စီမံကိန်းနှင့် ရင်းနှီးမြှုပ်နှံမှု လိုအပ်ချက်များကြောင့် မြန်မာနိုင်ငံသည် နောက် ၁၀ နှစ်ကျော်သည့် အခါ နိုင်ငံခြားမှ တင်သွင်းသည့် ရေနံစိမ်းနှင့် ချက်လုပ်ပြီး လောင်စာများ အပေါ် မှီခိုမှု တိုးလာမည်ဟု စွမ်းအင်ကဏ္ဍ အစီရင်ခံစာ တစောင်က ကြိုတင် ခန့်မှန်းလိုက်သည်။
လာမည့်နှစ်များ အတွင်း ကုန်းတွင်းနှင့် ကမ်းလွန် ရှာဖွေမှုများမှ အမြောက်အမြား ထွက်ရှိလိမ့်မည် ဟု မျှော်လင့်ရသော်လည်း ရေနံစိမ်း တင်သွင်းမှု မြင့်တက်လာရန် အလားအလာ ကောင်းနေကြောင်း အစီရင်ခံစာက ဆိုသည်။
သန့်စင် ချက်လုပ်မှု ကဏ္ဍတွင် ရင်းနှီးမြှုပ်နှံမှု နည်းပါးနေသည့် အတွက် ဓာတ်ဆီနှင့် ဒီဇယ် တင်သွင်းမှု မလွဲမသွေ မြင့်တက်လာ လိမ့်မည်ဟု Business Monitor International (BMI) ကုမ္ပဏီ၏ မြန်မာနိုင်ငံ စွမ်းအင်အရင်းအမြစ်များ လေ့လာမှု စာတမ်းတစောင်တွင် ဖော်ပြထားသည်။ BMI သည် နိုင်ငံတကာ စီးပွားရေး အခက်အခဲများကို လေ့လာ ဆန်းစစ်နေသည့် လန်ဒန် အခြေစိုက် ကုမ္ပဏီတခု ဖြစ်သည်။
“ကမ်းလွန် သဘာဝဓာတ်ငွေ့တွင်း တွေက ထွက်ရှိနေတဲ့ လေဆီ (condensate) ထုတ်လုပ်မှု မြှင့်တင်ရေး အတွက် ကြေညာခြင်း၊ ဆွေးနွေးခြင်း မရှိတာကို တွေ့ရတဲ့အတွက် လာမယ့် ဆယ်နှစ် အတွင်းမှာ ထုတ်လုပ်မှု ဖြည်းဖြည်းချင်း ကျဆင်းသွားမယ် လို့ ကျနော်တို့ထင်ပါတယ်” ဟု BMI ကဆိုသည်။
“ကုန်တွင်းပိုင်း ရှာဖွေတူးဖော်ရေး လိုင်စင်တွေ ချထားပေးခြင်းက အားနည်းနေတဲ့ ရေနံထုတ် လုပ်မှုကို အားကောင်း လာစေ နိုင်မယ်လို့ မျှော်လင့်ရပါတယ်။ လက်ရှိ အချိန်မှာတော့ ၂၀၂၀ နဲ့ နောက်ပိုင်းအထိ ဒီကဏ္ဍက ကျဆင်းသွား မယ် လို့ ကျနော်တို့ ခန့်မှန်းပါတယ်။ ကုန်းတွင်းပိုင်းမှာ ရှာဖွေမှုတွေ အသစ် ပြန်စပြီး အရင်းအမြစ် တွေ့ရှိမှု များလာနိုင် ပေမယ့် လာမယ့် ဆယ်စုနှစ်တွေမှာ မြန်မာနိုင်ငံအနေနဲ့ ပြည်ပက ရေနံတင်သွင်းမှုကိုပဲ ပိုမိုမှီခိုလာရမယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်” ဟု ၎င်းတို့က ပြောသည်။
