ပြည်တွင်း ကုမ္ပဏီများနှင့် လုပ်ငန်း အများစုသည် လက်ရှိ ပြဌာန်းထားသော နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို လိုက်နာ ကျင့်သုံးမှု နည်းပါးနေ၍ ဥပဒေ ပြဌာန်းချက်ပါ အကျိုးခံစားခွင့် ဆုံးရှုံးမှုများ ရှိနေသည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်(MIC) က ပြော သည်။
MIC အတွင်းရေးမှူး ဦးအောင်နိုင်ဦးက“မန္တလေး စက်မှုဇုန်ဆို လုပ်ငန်းတွေ အများကြီးပါ။ အဲ့ဒီမှာ MIC ပါမစ်နဲ့ လုပ်တဲ့သူ ဆိုလို့ လေးငါးခြောက်ယောက်ပဲ ရှိပါတယ်။ နိုင်ငံသားတွေက အရင် ခေတ်အဆက်ဆက်မှာ မြန်မာနိုင်ငံသားများ ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အသုံးမပြု ခဲ့ကြဘူးပေါ့။ အချို့ဆို သိကို မသိဘူး။ အချို့က သိတော့ သိတယ်၊ အလုပ်တွေ ရှုပ်တယ်။ ဒီတော့ ဘာသွားဖြစ်လည်း ဆိုတော့ ကိုယ့်နိုင်ငံသားတွေ အခွင့်အရေး ရှိတဲ့ဟာတွေ ဆုံးရှုံးတာပေါ့”ဟု ဧရာဝတီသို့ ပြောသည်။
ပြန်လည် ပြဌာန်းထားသော နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အခန်း ၁၁ ပါ ကင်းလွတ်ခွင့်နှင့် သက်သာခွင့်များတွင် MIC ခွင့်ပြုချက်ဖြင့် လုပ်ငန်း ဆောင်ရွက်ပါက လုပ်ငန်း စတင်သည့် နှစ်မှ ၅ နှစ် ဆက်တိုက် ဝင်ငွေခွန် ကင်းလွတ်ခွင့် ရမည် ဖြစ်သည်။
ထို့အပြင် လုပ်ငန်းလည်ပတ်ရန် အတွက် လိုအပ်သော စက်ပစ္စည်းများနှင့်ယန္တရားများ ပြည်ပမှတင်သွင်းလျှင်လည်း အကောက်ခွန် နှင့် အခြား ပြည်တွင်း အခွန်များ ကင်းလွတ်ခွင့်၊ သက်သာခွင့်၊ လုပ်ငန်း အမြတ်ငွေနှင့် ပြန်လည် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန် ကင်း လွတ်ခွင့် အပြင်၊ ပြည်ပပို့ကုန် ပစ္စည်းများ ထုတ်လုပ်သည့် လုပ်ငန်းများ ဆိုပါက ယင်းပို့ကုန်များ အတွက် ကုန်သွယ်လုပ်ငန်းခွန် ကင်းလွတ်ခွင့် စသော အချက်များ ပါရှိရာ ယင်းအချက်များကို လက်လွတ် ဆုံးရှုံးနေခြင်း ဖြစ်ကြောင်း သိရသည်။
နိုင်ငံသား လုပ်ငန်းရှင် အများအပြား ယင်းသို့ ဖြစ်နေရခြင်းမှာ ကုမ္ပဏီများနှင့် လုပ်ငန်းများက မှတ်ပုံတင် လိုင်စင် ရယူခြင်းဖြင့်သာ အများဆုံး လုပ်ကိုင် နေကြပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ အပေါ်တွင် ကျယ်ပြန့်စွာသိရှိမှု အားနည်းနေခြင်းနှင့် MIC ကို တင်ပြ ရသည့် အခါတွင် အခက်အခဲ ရှိနေသေးခြင်းတို့ကြောင့် ဖြစ်သည်ဟု လုပ်ငန်းရှင်များက ပြောသည်။
ရွှေဝါရောင် Agriculture Production Co.ltd မှ တာဝန်ရှိသူ တဦးဖြစ်သည့် ဦးလူမော်မြင့်မောင်က“နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ ရှိပါတယ်။ ဒါပေမယ့် ကျနော်တို့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေထဲမှာ ဒါကို သိတဲ့သူ တော်တော် ရှားပါတယ်။ တရာမှာ တယောက် လောက် ပါပဲ။ နောက်တခု နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုနဲ့ လုပ်မယ်ဆိုရင် ကုမ္ပဏီ အသစ်ထောင်မှ ရမယ်ပေါ့။ အဲဒါက ကန့်သတ် ထား တယ်။ ကုမ္ပဏီ အဟောင်းတွေလည်း နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေနဲ့အညီ၊ ဘယ်လို လုပ်လို့ ရမလဲပေါ့။ ဒါမျိုးလေးတွေ ရှိစေချင် တယ်”ဟု ပြောသည်။
MIC ခွင့်ပြုချက်ရရန် လုပ်ဆောင်ရသည့် အပေါ် Farmer Auto Car Showroom မှ ဒေါက်တာ စိုးထွန်းက “MIC တင်တဲ့ အခါကျ ထင်သလောက် မလွယ်ဘူးပေါ့။ သူတို့ရဲ့ လိုအပ်တဲ့ အချက်တွေက ဒီဘက်ကသူတွေ အတွက် အခက်အခဲ ရှိတယ်။ ဒါကို ကြည့်ခြင်း အားဖြင့် ကြိုးနီ စနစ်တွေ ရှိသေးတယ် ဆိုတာမျိုး ပြောရမယ်။ သူတို့ အတွက်တော့ ပြောင်းလဲတယ်၊ လွယ်ပြီ ဆိုပေမယ့် ကျနော်တို့ ဘက်ကတော့ ကျန်သေးတယ်”ဟု ဆိုသည်။
ရင်းနှီးမြှုပ်နှံမှု ကဏ္ဍနှင့် ပတ်သက်ပြီး နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေ(CIL)နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေ(FDI) တို့ကို ယခု အစိုးရသစ် လက်ထက်အတွင်း ပြဌာန်းခဲ့ပြီး ယခုအခါ အဆိုပါ ဥပဒေ နှစ်ခုကို တခုတည်းအဖြစ် ပြန်လည် ပေါင်းစည်းရန် လုပ်ဆောင် နေပြီ ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေကို အခန်း ၁၈ ခန်းနှင့် ဖွဲ့စည်းထားပြီး ၂၀၁၃ ခုနှစ် ဇူလိုင် ၂၉ ရက်စွဲဖြင့် ပြည်ထောင်စု လွှတ်တော်က ပြဌာန်းခဲ့ခြင်း ဖြစ်သည်။ ဥပဒေတွင် ရင်းနှီးမြှုပ်နှံသူများက ခွင့်ပြုချက်ရရှိရန်အတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော် မရှင်(MIC)၏ သတ်မှတ်ချက်များနှင့်အညီ အဆိုပြု လျှောက်ထားရမည် ဖြစ်သည်။