စတော့အိပ်ချိန်း ဝန်ဆောင်မှုပေးမည့် ကုမ္ပဏီများကို လာမည့် ဇွန်လထဲတွင် လိုင်စင်ချပေးမည် ဖြစ်ကြောင်း ဘဏ္ဍာရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
“Under Writer ကုမ္ပဏီတွေကို အရင်ပေးလုပ်မယ်။ နောက်လထဲ ဖြစ်ပါမယ်။ သူတို့က IT System တွေ သုံးရမယ့် သူတွေမို့ပါ။ အဲဒီအတွက် အချိန်ပို ပေးရတာပါ။ အကြံပေး ကုမ္ပဏီတွေကျ ဘာ IT မှ မလိုဘူး” ဟု ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
စတော့အိတ်ချိန်း ဝန်ဆောင်မှုတွင် အမျိုးအစား ၄ မျိုးရှိပြီး ဦးစွာချပေးမည့် လိုင်စင်မှာ စတော့အိတ်ချိန်း အများပိုင် ကုမ္ပဏီများက ရောင်းချလိုသော အစုရှယ်ယာ ပမာဏကို တာဝန်ယူ ဖြန့်ပေးရသည့် Under Writer ဟု ခေါ်သော ဝန်ဆောင်မှု ကုမ္ပဏီလိုင်စင် ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။
စတော့အိတ်ချိန်း ဝန်ဆောင်မှု ပေးနိုင်မည့် ကုမ္ပဏီ အမျိုးအစား ၄ မျိုးမှာ စတော့အိပ်ချိန်း အများပိုင်ကုမ္ပဏီများက ရောင်းချလိုသော အစုရှယ်ယာ ပမာဏကို တာဝန်ယူ ဖြန့်ပေးရသည့် Under Writer ၊ ဝယ်ရောင်းလိုင်စင် (Dealer)၊ ဝယ်ရောင်းလိုင်စင် (Broker)၊ အကြံပေးလိုင်စင် (Consulting/ Advisor) တို့ ဖြစ်သည်။
စတော့အိတ်ချိန်း ကြားခံဝန်ဆောင်မှုပေးမည့် Services Provider ကုမ္ပဏီ လိုင်စင်များအတွက် လျှောက်လွှာကို ပြီးခဲ့သည့် ဇန်နဝါရီလအတွင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိတွင် လုပ်ငန်းလိုင်စင် အမျိုးမျိုးအတွက် လျှောက်ထားသည့် လျှောက်လွှာပေါင်း ၅၇ စောင် ရှိကြောင်း၊ အဆိုပါ ၅၇ စောင်တွင် Under Writer လိုင်စင်ကို လျှောက်ထားသည့် လျှောက်လွှာမှာ အစောင် ၂၀ ရှိကြောင်း သိရသည်။
လိုင်စင် လျှောက်ထားသည့် လျှောက်လွှာအစောင် ၂၀ မှ သတ်မှတ်ထားသော အချက်အလက်များနှင့် ကိုက်ညီသည့် ကုမ္ပဏီများကို ချထားပေးမည်ဖြစ်ကြောင်းနှင့် လက်ရှိတွင် ပြန်လည်စိစစ်နေဆဲ ဖြစ်သည့်အတွက် အရေအတွက် မည်မျှကို ပြောဆို၍ မရသေးကြောင်း ဒေါက်တာ မောင်မောင်လေးက ပြောသည်။
“လျှောက်ထားတဲ့ ၂၀ လောက်မှာ ဘယ်လောက်အထိ ချပေးမယ်ဆိုတာ ပြောလို့မရသေးဘူး။ သူတို့ အရည်အချင်း တွေပေါ်မှာ မူတည်သလို Listed ရှယ်ယာ ထုတ်ရောင်းမယ့် ကုမ္ပဏီ ဘယ်နှခု ရှိမလဲ ဆိုတဲ့အပေါ်မှာလည်း မူတည်တယ်။ ဒါလည်း ပြောလို့ မရသေးဘူး” ဟု ၎င်းက ဆိုသည်။
မြန်မာနိုင်ငံ၌ စတော့အိတ်ချိန်း လုပ်ငန်းသည် အစိမ်းသက်သက် ဖြစ်သည့်အတွက် ယခုကဲ့သို လိုင်စင်ချပေးသွားမည့် ကြားခံဝန်ဆောင်မှု ကုမ္ပဏီများကလည်း အတွေ့အကြုံ လိုအပ်ချက်များရှိရာ နိုင်ငံခြားနှင့် ဖက်စပ်လုပ်ပိုင်ခွင့် ပေးထားသည့် အခြေအနေ ဖြစ်လာသည်။
စတော့အိတ်ချိန်းကို အောက်တိုဘာလတွင် စတင်ဖွင့်လှစ်မည်ဟု သိရပြီး လက်ရှိအချိန်တွင် စတော့အိတ်ချိန်း အကောင်အထည် ဖော်နိုင်မှုမှာ ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီ ဖြစ်သည်ဟု ဘဏ္ဍာရေး ဒုဝန်ကြီးက ပြောဆိုထားသည်။