မကြာသေးခင်က ကမ္ဘောဇဘဏ် အပါအဝင် အခြား ပုဂ္ဂလိကဘဏ်အချို့၏ ATM (အလိုအလျောက် ငွေထုတ်စက်) များမှ ကျပ်သိန်းနှစ်ရာခန့် ခိုးထုတ်ခံရခြင်းသည် မြန်မာပြည်၏ ငွေကြေးကဏ္ဍ ပြုပြင်ပြောင်းလဲမှုများ အရှိန်မြှင့်တင်ရန် သတိပေးလိုက်ခြင်းဖြစ်သည်။ မြန်မာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုကို ကဏ္ဍအလိုက် လုပ်ဆောင်နေသည့်အထဲတွင် ငွေကြေးကဏ္ဍပြုပြင်ပြောင်းလဲမှုမှာ နောက်အကျဆုံးရောက်နေသည်ဟု နိုဝင်ဘာလအတွင်း ပြုလုပ်ခဲ့သည့် Seminar on Myanmar Economic Transition တွင်လည်း စီးပွားရေးပညာရှင်များက သတိပေး ပြောဆိုထားသည်။
မြန်မာပြည်တွင် အထင်ကရ ငွေကြေးကဏ္ဍပြုပြင်ပြောင်းလဲမှုများ ရှိခဲ့ပါသည်။ ငွေလှဲနှုန်းကို နှုန်းရှင်သတ်မှတ်ခြင်း၊ ပုဂလိကဘဏ်များကို နိုင်ငံခြားငွေ လုပ်ပိုင်ခွင့်ပေးခဲ့ရာ ယင်းဘဏ်များက နိုင်ငံတကာ ဘဏ်များစွာနှင့် ချိတ်ဆက်လုပ်ကိုင်မှုများရှိလာခြင်း၊ နိုင်ငံခြားဘဏ်များ ပြည်တွင်းသို့ ဖွင့်လှစ်လာနိုင်ခြင်း၊ နိုင်ငံတကာသုံး ငွေပေးချေကတ်များဖြစ်သော Visa ကတ်၊ Master ကတ်၊CUP ကတ်နှင့် JCB ကတ်များ ပြည်တွင်းဘဏ်များနှင့် ချိတ်ဆက် အသုံးပြုနိုင်လာနိုင်ခြင်း စသည့် တိုးတက်မှုများရှိခဲ့သည်။
Visa နှင့် Master ကတ်များက ပုဂ္ဂလိကဘဏ် တခုချင်းစီနှင့် ချိတ်ဆက်လုပ်ဆောင်ပြီး တရုတ် CUP ကတ်နှင့် ဂျပန် JCB ကတ်များက ပြည်တွင်းဘဏ်များ ပူးပေါင်းဖွဲ့စည်းထားတော့ MPU (Myanmar Payment Union) နှင့် ချိတ်ဆက်ကာ လုပ်ဆောင်နေသည်။ ပြည်တွင်း MPU ကတ်များက ယခုအချိန်တွင် ဘဏ်တိုင်း၏ မည်သည့်ငွေထုတ်စက်တွင်မဆို ထုတ်ယူနိုင်သလို Visa နှှင့် Master ကတ်များသည်လည်း ၎င်းတို့နှင့်ချိတ်ဆက်ထားသော ဘဏ်များ၏ ငွေထုတ်စက် ATM များတွင် မြန်မာငွေကိုပါ ထုတ်ယူနိုင်နေပြီဖြစ်သည်။
ပြည်တွင်းဘဏ်များသည်လည်း ATM စက်များထားရှိကာ အလိုအလျောက် ငွေထုတ်ယူနိုင်သော ဝန်ဆောင်မှုကို မြို့ကြီးများတွင် အသုံးပြုလာခဲ့ကြသည်။
ထိုသို့ ပြည်တွင်း ATM ကတ်များ၊ နိုင်ငံတကာငွေပေးချေကတ်များဖြင့် ငွေကြေးဝန်ဆောင်မှု လုပ်ကိုင်လာနိုင်သော်လည်း သုံးစွဲသူတို့ အတွက် အဆင်မပြေမှုများ ရှိနေဆဲဖြစ်သည်။
ကတ်များ ငွေထုတ်စက်အတွင်း ကျန်ရှိခဲ့ခြင်း၊ ငွေထုတ်ယူရာတွင် ငွေသား ထွက်မလာပဲ ကတ်အတွင်းမှငွေကို စက်မှဖြတ်ယူသွားခြင်း၊ ဝန်ဆောင်မှုမရရှိနိုင်သေးပါဆိုသော အချိန်များ ခဏခဏကြုံရခြင်း၊ စက်များ ပျက်နေခြင်းစသော ဖြစ်စဉ်များ ရှိနေသကဲ့သို့ နောက်ဆုံး ကတ်အတုများဖြင့် ငွေသားထုတ်ယူမှု ဖြစ်စဉ်များအထိပါ ဖြစ်လာနေခဲ့သည်။
