မျှော်မှန်းထားသလောက် အလုပ်မဖြစ်ခဲ့သော မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံ ဆက် သွယ်ထားသည့် ဓာတ်ငွေ့ ပိုက်လိုင်းကို တရုတ်အစိုးရပိုင် China National Petroleum Coroporation(CNPC) က ဖောက်လုပ်ခဲ့ခြင်းမှာ လက်တွေ့ကျသော အကြောင်းပြချက်များထက် ဘေဂျင်းမြို့တော်မှ နိုင်ငံရေးခေါင်းဆောင်ပိုင်းကို စိတ်ကျေနပ် မှုရစေရန် ဖြစ်ကြောင်း စွမ်းအင်ကဏ္ဍဆိုင်ရာ သတင်းတခုက ဆိုသည်။
အဆိုပါပိုက်လိုင်းကို တရုတ်နိုင်ငံ စွမ်းအင်အရင်း အမြစ်ရရှိရန် ဆောင်ရွက်နေသော ဗျူဟာမြောက် စင်္ကြံ အမြောက်အမြားထဲမှ တခုအနေဖြင့် ဆက်သွယ်ရန် တရုတ်စွမ်းအင် ဗျူဟာပညာရှင်များ၏ ကန့်ကွက်မှုများကို ဆန့်ကျင်၍ CNPC ၏ ဥက္ကဋ္ဌဟောင်း Jiang Jieminက ဆုံးဖြတ်ခဲ့ခြင်း ဖြစ်သည်။
“တရုတ် စက်မှုလုပ်ငန်း ပညာရှင်တွေက ကန့်ကွက်ခဲ့ပေမယ့် Jiang Jiemin က အမေရိကန် ဒေါ်လာ ၁ ဘီလီယံ ကုန်ကျမည့် မြန်မာဓာတ်ငွေ့ ပိုက်လိုင်း စီမံကိန်းကို ၂၀၁၀ မှာ စတင်လုပ်ဆောင်ခဲ့ ပြီးတော့ ၂၀၁၃ ခုနှစ် ဇွန်လမှာ ပြီးစီးခဲ့ပါတယ်။ လေ့လာအကဲခတ်သူတွေ ကြိုတင်ခန့်မှန်းခဲ့တဲ့အတိုင်း ပါပဲ။ ပိုက်လိုင်းဟာ သူသယ်ပို့နိုင်စွမ်းရဲ့ တစိတ် တပိုင်းကိုပဲ ပို့ဆောင်ပေးနိုင်ခဲ့ပါတယ်။ ဘာဖြစ်လို့ လဲဆိုတော့ မြန်မာကမ်းလွန် သဘာဝဓာတ်ငွေ့တွင်းတွေက ဓာတ်ငွေ့လုံလောက်အောင် ထောက်ပံ့မပေး နိုင်လို့ပါ” ဟု Reuters သတင်းဌာန၏ အထူး သတင်းတပုဒ်တွင် ဖော်ပြထားသည်။
CNPC ၏ လုပ်ငန်းတနှစ်ပြည့်မြောက်သည့် အချိန်တွင် ပိုက်လိုင်းက မူလရည်မှန်းထားသော နှစ်စဉ် ပို့ဆောင် ပေးနိုင်မည့် ပမာဏ၏ ၁၅ ရာခိုင် နှုန်းသာ ပို့ဆောင်ပေးနိုင်ခဲ့သည်ဟုလည်း အဆိုပါ သတင်းက ထုတ်ဖော်ရေး သားထားသည်။ ပိုက်လိုင်းကို မြန်မာနိုင်ငံ ကမ်းရိုးတန်းရှိ ရခိုင်ပြည်နယ် ကျောက်ဖြူမှ တရုတ်နိုင်ငံ ယူနန်ပြည် နယ်၏ မြို့တော် ကူမင်းကို ဆက်သွယ်ဖောက်လုပ်ထားခြင်းဖြစ် သည်။
