ရွှေတိဂုံ စေတီတော် ကြံ့ခိုင်မှုနှင့် စေတီတော် ပတ်ဝန်းကျင် ထိခိုက်မှု ရှိနိုင်သည်ဟုဆိုကာ ကန့်ကွက်ခံထားရသော ဒဂုံစီးတီး (Dagon City) အဆင့်မြင့် အိမ်ရာစီမံကိန်း လုံးဝရပ်ဆိုင်းရန် ရန်ကုန်တိုင်း စစ်ဌာချုပ် တိုင်းမှူး ဗိုလ်ချုပ် ထွန်းထွန်းနောင်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့သို့ ကတိပေး ပြောဆိုခဲ့ကြောင်း သိရသည်။
အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့မှ ဆရာတော် အရှင်ဒေဝိန္ဒာဘိဝံသ “ယာယီရပ်ဆိုင်းမှာ မဟုတ်ဘဲ အပြီးသတ် လုံးဝရပ်ဆိုင်းပစ်ဖို့ ကတိပြုခဲ့တာ။ အခုဆိုရင် အဲဒီစီမံကိန်း ဧရိယာအတွင်းမှာနေတဲ့ လူတွေကိုပါ ဖယ်ရှားပစ်ဖို့ လုပ်လိမ့်မယ်။ ရပ်ဆိုင်းမယ့် ကိစ္စကို ၁၅ ရက်အတွင်း အသိပေး အကြောင်းကြားစာ တစောင် ထုတ်ပြန်လိမ့်မယ်။ သူတို့ ပြောတာကတော့ ပြည်သူနဲ့ စစ်တပ်ကြား အထင်မလွဲစေဖို့အတွက် ဒီစီမံကိန်းကို ရပ်ဆိုင်းပါမယ်လို့ ကတိပြုခဲ့တာပဲ” ဟု မိန့်ကြားသည်။
ဇွန် ၂၀ နှင့် ၂၁ ရက်က အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (ဗဟို) ၏ ၂ နှစ်ပြည့် နှစ်ပတ်လည် နိုင်ငံလုံးဆိုင်ရာ မ.ဘ.သ စုံညီ ညီလာခံကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ အောင်ဆန်းတောရတပ်ဦး ကျောင်းတိုက်၌ ကျင်းပခဲ့ရာတွင် ဆရာတော် အရှင်ဒေဝိန္ဒာဘိဝံသက ယင်းသို့ မိန့်ကြားခဲ့ခြင်း ဖြစ်သည်။
နိုင်ငံလုံးဆိုင်ရာ မ.ဘ.သ စုံညီ ညီလာခံသို့ ရဟန်းသံဃာများ၊ သီလရှင်များနှင့် လူပုဂ္ဂိုလ် ၆၈၀၀ ခန့် တက်ရောက်ခဲ့သည်။ ထိုညီလာခံတွင် ရွှေတိဂုံ စေတီတော်ကြီးကို ကာကွယ်စောင့်ရှောက်ရေး၊ ဘင်္ဂါလီအရေး၊ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ လွတ်လပ်မျှတ မှန်ကန်ရေး၊ မျိုးစောင့်ဥပေဒများ အရေး စသည့် ခေါင်းစဉ်များကို ဆွေးနွေးခဲ့ကြသည်။
ဇွန်လ ၂၀ ရက်က ကျင်းပသည့် အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေး အဖွဲ့၏ ၂ ကြိမ်မြောက် နိုင်ငံလုံးဆိုင်ရာ ညီလာခံ ပထမရက် အပြီးတွင် ဗိုလ်ချုပ် ထွန်းထွန်းနောင်နှင့် နယ်စပ်ရေးရာနှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး တင်ဝင်းတို့က မ.ဘ.