ယင်းအခြေအနေများမှာ ဖွံ့ဖြိုးဆဲနိုင်ငံ၏ ဘဏ်ကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦ လိုအပ်ချက် မပြည့်စုံမှုကြောင့်သာ ဖြစ်နေရသည်ဟု နည်းပညာရှင်များနှင့် ဘဏ်လုပ်ငန်း ကျွမ်းကျင်သူများက ထောက်ပြပြောဆိုကြသည်။ ကမ္ဘောဇဘဏ်၏ အကြံပေး ဦးသန်းလွင်က “အခြေခံအဆောက်အဦ လိုအပ်ချက်၊ ချို့ယွင်းချက်တွေက အများကြီးပဲ။ ဒီမှာ သူများနိုင်ငံမှာ မရှိတဲ့ အခြေအနေတွေရှိတယ်။ ရုတ်တရက် မီးအားကျသွားတာတို့၊ မီးပျက်သွားတာတို့ပေါ့။ နောက်တခုက ATM စက်တွေက တနိုင်ငံလုံး အတိုင်းအတာလုပ်နေတာမှာ ဂြိုလ်တုနဲ့ အလုပ်လုပ်ရတာလေ။ ဒါက ရာသီမကောင်းရင် အခက်အခဲရှိတယ်။ သူများနိုင်ငံမှာ ဖိုက်ဘာပဲ သုံးတာ။ ဖိုက်ဘာဆက်ကြောင်းက ဒီမှာ နေရာတိုင်းရတာမဟုတ်ဘူး။ ကိုယ့်တိုင်းပြည်ရဲ့ ချို့ယွင်းချက်တွေ၊ အကန့်အသတ် ဖြစ်နေတာတွေပေါ့” ဟု ပြောသည်။
မြန်မာနိုင်ငံ၏ ငွေထုတ်စက် ATM များမှာ ဖိုက်ဘာ ဆက်ကြောင်းမရှိသော နေရာများတွင် GSM ဖုန်းလိုင်းဖြင့် ချိတ်ဆက် ဆောင်ရွက်ပေးထားရကြောင်း MPU ၏ အတွင်းရေးမှူး ဦးသန်းဝင်းဆွေက ပြောသည်။ “နိုင်ငံတကာမှာ နေရာတိုင်း ဖိုက်ဘာလိုင်းတွေ ခင်းထားပြီးသားပေါ့။ အဲ့ဒီကနေ ယူလိုက်ရင် လိုင်းဘယ်တော့မှ မပြတ်ဘူး။ ဖိုက်ဘာ ရှိတဲ့နေရာဆို ဒီမှာ အိုကေတယ်။ ADSL လိုင်းကိုသုံးတယ်ပေါ့။ မရှိတဲ့နေရာကျ ဘဏ်တွေက ဘာကိုသုံးရသလဲဆိုရင် 3G ပေါ့။ GSM ဖုန်းကို သုံးရတယ်။ တချို့နေရာတွေဆို ကတ်ကို ၂ ကတ် ၃ ကတ် ထားရတယ်။ တကတ် မမိရင် တကတ် မိသွားအောင် ဒီလိုပဲ ကြံရတာပေါ့။ နိုင်ငံက အခြေခံအဆာက်အဦ ပြည့်မှ မပြည့်တာ” ဟု ပြောဆိုသည်။
အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေးမှာ အစိုးရမှ ဦးစီးဦးဆောင် တာဝန်ယူ လုပ်ကိုင်ပေးရမည်ဖြစ်သည်။ မြန်မာနိုင်ငံ ကွန်ပြူတာလုပ်ငန်းရှင်များအသင်း နိုင်ငံတကာ ဆက်ဆံရေးကော်မတီ ဥက္ကဌ ဦးရဲမြတ်သူက“ကိုယ့်မှာ အခြေခံအဆောက်အဦ မရှိပဲနဲ့ ဘဏ်ဆိုတာ ဒါရှိရတယ် ဆိုပြီး မရှိမဖြစ် သဘောမျိုးကြီး လုပ်ထားရတော့ အဖြစ်သဘောမျိုးဖြစ်နေတာ။ လမ်းမရှိပဲနဲ့ ကားတွေ ဝယ်ထားသလိုပေါ့။ ဒါတွေကို တကယ်ဖြစ်စေချင်တယ်ဆိုရင် နံပတ်တစ်က infrastructure ကောင်းနေဖို့လိုတယ်။ အင်တာနက်လိုင်းတွေ ကောင်းဖို့လိုတယ်” ဟု ပြောသည်။