ပိုက်လိုင်းကို တနှစ်လျှင် ဓာတ်ငွေ့ ကုဗမီတာ ၁၂ ဘီလီယံ သယ်ပို့နိုင်ရန် တည်ဆောက်ထားခြင်း ဖြစ်သည်ဟု CNPC က ပြောကြားခဲ့သော်လည်း ပြီးခဲ့သည့် ဇွန်လကုန်အထိ ဓာတ်ငွေ့ ကုဗမီတာ ၁ ဒသမ ၈၇ ဘီလီယံသာ ပို့ဆောင်ပေးနိုင်ခဲ့သည်ဟု သိရသည်။
တင်ပို့နိုင်မှု နည်းပါးရခြင်းနှင့် ပတ်သက်၍ CNPC က အကြောင်းပြချက် မပေးခဲ့ပါ။ ပိုက်လိုင်း ကို တောင်ကိုရီး ယားနိုင်ငံမှ Daewoo International ကဦးဆောင်ပြီး အိန္ဒိယအစိုးရပိုင် ရေနံ ကုမ္ပဏီ ၂ ခုနှင့် ပူးပေါင်းလုပ်ကိုင် နေသည့် ဘင်္ဂလား ပင်လယ်အော်အတွင်းရှိ ရွှေသဘာဝဓာတ်ငွေ့တွင်းနှင့် ချိတ်ဆက်ထားခြင်းဖြစ်ပါသည်။
အစောပိုင်း ရရှိသည့် သတင်းများအရ ရွှေ သဘာဝ ဓာတ်ငွေ့တွင်းတွင် နည်းပညာဆိုင်ရာ အခက်အခဲများနှင့် ကြုံတွေ့နေရသည့်အတွက် ရည် မှန်းချက် ပြည့်မီအောင် ထုတ်လုပ်နိုင်ခြင်း မရှိဟု သိရသည်။
Jiang Jiemin ကို နိုင်ငံရေးသမား စီးပွားရေး သမားအဖြစ် ပုံဖော်ပြရင်း Reuters သတင်းက “ပြည်တွင်း ဝေဖန်သူတွေက ဒီ ရင်းနှီးမြှုပ်နှံမှုကို Jiang Jiemin က ဦးဆောင်ခဲ့တယ်။ သူ့ရဲ့ နိုင်ငံရေး ဆရာသမားတွေ စိတ်ကျေနပ်မှုရဖို့အတွက် တခါတရံမှာ ကုန်ကျစရိတ်နဲ့ စွန့်စားရမှုတွေကိုတောင် အလေးမထားဘဲ ပြုလုပ်ခဲ့ တယ်လို့ ပြောကြ ပါတယ်။ ဒီစွမ်းအင်ဗျူဟာ ရည်မှန်းချက်တွေနဲ့ ပါတီ ခေါင်းဆောင်ပိုင်းကိုပဲ ဦးစားပေး လုပ်ပြပြီး သူဘယ် လောက်အထိ ရွေးချယ်ခွင့်တွေ ရခဲ့တယ်ဆိုတာ မရှင်းလင်းပါဘူး” ဟု ထပ်မံရေးသားခဲ့ သည်။
သို့သော်လည်း Jiang Jiemin သည် ယခု အခါတွင် နိုင်ငံပိုင် စွမ်းအင်စီးပွားရေး လုပ်ငန်းနှင့် ပတ်သက်သည့် အခြားသော အဆင့်မြင့် အရာရှိကြီး များနှင့် အတူ အကျင့်ပျက်ခြစားမှုရှိခဲ့သည်ဆိုသည့် စွပ်စွဲချက်ဖြင့် စုံစမ်း စစ်ဆေးမှု ခံနေရပြီ ဖြစ်သည်။
