစ်ထက် ပိုမို တင်ပို့ရပြီး အရှိန်ရလာကြောင်း မူဆယ် ဆန်စပါးလုပ်ငန်း အသင်း ဒု ဥက္ကဌ ဦးချမ်းသာဦးက ပြောသည်။
“တရက်ကို အိတ် ၄ သောင်းနဲ့ ၅ သောင်းကြား ပုံမှန်အဝင် ရှိနေပါတယ်၊ တရုတ်ကလည်း ပုံမှန် ဝယ်လိုအား ရှိတယ်၊ ဗီယက်နမ် ဆန်က အရင်ကထက် စာရင် ဝင်ရောက်မှု နည်းသွားပြီ”ဟု ၎င်းက ပြောသည်။
တရုတ်နိုင်ငံသို့ ဆန်တင်ပို့မှုမှာ ယခုဘဏ္ဍာနှစ် ၂၀၁၄-၂၀၁၅ အစတွင် တန်ချိန် ၄ သောင်းနီးပါး တင်ပို့ နိုင်ခဲ့ကြောင်း၊ ယခင် ဘဏ္ဍာနှစ် ၂၀၁၃-၂၀၁၄ က အလားတူ ကာလတွင် တန်ချိန် ၃ သောင်းကျော်သာ တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။
“ဧပြီမှာ မနှစ်က ဘဏ္ဍာနှစ် အလားတူ ကာလထက် တန်ချိန် ၈ ထောင်ကျော်လောက် ပိုတင်ပို့နိုင်ခဲ့တယ်”ဟု ဦးချမ်းသာဦး က ပြောသည်။
မူဆယ်နယ်စပ် ကုန်သွယ်ရေး လမ်းကြောင်းမှ ဆန်တင်ပို့မှုတွင် ပြီးခဲ့သည့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ် တင်ပို့မှုသည် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ် တင်ပို့မှုအောက် လျော့နည်းသည်ကို တွေ့ရသည်။
၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် တန်ချိန် ၈ သိန်းကျော် တင်ပို့နိုင်သော်လည်း ၂၀၁၃ – ၂၀၁၄ ဘဏ္ဍာနှစ်တွင် တန်ချိန် ၇ သိန်း နီးပါး တင်ပို့နိုင်ကြောင်း သိရသည်။
မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်းအသင်း တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက“မနှစ်ကလောက်တော့အနည်း ဆုံး ထွက်မှာပါ၊ တန်ချိန် ၈ သိန်းကနေ ၁ သန်း ကြားပေါ့၊ ဒါပေမယ့် အများကြီးတော့ မထွက်နိုင်ဘူး၊ ပိုရင်လည်း နှစ်သိန်း လောက်ပေါ့၊ တရုတ်နဲ့ နှစ်နိုင်ငံ တရားဝင် စာချုပ် မချုပ်နိုင်တာလည်း တချက် ပါတာပေါ့”ဟု ပြောသည်။
တရုတ်နိုင်ငံသို့ တင်ပို့နေသည့် ဆန် အမျိုးအစားများမှာ ဧည့်မထ အုပ်စုဝင် တန်းမြင့် ၅ မှတ် ဆန်အမျိုးအစားများ၊ ငစိန်အုပ်စု တန်းမြင့် ၁၀ မှတ် အမျိုးအစားနှင့် တန်းနိမ့် ၂၅ မှတ်ဆန်များ ဖြစ်ကြောင်း သိရသည်။
ဧည့်မထ အုပ်စုဝင် ဆင်းသွယ်လတ် တန်းမြင့် ၅ မှတ် ဆန်တအိတ်လျှင် မူဆယ် အရောက်ဈေးနှုန်းမှာ တရုတ်ငွေ ၁၄၈ ယွမ် ရရှိကြောင်း၊ ငစိန် ၁၀ မှတ် အမျိုးအစား ဆန်တအိတ်လျှင် ၁၄၀ ယွမ် ရရှိပြီး တန်းနိမ့် ၂၅ မှတ် ဆန်တအိတ်လျှင် ၁၃၄ ယွမ် ရရှိကြောင်း မူဆယ် ဆန်ကုန်သည်များက ပြောသည်။
ဗီယက်နမ်မှ တရုတ်နယ်စပ်သို့ ဆန်ဝင်ရောက်မှုသည် သင်္ကြန် မတိုင်ခင်တွင် တရက်လျှင် အိတ် ၈ သောင်းနှင့် ၁သိန်းကြား တွင် ရှိနေပြီး ယခု ကာလအတွင်း တရုတ်နှင့် နယ်စပ် ပြဿနာ တချို့ရှိခဲ့ရာမှ ဆန်အဝင် နည်းသွားခြင်း ဖြစ်သည်ဟု ဦးချမ်း သာဦး က ဆိုသည်။
“များသောအားဖြင့် ဗီယက်နမ်ဆန်က မြန်မာ့ဆန်ထက် ဈေးနှုန်း ချိုတယ်၊ တကယ်လို့ ဗီယက်နမ်ဆန်က မြန်မာဆန်ထက် အဝင် များသွားပြီဆို ဈေးနှုန်းကို ချဝယ်တာပေါ့၊ ဒီဘက်မှာ ဈေးနှုန်းကျပြီး ဝယ်လိုအား နည်းသွားတယ်”ဟု ၎င်းက ပြောပြ သည်။
လက်ရှိ ငွေလဲလှယ်ဈေးနှုန်းအရ တရုတ်ယွမ် ပေါက်ဈေးမှာ ၁ ယွမ်လျှင် မြန်မာငွေ ၁၅၃ ကျပ်နှင့် ၁၅၄ ကျပ် အကြား ရှိနေသည်။