ထိုသို့ အင်တာနက်လိုင်း ကောင်းမွန်ရန် ဖိုက်ဘာပြေးလမ်းနှင့် လျှပ်စစ်မီး
တည်ငြိမ်ပြည့်ဝစွာ ရရှိရန် လိုအပ်ချက် ကြီးမားစွာ ဖြစ်နေသော်လည်း
သုံးစွဲသည့် စက်များနှင့် ဆော့ပ်ဝဲလ်များမှာ နိုင်ငံတကာအဆင့် အရည်အသွေး
ပြည့်မီသည်ဟု ဘဏ်များမှ တာဝန်ရှိသူများက ပြောဆိုကြသည်။
မြန်မာနိုင်ငံ၏ ATM စက်အရေအတွက်နှင့် သုံးစွဲသူအရေအတွက်သည် အခြားဒေသတွင်းနိုင်ငံများနှင့် ယှဉ်ပါက သိသာစွာနည်းပါးနေသေးပြီး ယနေ့ချိန်ထိ ပြည်တွင်းဘဏ်များ အားလုံး၏ ဖွင့်လှစ်ထားသော ATM စက်အလုံးရေ ပမာဏမှာ ၁ ထောင်ပင် မပြည့်သေးကြောင်း၊ ယင်းပမာဏမှာ ဒေသတွင်း အခြားနိုင်ငံများမှ ၁ ဘဏ်တည်း၏ ဖွင့်သော ATM စက်အလုံး အရေအတွက်စာပင် မရှိသေးကြောင်း ဘဏ်လုပ်ငန်းရှင်များက ပြောသည်။
ထိုသို့သောအခြေအနေတွင် သုံးစွဲသူများ၏ ယုံကြည်မှုကို တည်ဆောက်ရန်လိုအပ်သည့် အချိန်ဖြစ်သော်လည်း လက်ရှိတွင် အဆင်မပြေမှုများ ဖြစ်နေသည့်အပြင် ပြီးခဲ့သည့် နိုဝင်ဘာလကလည်း ကမ္ဘောဇဘဏ်တွင် နိုင်ငံခြားသားများ ကဒ်အတုနှင့် ငွေကြေးထုတ်ယူမှု ဖြစ်ပွားခဲ့သည်။
ယင်းဖြစ်ရပ်နှင့်ပတ်သတ်ပြီး ဦးသန်းဝင်းဆွေက “KBZ မှာဖြစ်သွားတဲ့ဟာက Visa၊ Master ကတ်။ ဟိုဘက်မှာ clone (ပုံတူပွား) လုပ်ထားတဲ့ဟာတွေပါ။ အဲ့ဒါတွေကို
ဒီဘက်မှာ လာထုတ်တဲ့ကိစ္စပါ။ သူတို့ ဟိုဘက်မှာ Visa၊ Master ထုတ်တဲ့ ဘက်က နာမည်၊ ပတ်စ်ဝက်၊ ပင်နံပတ်တို့ ထွက်လာတဲ့ဟာကြီးကို ကျနော်တို့ဘက်က ဒီနိုင်ငံက သူက ဘယ်လိုမှ တားလို့မရဘူး။ ဒါကြောင့် ဒီဘက်က ဘဏ်တွေက လုံခြုံရေးကို တိုးမြင့်မှုတွေ လုပ်ပြီးသွားပါပြီ” ဟု ပြောသည်။
ထိုကဒ်အတုနှင့် ထုတ်ယူမှုများမှာ ပြည်တွင်း MPU ကဒ်များ မဟုတ်ပဲ Visa နှင့် Master ကဒ်များသာ ဖြစ်ခဲ့ကြောင်း MPU ဘက်မှ ထုတ်ဖော်ပြောထားပြီး ဖြစ်သည်။
လက်ရှိအနေအထားမှာ နည်းပညာနှင့် ပတ်သက်သည့် လုံခြုံရေးပိုင်းတွင် အားနည်းမှု များစွာ ရှိနေသေးကြောင်း မြန်မာနိုင်ငံ ကွန်ပြူတာအသင်းချုပ် အတွင်းရေးမှုး ဦးဇော်မင်းဦးက ပြောဆိုသည်။ “လုံခြုံရေးနဲ့ ပတ်သတ်ရင် ကျနော်တို့ကိုယ်တိုင် မသိတာတွေလည်း ရှိတယ်။ အခုမှ ကျနော်တို့က စပြီး လေ့လာနေတုန်းပဲပေါ့။ ဒါကို အခွင့်ကောင်းယူပြီး နိုင်ငံခြားမှာ ရှိတဲ့ သူတို့အခေါ် black list ဖြစ်ထားတဲ့ ကတ်တွေ ရှိတယ်။ အဲဒီကတ်တွေကို ဒီမှာ လာသုံးတာပေါ့နော်။ ဒီမှာကျ မသိနိုင်တဲ့သဘောပါ။ ဒါက ကျနော် ကြားမိတာပေါ့” ဟု ပြောသည်။