၂၀၁၃ ခုနှစ်တွင် မြန်မာနိုင်ငံက ရေနံတနေ့လျှင် စည် ၂၀ဝဝဝ ဝန်းကျင် ထုတ်လုပ်နိုင်ခဲ့သည်ဟု ခန့် မှန်းတွက်ချက်မှု အမျိုးမျိုးအရ သိရသည်။ သို့သော်လည်း ၂၀၂၃ ခုနှစ် မတိုင်မီ အတွင်း တနေ့လျှင် စည် ၁၇၀ဝ၀ အောက်သို့ ကျဆင်း သွားဖွယ်ရှိသည် ဟု BMI က ခန့်မှန်းသည်။ ယင်းသို့ ဖြစ်ရခြင်းမှာ ကုန်းတွင်းပိုင်း ထုတ်လုပ်သူ အနည်းငယ်က ထုတ်လုပ်မှုကို ထိန်းထားနိုင်ချိန်တွင် အဓိကကျသည့် ရဲတံခွန် ကမ်းလွန်သဘာဝ ဓာတ်ငွေ့တွင်းမှ လေဆီ (Condensate) ထုတ်လုပ်မှု ပမာဏ ကျဆင်းသွားခြင်း ကြောင့် ဖြစ်သည်။
ထုတ်ပြန် ထားသည့် မြန်မာနိုင်ငံ၏ အရန်ရေနံ နှင့် သဘာဝဓာတ်ငွေ့ အချက်အလက်များနှင့် နောက်နှစ် အနည်းငယ် အတွင်း ထုတ်လုပ်နိုင်မည်ဟု မျှော်မှန်းထားချက်များကို အခြေခံ၍ ခန့်မှန်းထား ခြင်းဖြစ်သည်ဟု BMI ကပြောသည်။
မြန်မာ့ရေနံ နှင့် သဘာဝဓာတ်ငွေ့လုပ်ငန်းမှ စာရင်းဇယားများနှင့် အမေရိကန် စွမ်းအင်သတင်း အချက်အလက် စီမံ ခန့်ခွဲရေးဌာန၏ ခန့်မှန်းမှုအရ မြန်မာနိုင်ငံတွင် အရန် ဟိုက်ဒရိုကာဗွန် စုစုပေါင်း သဘာဝဓာတ်ငွေ့ ကုဗမီတာ ၅၄၀ ဘီလီယံနှင့် ရေနံစည်ပေါင်း သန်း ၅၀ ခန့် ရှိနေသည်ဟု ၎င်းတို့က ပြောသည်။
“နိုင်ငံတကာ ရေနံကုမ္ပဏီကြီးတွေရဲ့ စိတ်ဝင်စားမှု အလွန် မြင့်မားနေခြင်းနဲ့ မြန်မာနိုင်ငံမှာ နေရာ အလိုက် ရှာဖွေ တွေ့ရှိနိုင်မှု အလားအလာတွေ ကြောင့် ကျနော်တို့ရဲ့ ကြိုတင်ခန့်မှန်းမှုဟာ အလွန်ကို စိုးရိမ်မှု ကြီးသလို ဖြစ်နေမယ် ဆိုတာ သိပါတယ်။ ဒါပေမယ့် ရှာဖွေတွေ့ရှိမှု အစောပိုင်း အဆင့်တွေ အရ ဒီအမြင်ကို ဆက်လက်ထိန်းသိမ်းထားဖို့ ရွေးချယ်လိုက်ပါတယ်” ဟု BMI ၏ လေ့လာ ဆန်းစစ်မှုတွင် ဖော်ပြထားသည်။
မြန်မာအစိုးရက ပြီးခဲ့သည့် မေလအတွင်းတွင် Chevron, Royal Dutch Shell တို့ကဲ့သို့ နိုင်ငံတကာ ကုမ္ပဏီကြီးများ နှင့် ဩစတြေးလျနိုင်ငံမှ Woodside Energy ကဲ့သို့ ကုမ္ပဏီငယ်များ အပါအဝင် စုစုပေါင်း နိုင်ငံခြားကုမ္ပဏီ ၁၅ ခုကို ကမ်းလွန်ရေနံ လုပ်ကွက်များ ရှာဖွေလုပ်ကိုင်ခွင့် ချထားပေးခဲ့သည်။
သို့သော်လည်း ရှာဖွေရေး လုပ်ငန်းများကို မည်သည့်အချိန်တွင် စတင်ရမည်ဟု အချိန်ကန့်သတ်ချက် ယခုထိ မရှိသေးပေ။
တချို့လုပ်ကွက်များက ရေအလွန်နက်သည့် နေရာတွင် ရှိနေသည်။ ရေတိမ်ပိုင်း လုပ်ကွက်များ အတွက် ပြည်တွင်းမှ ဖက်စပ် လုပ်ကိုင်မည့်သူ လိုအပ်သည်။