Jiang Jiemin ကို မည်သို့ စွဲချက်တင်ခဲ့ကြောင်း အများပြည်သူသိရှိရန် ထုတ်ပြန်ခြင်းမရှိပါ။ တရုတ် အစိုးရ သတင်းဌာနက Jaing Jiemin သည် “စည်းကမ်းချိုးဖောက်မှုရှိခဲ့သည်” ဟု သံသယရှိခြင်းကြောင့် စစ်ဆေးခံ နေရသည်ဟုသာ ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါအသုံးအနှုန်းသည် တရုတ် ကွန်မြူနစ်ပါတီတွင် အကျင့် ပျက်ခြစားမှုကို ရည်ညွှန်း လေ့ရှိသည့် ဗန်းစကား ဖြစ်ပါသည်။
ရွှေကမ်းလွန်သဘာဝဓာတ်ငွေ့ လုပ်ကွက် ၂ခု မှ ထွက်ရှိမည့် အရန်သဘာဝဓာတ်ငွေ့ ကုဗမီတာ ဘီလီယံ ၂၀ဝ နီးပါးကို CNPC က တဦးတည်း ဝယ်ယူခွင့်ကို ယခင်မြန်မာစစ်အစိုးရနှင့် လျှို့ဝှက်စွာ သဘောတူညီမှုရ ရှိခဲ့သည်။ နိုင်ငံအရင်းအမြစ်များ ရောင်းချခြင်းများမှ ရရှိသည့်အမြတ်အစွန်းများသည် နိုင်ငံခြားဘဏ်စာရင်းများ သို့ ရောက်ရှိသွားသည်ဟု ယခင်စစ် အစိုးရအပေါ် အစိုးရမဟုတ်သည့် အဖွဲ့အစည်း အမြောက်အမြားက စွပ်စွဲမှုများလည်း ရှိနေ သည်။
သဘောတူညီချက်အရ စွမ်းအင်အလွန်အမင်း လိုအပ်နေသော မြန်မာနိုင်ငံက ရွှေသဘာဝဓာတ်ငွေ့တွင်းမှ ထွက်ရှိမှု၏ ရာခိုင်နှုန်းအနည်းငယ်မျှကိုသာ ရရှိနိုင်မည်ဖြစ်သည်။ ပြီးခဲ့သည့် ဇွန်လအထိ မြန်မာနိုင်ငံက ဓာတ်ငွေ့ ကုဗမီတာ သန်း ၆၀ သာ ရရှိခဲ့သည်ဟု CNPC ၏ ဝက်ဆိုက်တွင် ဖော်ပြထားသည့် အကျဉ်းချုပ် ကြေညာချက်တွင် တွေ့ရှိရသည်။
ရွှေသဘာဝဓာတ်ငွေ့ သဘောတူညီချက်သည် မြန်မာနိုင်ငံ၏ အမျိုးသားအကျိုးစီးပွားနှင့် ဆန့်ကျင် နေသည့် အတွက် NGO များက ဝေဖန်ခဲ့ကြသည်။ မြန်မာအစိုးရ တပ်ဖွဲ့များ ပါဝင်ပတ်သက်ခဲ့သည့် ပိုက်လိုင်းသွယ်တန်း ရေး လုပ်ငန်းတွင်လည်း မြေ သိမ်းယူခြင်းနှင့် အိုးအိမ်များ ဆုံးရှုံးရခြင်းများ အပါအဝင် လူ့အခွင့်အရေးချိုး ဖောက်မှုများ ရှိခဲ့သည်ဟု လည်း စွပ်စွဲမှုအမြောက်အမြား ပေါ်ထွက်ခဲ့ရသည်။
ဓာတ်ငွေ့ပိုက်လိုင်းနှင့် အပြိုင်တည်ဆောက်နေ သည့် ရေနံစိမ်းပိုက်လိုင်းသည်လည်း ပြီးစီးလုနီးပြီ ဖြစ်သည်။
