ရွေးကောက်ပွဲ မတိုင်ခင် တလခန့်အလိုမှစ၍ အခြေခံ စားသုံးကုန်ဈေးနှုန်းများ အဆမတန် မြင့်တက်လာကြောင်း စားသုံး သူ အိမ်ရှင်မများနှင့် ရောင်းချသူများကဆိုသည်။
ပြီးခဲ့သည့် ဇွန်၊ ဇူလိုင်လအတွင်း ရေကြီးမှုများ နှင့်တဆက်တည်း ရွေးကောက်ပွဲ ကာလ ဖြစ်ပေါ်လာမည့် နိုင်ငံရေး အပြောင်းအလဲအပေါ် စိုးရိမ်မှု၍ ကြိုတင်ဝယ်ယူ သိုလှောင်လာခြင်းကြောင့် ဈေးတက်ခြင်းဖြစ်သည်ဟု သိရသည်။
“အဓိကကတော့ ရွေးကောက်ပွဲနီး လာလေလေ ထင်မှတ်မထားတဲ့ တခုခု ဖြစ်လာမှာ၊ နိုင်ငံရေး မတည်မငြိမ်ဖြစ်မှာ အပြောင်းအလဲက ချောမွေ့ပါ့မလားဆိုတဲ့ ပြည်သူ အပါအဝင် နိုင်ငံတကာပါ စိုးရိမ်ပူပန် နေရတဲ့အချက်ပေါ့။ အဲဒီလို အချိန်မှာ ပြည်သူက ပိုပြီးတော့ စိုးရိမ်တဲ့အတွက် ဆန်တွေ ဆီတွေကို ဝယ်ထားပြီးစုကြတယ် ” ဟု ပုဇွန်တောင်မြို့နယ်မှ အိမ်ထောင်ရှင်မတဦးဖြစ်သည့် ဒေါ်ခင်ဝေလွင်က ပြောဆိုသည်။
အောက်တိုဘာလအတွင်းမှ စတင်ကာ ကုန်ဈေးနှုန်းများ မြင့်တက်လာခြင်းကို သိသာစွာ ခံစားလာရခြင်းဖြစ်ပြီး နှစ်ဆ နီးပါးခန့် မြင့်တက်လာခြင်း ဖြစ်ရာ စားသုံးသူများသာမက ရောင်းချသည့် ဈေးသည်များအနေဖြင့်လည်း အခက်အခဲ ဖြစ်နေရကြောင်း သိရသည်။
သီရိမင်္ဂလာဈေး၊ ဒညင်းကုန်းဈေးများမှ ကုန်စိမ်းဝယ်ယူပြီး မြောက်ဥက္ကလာမြို့နယ်တွင် လက်ကား ပြန်ရောင်းချသော ကိုဟိန်းကိုက ယခုနှစ် ရေကြီးမှုက ကုန်စိမ်းဈေးမှာ နှစ်ဆကျော်တက်သွားကြောင်း၊ ဈေးနှုန်းမြင့်တက်မှုမှာ အခါတိုင်းထက် ပိုဆိုးကြောင်း ဆိုသည်။
ကုန်ဈေးနှုန်းမြင့်တက်ရာတွင် ဟင်းသီးဟင်းရွက်သာမက အခြေခံစားသောက်ကုန်များဖြစ်သည့် ဆန်၊ကြက်သွန်နီဈေး များလည်း လိုက်ပါမြင့်တက်လာခြင်းဖြစ်သည်။
ဆန်ဈေးမြင့်တက်နေခြင်းနှင့် ပတ်သက်ပြီး ဘုရင့်နောင်ကုန်စည်ဒိုင်မှ အတွင်းရေးမှူး ဦးသန်းဦးက“ ဒီနှစ် ဆန်ဈေးနှုန်းတွေ ကြီးမြင့်နေရတာက နိုင်ငံခြားကို တိုက်ရိုက်ရောင်းချနိုင်တဲ့အချိန်မှာ ဒေါ်လာဈေးနှုန်းကလည်း မြင့်တက်နေတော့ ဆန်ဈေး နှုန်းက မြင့်လာတယ် ၊ ဆန်ဈေးနှုန်းက ဒေါ်လာငွေကြေးနဲ့ တိုက်ရိုက် ဆက်စပ်မှု ရှိတယ်။ အရင်က ဒေါ်လာဈေးက ၁ထောင် အခုက ၁၂၇၀၊ ၁၂၈၀ နဲ့တွက်ရတာဆိုတော့ မြင့်လာတာပေါ့” ဟု ပြောသည်။
ယခုအခါ ဆန်ဈေးမှာ ပြီးခဲ့သည့် နှစ်လက တောင်ပျံဆန်တပြည်ကို ၁၂၀၀ ကျပ်ရှိရာမှ ယခုအခါ ၁၈၀၀ ကျပ်ခန့်အထိ တက်သွား ကြောင်း၊ ကြက်သွန်နီ တပိဿာမှာ ၆၀၀ ကျပ်မှ ၂၅၀၀ ကျပ်ခန့်အထိ ဖြစ်လာကြောင်း သိရသည်။