ကမ်းလွန် လုပ်ကွက်များ အတွက် လုပ်ပိုင်ခွင့် ချထားပေးရေး အစီအစဉ်များကို ၂၀၁၃ ခုနှစ် အလယ်လောက် ကတည်းက စတင်ခဲ့ခြင်း ဖြစ်ပြီး အစပိုင်းတွင် ကုမ္ပဏီ ၆၁ ခု ပါဝင်ခဲ့သည်။ လုပ်ကိုင်ခွင့် ရရှိပြီး သူများသည်လည်း စည်းကမ်း သတ်မှတ်ချက်များနှင့် ပတ်သက်၍ စွမ်းအင်ဝန်ကြီးဌာန အပါအဝင် အစိုးရအဖွဲ့အစည်း အမြောက်အမြားနှင့် ညှိနှိုင်း ဆွေးနွေးနေကြဆဲ ဖြစ်သည်။
မြန်မာအစိုးရကလည်း အသစ်ရှာဖွေ တွေ့ရှိမည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်း လိုအပ်မှု ပြည့်စုံမှု မရှိသေးခင် အထိ ပြည်ပသို့ တင်ပို့ခွင့်ပြုမည် မဟုတ်ဟု ပြောထားသည်။
သို့သော် ယခုအချိန် အထိ ထွက်ရှိသည့် ဓာတ်ငွေ့ အများစုကို နိုင်ငံခြားသို့ တင်ပို့နေဆဲ ဖြစ်ပါသည်။
ကမ်းလွန်လုပ်ကွက် ၃၀ အတွက် အဆိုပြုလွှာ ခေါ်ယူခဲ့ခြင်း ဖြစ်သော်လည်း လုပ်ကွက် ၂၀ သာ ချထားပေးခဲ့ခြင်း အတွက် မြန်မာအာဏာပိုင်များ ဘက်မှ အကြောင်းပြချက် ထုတ်ပြန်မှု ယခုထိ မရှိသေးပါ။
လုပ်ကိုင်ခွင့် အတွက် ယခုနှစ် မကုန်မီ နောက်တကြိမ် အဆိုပြုလွှာ ခေါ်ယူသည့် အခါ လုပ်ကွက်များ ပိုမိုထည့် သွင်းပေးမည် ဟု စွမ်းအင် ဝန်ကြီးဌာနက ဖော်ပြခဲ့သည်။
မြန်မာနိုင်ငံ၏ ဓာတ်ဆီနှင့် ဒီဇယ် တင်သွင်းမှု ပိုမိုမြင့်မားလာမည်ဟု ခန့်မှန်းရခြင်းမှာ မြန်မာနိုင်ငံသည် ထုတ်ကုန် ပစ္စည်းများ အတွက် ဈေးကွက် အကန့်အသတ်ရှိသော ရေနံသန့်စင် ချက်လုပ်မှု ကဏ္ဍသို့ ထောက်ပံ့ပေးမည့် ရင်းနှီးမြှုပ်နှံသူ ရှာဖွေရာ၌ အခက်အခဲနှင့် ရင်ဆိုင်နေရ၍ ဖြစ်ကြောင်း BMI ၏ လေ့လာမှုတွင် ဖော်ပြထားသည်။
“သုံးစွဲမှု တိုးလာတာနဲ့ အမျှ မြန်မာနိုင်ငံကလည်း လောင်စာဆီ တင်သွင်းမှု အပေါ် ပိုပြီး မှီခိုလာရမယ် လို့ ကျနော်တို့ မျှော်လင့် ပါတယ်” ဟု ၎င်းတို့က ပြောသည်။
မြန်မာနိုင်ငံတွင် ရေနံချက် စက်ရုံငယ် ၃ ခု ရှိသော်လည်း ပြင်ဆင်ထိန်းသိမ်းနိုင်မှု အားနည်းသည့် အတွက် အားလုံး စုစုပေါင်း အနေဖြင့် တရားဝင် သတ်မှတ်ထားသည့် တနေ့လျှင် စည် ၅၅၀ဝ၀ နှုန်း၏ ၃ ပုံ ၁ ပုံသာ ထုတ်လုပ်နိုင်သည် ဟု အပတ်စဉ်ထုတ် စွမ်းအင်ကဏ္ဍဆိုင်ရာ စာစောင်တခု ဖြစ်သည့် Asian Oil Monitor က မကြာသေးမီက ရေးသားခဲ့ သည်။
