တနသာၤရီတိုင်း ဒေသကြီး၊ ထားဝယ်ခရိုင် အတွင်းရှိ ဘန်ချောင်းကျောက်မီးသွေး စီမံကိန်းကြောင့် ဒေသခံများ၏ ကျန်းမာရေးနှင့် အသက်မွေးဝမ်းကြောင်း လုပ်ငန်းများ ဆိုးဝါးစွာ ထိခိုက်မှုရှိနေသဖြင့် လုပ်ငန်းများ ချက်ခြင်း ရပ်တန့်ပေးရန် ဒေသခံများနှင့် အရပ်ဖက် လူမှုအဖွဲ့အစည်းများက တောင်းဆိုလိုက်သည်။
ဒေသခံများက ဘန်ချောင်းကျောက်မီးသွေး စီမံကိန်းတွင် အဓိက ရင်နှီးမြှုပ်နှံလုပ်ကိုင်နေကြသည့် မေဖလားဝါး သတ္တုတူးဖော်ရေး လုပ်ငန်းနှင့် ၎င်း၏မိတ်ဖက် ထိုင်းကုမ္ပဏီများဖြစ်သည့် East Star ကုမ္ပဏီနှင့် Thai Asset ကုမ္ပဏီတို့၏ လုပ်ငန်းများ ချက်ခြင်းရပ်တန့်ပေးရန် ဒေသခံများက တောင်းဆိုခြင်း ဖြစ်သည်။
“ဒါက မလုပ်သင့်ဘူး။ လုပ်မယ်ဆိုရင်လည်း ဒေသခံတွေနဲ့ တွေ့ဆုံဆွေးနွေးပြီးမှ လုပ်။ ဒေသခံတွေ အနေနဲ့ သူတို့ကို ဖမ်းဆီးခွင့်တားဆီးခွင့် မရှိဘူး။ မေဖလားဝါးက အသိအမှတ်ပြု လုပ်နေပေမယ့် East Star ကုမ္ပဏီနှင့် Thai Asset ကုမ္ပဏီတွေကို မြန်မာအစိုးရက အသိအမှတ် မပြုထားဘူး။ ဒါကြောင့် နိုင်ငံတော်အစိုးရနဲ့ ထိုင်းအစိုးရမှာ အများကြီး တာဝန်ရှိတယ်။ ကွင်းဆင်း စစ်ဆေးပေးဖို့လည်း တောင်းဆိုပါတယ်” ဟု ထားဝယ်ခရိုင် ကထောင်းနီကျေးရွာ ဒေသခံဖြစ်သူ စောတင်ဦးက ပြောသည်။
ဘန်ချောင်း ကျောက်မီးသွေးတွင်းနှင့် ပတ်သက်သည့် အစီရင်ခံစာ ထုတ်ပြန်ခြင်း သတင်းစာရှင်းလင်းပွဲကို ယနေ့တွင် ရန်ကုန်မြို့ရှိ Orchid Hotel တွင် ပြုလုပ်ရာ၌ ထားဝယ်ခရိုင် ဒေသခံများနှင့် အရပ်ဖက် အဖွဲ့အစည်းများက အထက်ပါကဲ့သို့ ပြောဆိုတောင်းဆိုလိုက်ခြင်း ဖြစ်သည်။
အဆိုပါဒေသ၌ ဒေသခံများသည် ကွမ်းပင်စိုက်ပျိုးခြင်း၊ ဥယျာဉ်ခြံ လုပ်ကိုင်ခြင်းဖြင့် အသက်မွေးဝမ်းကြောင်း လုပ်ကိုင်သည့် နေရာဖြစ်ပြီး သောက်ရေသုံးရေအတွက် ရေတွင်းရေကန် မရှိခြင်းကြောင့် ချောင်းရေကိုသာ မှီခိုနေရသည့် ဒေသတခုလည်း ဖြစ်သည်။
“သီးနှံအထွက်နှုန်းတွေ ကျလာတယ်။ ချောင်းကို မှီခိုနေတာ အခုချောင်းက ကျောက်မီသွေးကြောင့် ပျက်စီးသွားပြီ။ ကျောက်မီးသွေး မိုင်းတွင်းတွေမှာ ပြည့်နေတဲ့ရေတွေကိုလည်း ချောင်းထဲကို တိုက်ရိုက်သွန်တယ်။ ရေမရှိတော့ ဒီရေကိုပဲ သောက်သုံးနေရတယ်။ ဒါကို အစိုးရဌာနနဲ့ ကုမ္ပဏီက အမြန်ဆုံး ဖြေရှင်းပေးဖို့ တောင်းဆိုပါတယ်” ဟု ဒေသခံတဦးဖြစ်သူ နော်ဒယ်ဒီးနာက ပြောသည်။
ဘန်ချောင်းရှိ သတ္တုလုပ်ငန်းများအား ပွင့်လင်းမြင်သာမှုရှိပြီး လူထုပါဝင်မှုရှိသော ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုစစ်တမ်း (EIA) နှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဥပဒေ၊ နည်းဥပဒေများ ပြုလုပ်ပြီးသည်အထိ ရပ်တန့်ပေးထားရန်၊ ဒေသခံဌာနေတိုင်းရင်းသားများ၏ မြေယာများ၊ အသက်မွေးဝမ်းကြောင်းဆိုင်ရာ လုပ်ငန်များ၊ လုံခြုံရေး၊ ကျန်းမာရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုင်ရာများကို ဖြေရှင်းပြီးသည်အထိ ကုမ္ပဏီ၏ သတ္တုလုပ်ငန်းများကို ရပ်တန့်ပေးရန် တောင်းဆိုကြထားသည်။
ဘန်ချောင်း ကျောက်မီးသွေး စီမံကိန်းကို ၂၀၁၀ ခုနှစ် မတ်လတွင် အစိုးရပိုင်းနှင့် နီးစပ်မှုရှိသည့် ဦးကျော်ဝင်း ပိုင် မေဖလားဝါး ကုမ္ပဏီက သတ္တုလုပ်ကွက်ပါမစ်ကို တရားဝင်ရရှိခဲ့ပြီးနောက် အမှန်တကယ် လုပ်ငန်းလုပ်ကိုင်ခြင်း မပြုတော့ဘဲ ထိုင်းနိုင်ငံမှ ကုမ္ပဏီနှစ်ခုဖြစ်သည့် East Star ကုမ္ပဏီနှင့် Thai Asset ကုမ္ပဏီများက မေဖလားဝါး ကုမ္ပဏီ အမည်ခံဖြင့် ဝင်ရောက်လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဒေသခံများက ပြောဆိုသည်။