CNPC နည်းတူ Daewoo International ကလည်း အများသိစေရန် ထုတ်ပြန်မှု အနည်းငယ် သာ ပြုလုပ်ခဲ့ပြီး ရွှေ ဓာတ်ငွေ့တွင်းမှ ထုတ်လုပ်မှု နည်းပါး နေရခြင်းနှင့် ပတ်သက်၍ တရားဝင် အကြောင်းပြချက်ပေးခြင်း မပြုခဲ့ပါ။
စွမ်းအင်ကဏ္ဍဆိုင်ရာ သတင်းဌာန ၂ ခုဖြစ် သည့် Platts နှင့် Interfax Natural Gas Daily တို့က အမည် မဖော်လိုသူ အတွင်းလူတို့ နည်းပညာ ပိုင်းဆိုင်ရာ နှောင့်နှေးမှုများနှင့် ပတ်သက်၍ ဝေဖန်ပြစ်တင်ခဲ့ကြသည်ကို ဖော်ပြခဲ့သည်။ ရွှေသဘာဝ ဓာတ်ငွေ့တွင်းမှ ထုတ်လုပ်မှု နည်းပါးနေခြင်းတွင် ရာသီဥတု ဆိုးရွားခြင်းကလည်း တစိတ်တပိုင်း ပါဝင်သည်ဟု သိရသည်။
“လုပ်ငန်းဆိုင်ရာ အရင်းအမြစ်တွေကလည်း ကမ်းလွန်ထုတ်လုပ်ရေးမှာ နှောင့်နှေးနေတာကို အသိအမှတ်ပြုပါ တယ်။ Daewoo International က တူးဖော်ရေးပိုင်းမှာ အချိန်မီ မပြီးစီးခဲ့ဘူးလို့ သတင်းရင်းမြစ်တခုက ကျနော်တို့ကို ပြောခဲ့ပါတယ်” ဟု Interfax Natural Gas Daily က ယခုနှစ် အစောပိုင်းတွင် ရေးသားခဲ့သည်။
“တိုးမြှင့် ထုတ်လုပ်နိုင်မယ့် အချိန်ကလည်း မျှော်လင့်ထားသလိုမဟုတ်ဘဲ အပြောင်းအလဲ ဖြစ် သွားတယ်။ ဒါပေမယ့် ဒီကိစ္စကြောင့်ပဲ ပို့ပေးရမယ့် ဓာတ်ငွေ့ပမာဏက မျှော်လင့်ထားတာထက် နည်း သွားပါတယ်” ဟု ၎င်းတို့က ဆိုသည်။
CNPC ၏ ရွှေသဘာဝဓာတ်ငွေ့ဝယ်ယူမှု သဘောတူညီချက်မှ သိနိုင်သမျှ အသေးစိတ် အချက်များကို အခြေခံ၍ ရွှေဓာတ်ငွေ့ လုပ်ကွက် တခုတည်း၏ ထုတ်လုပ်နိုင်မှုက ပိုက်လိုင်းပြည့်ရန် မလွယ်ကူနိုင်ဟု လေ့လာဆန်းစစ်သူ အချို့ကပြော ကြသည်။
“CNPC ရဲ့ဝယ်ယူမှုက တနှစ်ကို ဓာတ်ငွေ့ ကုဗမီတာ ၄ ဘီလီယံပဲ ရှိမယ့်အချိန်မှာ ပိုက်လိုင်းက တနှစ်ကို ဓာတ်ငွေ့ ကုဗ မီတာ ၁၂ ဘီလီယံ ပို့ပေး နိုင်အောင် ပုံစံထုတ်ပြီး တည်ဆောက်ထားတာဖြစ်တဲ့ အတွက် ပိုက်လိုင်းပြည့်အောင် တခြား ဘယ်က ထပ်ပြီး ရနိုင်မှာလဲလို့ လေ့လာစောင့်ကြည့်သူတွေက မေးခွန်းထုတ် ခဲ့ကြပါတယ်” ဟု Interfax Natural Gas Daily ကပြောသည်။