သ အဖွဲ့ဝင် ဆရာတော်တပါးဖြစ်သည့် ဦးပါမောက္ခမှတဆင့် ဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်းခဲ့ရာတွင် အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“လက်ရှိလုပ်နေတဲ့ ကမ်ပိန်းတွေကို ဒီကာလအတွင်း သမိုင်းမှတ်တမ်းအနေနဲ့ သိမ်းထားမှာ ဖြစ်ပါတယ်။ သဘောတူထားတာကို မလုပ်ရင်တော့ တနိုင်ငံလုံး အတိုင်းအတာ အနေနဲ့ လှုပ်ရှားမှုတွေ ဆက်လက် လုပ်ဆောင်ပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်သွားဖို့ စီစဉ်ထားတယ်” ဟု မ.ဘ.သ အဖွဲ့ဝင် ဆရာတော် ဦးဝီရသူက ဧရာဝတီကို မိန့်သည်။
လတ်တလောတွင် မ.ဘ.သ အဖွဲ့က ရွှေတိဂုံ စေတီတော်ကြီး ကာကွယ်စောင့်ရှောက်သည့် အနေဖြင့် သိဂုၤတ္တရ ကုန်းမြေဝန်းကျင်၌ မည်သည့် အဆောက်အဦးမှ မဆောက်လုပ်ရန် လက်ကမ်းစာစောင်များ ဝေငှခြင်းနှင့် ကန့်ကွက်ကြောင်း လက်မှတ်ရေးထိုးခြင်း အစီအစဉ်များကို ပြုလုပ်ထားကြောင်း သိရသည်။
ဒဂုံစီးတီး အဆင့်မြင့်အိမ်ရာ စီမံကိန်းအား တာဝန်ယူ တည်ဆောက်နေသည့် Marga Landmark ကုမ္ပဏီ၏ တာဝန်ရှိသူ တဦးက ၎င်းတို့အနေဖြင့် ဒဂုံစီးတီး အဆင့်မြင့် အိမ်ရာစီမံကိန်း (၁) နှင့် ပတ်သက်သည့် အစီအစဉ်များကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်ထံက တရားဝင် အသိပေး ကြေညာချက်များ မရသေးကြောင်း၊ အဆိုပါ စီမံကိန်း အပါအဝင် စီမံကိန်း ၅ ခုလုံး၏ Integrated Master Plan အား သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းများမှ နောက်ဆုံးအဆင့် အနေဖြင့် ကြည့်ရှုစစ်ဆေးနေသည်ကို သိရှိထားသည်ဟု ဧရာဝတီသို့ ပြောဆိုသည်။
ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ဦးထောင်ဘို အဝိုင်းအနီး ရန်ကုန် တိရိစ္ဆာန် ဥယျာဉ်လမ်း လမ်းပေါ်တွင် တည်ဆောက်နေသည့် နိုင်ငံတကာ အဆင့်မီ Dagon City 1 စီမံကိန်းကို နိုင်ငံတကာ အိမ်ခြံမြေ ဆောက်လုပ်ရေးလုပ်ငန်း လုပ်ကိုင်နေသော အဖွဲ့အစည်းဖြစ်သည့် Marga Landmark Development ကုမ္ပဏီက ရှယ်ယာ ၇၀ ရာခိုင်နှုန်း၊ ပြည်တွင်းအခြေစိုက် သုခရတနာ ကုမ္ပဏီက ၃၀ ရာခိုင်နှုန်းဖြင့် အကျိုးတူ ပူးပေါင်းပြီး၊ ၂၀၁၄ ခုနှစ် ဇွန်လပိုင်းက စတင် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်း ဖြစ်သည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်က ဒဂုံစီးတီး အဆင့်မြင့် အိမ်ရာစီမံကိန်း တည်ဆောက်ရေး လုပ်ငန်းများကို ယာယီရပ်ဆိုင်းရန် ၂၀၁၅ ခုနှစ် ဇန်နဝါရီလ ၂၂ ရက်က ညွှန်ကြားခဲ့ပြီး ယခုအခါ ယဉ်ကျေးမှု အမွေအနှစ်များအပေါ် သက်ရောက်မှု မဖြစ်စေရန် ပြန်လည်ဆန်းစစ်မှုများ ပြုလုပ်လျက် ရှိနေသည်။