ဘုရင့်နောင်ကုန်စည်ဒိုင် စားဖိုဆောင်သီးနှံစိုက်ပျိုးထုတ်လုပ်သူအသင်း ဒုဥက္ကဌ ဦးခင်ဟန်က “ ကြက်သွန်ဈေးက တက် နေတယ်။ ကုန်အဝင်နည်းလို့။ ကြက်သွန်ချိန်ကလည်း တုံးနေပြီ။ နောက်လထဲ အသစ်ပေါ်တော့မယ်။ အခုချိန်က တုံးတဲ့ အချိန်ဆိုတော့ ဈေးက တက်ကို တက်မှာ။ ဒီနှစ် အထွက်နှုန်းကိုလည်း မခန့်မှန်းနိုင်သေးဘူး။ ရာသီဥတုနဲ့ ပတ်သက် တယ်” ဟုဆိုသည်။
အဆိုပါကိစ္စရပ်နှင့် ပတ်သက်ပြီး စီးပွားရေးနှင့် ကူးသန်းဝန်ကြီးဌာန၊ ဈေးကွက် သတင်းအချက်နှင့် သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ဈေးနှုန်းများ မြင့်တက်လာခြင်းမှာ ပစ္စည်းပြတ်လပ်မှုနှင့် ကုန်စည်စီးဆင်းမှုကြောင့် မဟုတ်ပဲ၊ လယ်ဧကများ ရေကြီးနစ်မြုပ်မှုကြောင့် ဈေးနှုန်းမြင့်တက်လာမည်ကိုစိုးရိမ်၍ ဝယ်ယူသိုလှောင်မှုများနှင့်လည်း သက်ဆိုင်ကြောင်း ဆိုသည်။
“ကုန်ဈေးနှုန်းတည်ငြိမ်ရေးကို ကျနော်တို့ ဘက်ပိုင်းက ပြောနေတာရှိတယ်၊ ပြည်တွင်းမှာ ပစ္စည်း မရှိလို့လား ပြန်စစ်တယ်၊ လှောင်လက်တို့ ဘာတို့က လုပ်ရင်တော့ ကျနော်တို့အတွက် အခက်အခဲ ဖြစ်တာပေါ့။ စီးပွားရေး သဘောအရ ပြောရတာ တော်တော်ခက်တယ်။ တချို့သူတွေက နည်းနည်းလေး အပိုအလျှံလေးတွေ ဝယ်ထားတတ်တာ ရှိတဲ့ အလေ့အထလေးတွေကလည်း ဈေးကွက်မှာ တခါတလေ နည်းနည်း ဈေးက ဆောင့်တက်တာပေါ့နော်”ဟု စီးပွားရေးနှင့် ကူးသန်းဝန်ကြီးဌာန၊ ဈေးကွက် သတင်းအချက်နှင့် သုတေသနဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က ပြောသည်။
လက်ရှိ ပြည်တွင်း လက်လီ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသည့် ဈေးနှုန်းများမှာ ကြက်သွန် တပိဿာလျှင် ၃၀၀၀ ကျပ်၊ ရွှေဘိုဆန် တပြည် ၂၅၀၀ကျပ်၊ ဖျာပုံဆန် တပြည် ၁၇၀၀ကျပ်၊ တောင်ပျံဆန် တပြည် ၁၆၀၀ကျပ် ရှိနေကာ ပဲဆီ တပိဿာလျှင် ၅၅၀၀ကျပ်၊ စားသုံးဆီဈေးမှာ တပိဿာလျှင် ၁၇၀၀ ကျပ် တွင် ရှိနေပြီး ကုန်စိမ်းဈေးနှုန်းများမှာလည်း အလားတူ မြှင့်တက်နေကြောင်း သိရသည်။
ပြည်ပသို့တင်ပို့မှုအခြေအနေမှာလည်း အောက်တိုဘာ လဝက်အထိ ဆန်တင်ပို့ထားသည့် ပမာဏမှာ တန်ချိန် ခုနှစ်သိန်းခွဲ ရှိပြီး၊ ကြက်သွန်နီတင်ပို့မှုမှာ တန်ချိန် ၃၈၀၀၀ ကျော်၊ ပြည်ပမှ စားသုံးဆီတင်သွင်းမှုမှာ ၃၆၀၀၀၀ကျော် ရှိကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ စာရင်းများအရ သိရသည်။