ထိုမေးခွန်း၏ အဖြေက ရွှေသဘာဝဓာတ်ငွေ့လုပ်ကွက်၏ ပတ်ဝန်းကျင် ဧရိယာအတွင်းတွင် ရေနက်ကမ်းလွန် လုပ်ကွက် ၃ခု တူးဖော်ရန် CNPC က ၂၀ဝ၇ ခုနှစ်ကတည်းက ခွင့်ပြုချက်ရရှိထားပြီး ဖြစ်သည့်အပေါ်တွင် မူတည်နေနိုင်ပါသည်။
အဆိုပါ လုပ်ကွက်များကို မြေပုံပေါ်တွင် လုပ်ကွက် ဗီ-၁၊ ဗီ-၆ နှင့် ဗီ-၈ စသည့်အမည်များနှင့် ဖော်ပြထားသည်။ သို့သော်လည်း CNPC က တရုတ်နိုင်ငံ ပြင်ပတွင် ပထမဆုံးတူးဖော်မှုအဖြစ် မြန်မာ့ကမ်းလွန်လုပ်ကွက် ၂ ခုတွင် တွင်း ၂ တွင်း တူးဖော်ကာ ရေနက်ပိုင်းရှာဖွေရေး ဆောင်ရွက်မည့် စီမံကိန်းသည် လာမည့်နှစ် အစောပိုင်းတွင် ဖြစ်ပေါ် လာရန် အလားအလာ နည်းပါးနေသည်ဟု ရေနံနှင့် သဘာဝဓာတ်ငွေ့ကဏ္ဍဆိုင်ရာ သတင်းစာ တစောင် ဖြစ်သည့် Upstream က ဇူလိုင်လ ၂၅ ရက် နေ့ တွင် ရေးသားခဲ့သည်။
အဆိုပါ လုပ်ကွက်များသည် စစ်တွေ နှင့် ကျောက်ဖြူကြား ကီလိုမီတာ ၂၀ဝ ခန့်ဝေးသည့် ကမ်းလွန်ပင်လယ် ပြင်တွင်ရှိပြီး လုပ်ကွက်ဧရိယာ စတုရန်း ကီလိုမီတာ ၁၀ဝဝဝ ခန့်ရှိသည်ဟု Upstream သတင်းစာကပြော သည်။
CNPC နှင့် မြန်မာနိုင်ငံမှ အခြားသော ရေနံ နှင့် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော်ရေး လုပ်ကိုင် သူများအတွက် အခက်အခဲ မှာ စွမ်းအင်ဝန်ကြီးဌာန က မြန်မာနိုင်ငံတွင် အသစ်ရှာဖွေတွေ့ရှိလာသည့် ရေနံနှင့် သဘာဝ ဓာတ်ငွေ့များကို ပြည်တွင်း အတွက် လုံလောက်မှုရှိမှသာ နိုင်ငံခြားသို့ တင်ပို့ရောင်း ချခွင့်ပြုမည်ဟု တရားဝင် ပြောကြားထားခြင်း ဖြစ် သည်။ မြန်မာနိုင်ငံ၏ ပြည်တွင်း လောင်စာလိုအပ်မှု ကလည်း တိုးလာနေသည်။
ထိုအချိန်တွင် ကမ်း လွန်လုပ်ကွက် ၂၀ ကျော် တွင် ရှာဖွေတူးဖော်ခွင့်လိုင်စင် စည်းကမ်းချက်များနှင့် ပတ်သက်၍ နိုင်ငံပိုင် မြန်မာ့ရေနံနှင့် သဘာဝ ဓာတ်ငွေ့လုပ်ငန်းနှင့် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီကြီး အချို့တို့၏ ဆွေးနွေးမှုများကလည်း ခရီး မရောက်နိုင်ဘဲ ဖြစ်နေသည်။