မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုသည် ၂၀၁၄-၂၀၁၅ ဘဏ္ဍာ ရေးနှစ်တွင် စံချိန်တင် မြင့်တက်ခဲ့ပြီး အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ စံချိန်တင်ရောက်ရှိခဲ့ကာ ရေနံနှင့်သဘာဝဓာတ်ငွေ့ တူးဖော် ထုတ်လုပ် သည့် စွမ်းအင် ကဏ္ဍ တွင် အများဆုံး ရင်းနှီးမြှုပ်နှံထားကြောင်း မြန်မာနိုင်ငံ ရင်းနှီး မြှုပ်နှံမှု ကော်မရှင်ထံမှ သိရှိရသည်။
“ကျနော်တို့ မျှော်လင့်ခဲ့တာက အမေရိကန် ဒေါ်လာ ၄ ဘီလီယံ သို့မဟုတ် ၅ ဘီလီယံ ရင်းနှီး မြှုပ်နှံမှုတွေ ဝင်လာမယ်လို့ ထင်ခဲ့တာ။ ဒါပေ မယ့် ဘဏ္ဍာရေးနှစ်အကုန်ပိုင်း မျှော်လင့်ထားတာထက် ပိုပြီး နိုင်ငံခြားရင်းနှီး မြှုပ်နှံမှုက အမေရိကန် ဒေါ်လာ ၈ ဘီလီယံအထိ စံချိန်တင်ရောက်ရှိပါတယ်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ပမာဏက ကျနော်တို့ မျှော်လင့်ထားတာကို ပိုတက် လာပါတယ်” ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အဖွဲ့ဝင်လည်းဖြစ်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန် ကြား မှု ဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စံချိန်တင်မြင့်တက်ခဲ့ရာတွင် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ တူးဖော်ထုတ်လုပ်သည့် စွမ်းအင် ကဏ္ဍ တွင် အမေရိကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံ၊ ပို့ဆောင်ဆက်သွယ်ရေးနှင့် မိုဘိုင်းလ် ဆက်သွယ်ရေး ကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံ၊ ထုတ်လုပ်မှုကတွင် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံ၊ အိမ်ခြံမြေ ကဏ္ဍတွင် အမေရိကန် ဒေါ်လာ သန်း ၇၈၀၊ ဟိုတယ်နှင့် ခရီးသွားလာရေးကဏ္ဍတွင် အမေရိကန် ဒေါ်လာ ၃၅၇ သန်း အသီးသီး မြင့်တက်လာကြောင်း သိရှိရသည်။
ယမန်နှစ် ၂၀၁၃-၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု သည် အမေရိကန်ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံရှိခဲ့ပြီး ရင်းနှီးမြှုပ်နှံမှု၏ ထက် ဝက်ခန့်သည် အထည်ချုပ်လုပ်ငန်းကဲ့သို့သော လုပ်သားအများအပြား အသုံးပြုရသည့် ထုတ်လုပ် ရေး ကဏ္ဍသို့ စီးဝင်ခဲ့ကြောင်း သိရှိရသည်။
၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် ရင်းနှီးမြှုပ်နှံသော နိုင်ငံခြားကုမ္ပဏီ များအနက် စင်ကာပူနိုင်ငံ တွင် မှတ်ပုံတင်ထားသည့် ကုမ္ပဏီများ၏ ရင်းနှီး မြှုပ်နှံမှုသည် အမေရိကန်ဒေါ်လာ ၄ ဒသမ ၂ ဘီလီယံရှိပြီး စွမ်းအင်ကဏ္ဍတွင် မပါဝင်သော ပြည်တွင်း စီးပွားရေး စီမံကိန်းများတွင် အများဆုံး ရင်းနှီး မြှုပ်နှံထားကြောင်း၊ ဟောင်ကောင်အခြေစိုက် ကုမ္ပဏီများသည် ဒုတိယ အများဆုံး ရင်းနှီးမြှုပ်နှံထားပြီး အမေရိကန်ဒေါ်လာ သန်း ၈၅၀ ရင်းနှီး မြှုပ်နှံထားကြောင်း၊ တရုတ်ကုမ္ပဏီများ ကလည်း အမေရိကန်ဒေါ်လာ သန်း ၅၁၆ သန်း ရင်းနှီးမြှုပ်နှံထားကြောင်း သိရှိရသည်။
“နိုင်ငံခြား ကုမ္ပဏီကြီးတွေ အများစုက စင်ကာပူမှာ အခြေစိုက်ကုမ္ပဏီ ရုံးတွေ ဖွင့်ကြတယ်။ ဒါကြောင့် မြန်မာနိုင်ငံရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူ အခြေစိုက် ကုမ္ပဏီတွေက ထိပ်ဆုံးမှာ ရပ်တည်နေတာပါ။ တကယ်တော့ ကုမ္ပဏီတွေက စင်ကာပူ ကုမ္ပဏီတွေတင် မကပါဘူး။ ကမ္ဘာတဝန်းလုံးက ကုမ္ပဏီတွေလည်း ပါဝင်ပါတယ်” ဟု ဦးအောင်နိုင်ဦး ကဆိုသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်အနေဖြင့် လာမည့် ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၆ ဘီလီယံ တိုးတက်မည်ဟု ခန့်မှန်းကြောင်း ဦးအောင်နိုင်ဦးက ရှင်းပြသည်။
မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဦးနှင်းဦးက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်လာခြင်းကို ကြိုဆိုသော်လည်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု အများစုသည် သဘာဝသယံဇာတ ထုတ်လုပ်ရေးကဏ္ဍတွင်သာဖြစ်ပြီး အလုပ်အကိုင် အခွင့် အလမ်း များစွာ ဖန်တီးပေးနိုင်သည့် ထုတ်လုပ်မှုကဏ္ဍတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု မတိုးတက်လာပါက တိုင်းပြည် စီးပွား ရေး တိုးတက် မည်မဟုတ်ကြောင်း သုံးသပ်ပြောဆိုသည်။
မြန်မာနိုင်ငံ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုသည် လာမည့် ဘဏ္ဍာရေး နှစ် တွင် ၈ ဒသမ ၃ ရာခိုင်နှုန်း တိုးတက်လိမ့်မည်ဟု မျှော်လင့် ရကြောင်း အာရှဖွံ့ဖြိုးရေးဘဏ်က မတ်လအတွင်း ထုတ်ပြန်ခဲ့သော အစီရင်ခံစာတွင် ဖော်ပြထားသည်။