“ဒီဇယ် အမြောက်အမြား သုံးစွဲရတဲ့ စက်ရုံတွေနဲ့ မြို့ငယ်လေးတွေက လျှပ်စစ်ဓာတ်အားပေး စက်ရုံတွေ အတွက် လုပ်ငန်းခွင်သုံး လောင်စာ တင်သွင်းမှုက တိုးလာပြီး ဒါကို နိုင်ငံခြားက တင်သွင်းနေရပါတယ်” ဟု Asian Oil Monitor က ဆိုသည်။
“ထိုင်းနိုင်ငံမှာ လူ ၁၀ဝ၀ မှာ ကားစီးနိုင်သူ ၃၇၀ ရှိပြီး အင်ဒိုနီးရှား မှာတော့ ၂၅၀ ရှိတာနဲ့ နှိုင်းယှဉ်ရင် မြန်မာနိုင်ငံမှာ လူ ၁၀ဝ၀ မှာ ၂၀ ပဲ ကား စီးနိုင်ပေမယ့် ကားတင်သွင်းမှု မူဝါဒတွေကို ဖြေလျှော့ပေးလိုက်ပြီး နောက်ပိုင်းမှာ လောင်စာလိုအပ်မှုက တဟုန်ထိုး မြင့်တက်လာပါတယ်” ဟု အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) ၏ ကိန်းဂဏန်းများကို ကိုးကား၍ Asian Oil Monitor က ပြောသည်။
ယခုနှစ် အစောပိုင်းတွင် ထိုင်းနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းကို ချုပ်ကိုင်ထားသော အစိုးရပိုင် PTT ကုမ္ပဏီ၏ လုပ်ငန်းခွဲတခု ဖြစ်သည့် Thai Oil plc က မြန်မာနိုင်ငံမှ ရေနံချက်စက်ရုံ ၃ ခုကို မွမ်းမံပြင်ဆင်မှု ပြုလုပ်ရန် မြန်မာ့ ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေး လုပ်ငန်းနှင့် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ခဲ့သည် ဟု သိရသော်လည်း ယခု အချိန်အထိ တစုံတရာ မကြားသိရသေးဟု Asian Oil Monitor က ဆိုသည်။
ဒေသတွင်း ဈေးကွက်က အများနှင့် နှိုင်းစာလျှင် အနည်းငယ် သေးငယ်နေပြီး အာရှ-ပစိဖိတ် ဒေသတွင်း တွင်လည်း ရေနံချက် လုပ်ငန်း ကျယ်ပြန့်လာနေခြင်း ကြောင့်လည်း ရေနံထွက်ကုန် တင်ပို့မှု၏ အချက်အချာ ဖြစ်လာစေရေး အတွက် ဦးတည်လုပ်ဆောင်မည့် မြန်မာနိုင်ငံ၏ အစောပိုင်းက မျှော်လင့်ချက်များ၊ အခွင့်အရေးများကို လျော့ကျစေခဲ့ သည် ဟု BMI က သုံးသပ်ခဲ့သည်။
“အစိုးရက အကောင်အထည် ဖော်နေတဲ့ ပြည်တွင်း လောင်စာထုတ်လုပ်မှုကို ကာလတိုနဲ့ အလယ်အလတ် ကာလ တခုအတွင်း သိသိသာသာ တိုးတက်လာရေး စီမံကိန်းတွေဟာ စီးပွားရေး အရ အကန့်အသတ် ရှိပြီးတော့ အောင်မြင် ဖို့ အတွက် ရင်းနှီးမြှုပ်နှံမှု မဖြစ်မနေ လိုအပ်လာလိမ့်မယ် လို့ ကျနော်တို့ မျှော်လင့်ထားပါတယ်” ဟု BMI ၏ အစီရင်ခံစာက ဆိုသည်။