ပုဂံမြို့၏ အရေးပါသော ခရီးသွားလုပ်ငန်းအတွက် ပုဂံဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု ရှေ့ပြေးစီမံချက်များကို ၃ နှစ် အချိန်ယူ ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။
မြန်မာ အစိုးရ၏ တောင်းဆိုချက်အရ ဂျပန် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ(JICA) က ယင်းရှေ့ပြေးစီမံချက်များ စမ်း သပ် လုပ်ဆောင်ရန် ၂၀၁၄ ခုနှစ် နိုဝင်ဘာလတွင် ကျွမ်းကျင်အဖွဲ့များ စေလွှတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်အထိ ၃ နှစ်ကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။
စီမံကိန်းကာလ ၃ နှစ်အတွင်း ပုဂံဒေသတွင် ရှေ့ပြေးစီမံချက် ၁၆ ခုကို JICA ၏ ကျွမ်းကျင်ပညာရှင်များက မြန်မာနိုင်ငံ ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာန၊ ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ပညာရေးဝန်ကြီးဌာန စသည့် ဆက်စပ်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်နေကြောင်း JICA ၏ ကျွမ်းကျင်ပညာရှင် ခေါင်းဆောင်တဦးဖြစ်သည့် မစ္စတာ ဂိုကီမူရက ပြောသည်။
ယင်းရှေ့ပြေးစီမံကိန်းများမှတဆင့် ပုဂံဒေသအတွက် ထိရောက်မှုရှိသော ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု အစီအစဉ်ကို ထူထောင် သည့် နှစ်ရှည် မဟာဗျူဟာစီမံကိန်း(Master Plan) တခုကို ရေးဆွဲသွားမည်ဟု မစ္စတာ ဂိုကီမူရက ဆိုသည်။
“ဒီတခေါက် Master Plan ရေးဆွဲတာဟာ ပုဂံဒေသကို Promotion လုပ်တာ တခုတည်းတင် မဟုတ်ပါဘူး။ ၂၀၁၉ ခုနှစ်မှာ ပုဂံ ဒေသ ကို ကမ္ဘာ့သမိုင်းဝင် ရှေးဟောင်း အမွေအနှစ် နယ်မြေ (World Heritage Zone) ဖြစ်လာဖို့အတွက်ကို ကျနော်တို့ ရည်မှန်းချက် ထားပြီးတော့ ဆောင်ရွက်နေတာပါ”ဟု မစ္စတာ ဂိုကီမူရက ပြောသည်။
ရှေ့ပြေးစီမံချက် ၁၆ ခုတွင် ခရီးသွားလုပ်ငန်း သတင်းအချက်အလက်ဌာန (Tourism Information Centre) တည်ဆောက်ခြင်း၊ ခရီးသွား သတင်းအချက်အလက် ဖြန့်ဝေခြင်း၊ လမ်းညွှန်ဆိုင်းဘုတ်စနစ် တိုးမြှင့်ခြင်း၊ နေဝင်နေထွက် ရှုခင်းကြည့်ရန်နေရာများ တိုးမြှင့် တည်ဆောက်မှု၊ ပြည်သူလူထု အသိပညာပေးရေး စည်းရုံး လုပ်ဆောင်မှု၊ လူထုအခြေပြု ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှု စသည့် စီမံချက်များ ပါဝင်သည်ဟု ဆိုသည်။
ခရီးသွားလုပ်ငန်း သတင်းအချက်အလက်ဌာနကို ဈေးဆိုင်များ၊ စားသောက်ဆိုင်များ ပေါများသော အာနန္ဒာဘုရား မြောက်ဘက်ခြမ်း တွင် တည်ဆောက်ရန် ရည်မှန်းထားကြောင်း၊ သဘာဝ ပတ်ဝန်းကျင်နှင့် လိုက်လျောညီထွေမည့် အဆောက်အအုံ ဒီဇိုင်းကို ၂၀၁၅ ခုနှစ် ဒီဇင်ဘာလတွင် အပြီးသတ်၍ ယဉ်ကျေးမှု ဝန်ကြီးဌာန၏ ခွင့်ပြုချက် ရယူပြီး စတင် တည်ဆောက်သွားမည်ဖြစ်ကြောင်း လည်း သိရှိရသည်။
ခရီးသွားသတင်းအချက်အလက် ဖြန့်ဝေခြင်း ရှေ့ပြေးစီမံချက်အတွက် မြန်မာ၊ အင်္ဂလိပ်၊ ဂျပန်ဘာသာတို့ဖြင့် ပုဂံဒေသအကြောင်း အခြေခံ သတင်းအချက်အလက်များ ပါဝင်မည့် http://www.wonderbagan.com/ ဝက်ဘ်ဆိုက်ကို လွှင့်တင်ရန် စီစဉ်နေသည်။
နေဝင်နေထွက် ရှုခင်းကြည့်ရန် နေရာအသစ်ကို ယဉ်ကျေးမှု ဝန်ကြီးဌာန၊ ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံ နှင့် ယဉ်ကျေးမှု အဖွဲ့(UNESCO) တို့နှင့် ပူးပေါင်း တိုင်ပင်လျက်ရှိပြီး စူဠာမဏိဘုရားအနီး ညောင်လက်ဖက် ရေကန်၏ အနောက်မြောက်ဘက် ကန်ပေါင် ပေါ်တွင် တည်ဆောက်ရန် ရည်မှန်းထားကာ ၂၀၁၆ ခုနှစ်တွင် အတည်ပြုပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
ပုဂံဒေသတွင် ဟိုတယ်အခန်းပေါင်း ၂၅၀၀ ကျော် ရှိပြီး စက်တင်ဘာလကုန်အထိ စာရင်းများအရ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွား ၁ သိန်း ၆ သောင်းခန့် ရှိကြောင်း ဟိုတယ်နှင့် ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန (ပုဂံရုံးခွဲ) ဒုတိယ ညွှန်ကြားရေးမှူး ဦးသန်းထွဋ္ဋ်ခိုင် က ပြောသည်။
၂၀၁၅ ခုနှစ်အတွင်း မြန်မာတနိုင်ငံလုံးသို့ လာရောက်လည်ပတ်သည့် နိုင်ငံခြားသား ခရီးသွားပေါင်း ၅ သန်းရှိရန် ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်း ဝန်ကြီးဌာနက ခန့်မှန်းထားသည်။