ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် အကောင်အထည်ဖော်မည့် ရန်ကုန် ဘတ်စ်ကား အများပိုင် ကုမ္ပဏီ တည် ထောင် ရန် နိုဝင်ဘာ ၃ ရက်မှစတင်ပြီး အများပြည်သူများသို့ ရှယ်ယာများ စတင်ရောင်းချခဲ့ရာ ကျပ် သိန်း ၁၀၀၀ ဖိုး ရောင်းချ ပြီးကြောင်း အများပိုင်ကုမ္ပဏီ ဖြစ်မြောက်ရေး ကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ မောင်အောင်က ပြောသည်။
“မနေ့ကစပြီး ရှယ်ယာတွေကို လက်ခံနေပါပြီ။ ၃၅ ဦးကို သိန်း တထောင်ဖိုး ရှယ်ယာ ရောင်းပြီးသွားပြီ။ တဦးချင်းများပါတယ်။ ကုမ္ပဏီတွေကို မတွေ့သေးပါဘူး။ အများဆုံး သိန်း တရာဖိုး ဝယ်တာ သုံး၊ လေး ဦး တွေ့ရတယ်။ ရှယ်ယာတွေကို ဇန်နဝါရီလကုန်အထိ ရောင်းမယ်”ဟု ဒေါက်တာ မောင်အောင် က ပြောပြသည်။
ဘတ်စ်ကား အများပိုင်ကုမ္ပဏီ တည်ထောင်ရန် ရှယ်ယာထည့်ဝင်ရာတွင် အစိုးရဘက်က ရှယ်ယာ ၄၀ ရာခိုင်နှုန်း ထည့်ဝင်ပြီး ကျန် ၆၀ ရာခိုင်နှုန်း ကျပ် ၁၅ ဘီလီယံကို ရှယ်ယာတစုလျှင် ကျပ် တသိန်းနှုန်းဖြင့် အများပြည်သူများက ရှယ်ယာ ထည့်ဝင်ရန် ရန်ကုန်တိုင်း အစိုးရ အဖွဲ့ရုံး တွင် မေလအတွင်းက ဖိတ်ခေါ်ခဲ့ ခြင်းဖြစ်သည်။
အများပြည်သူထံသို့ ရောင်းချပေးမည့် ကျပ် ၁၅ ဘီလီယံတွင် ပြည်တွင်းတွင် ထင်ရှားသည့် စီးပွားရေးလုပ်ငန်းများဖြစ်သော သမ္မတနှင့် နီးစပ်သည့်ကုမ္ပဏီများ ပါဝင်ပြီး ကနဦး ထည့်ဝင်ပေးထားသည့်ကုမ္ပဏီများတွင် ရွှေသံလွင်၊ ရွှေတောင်၊ ဒိုင်းမွန်းစတား၊ Zayya & Associates နှင့် Fishery and Marine Products 2000 ကုမ္ပဏီများအား ကုမ္ပဏီတခုလျှင် ၂ ဘီလီယံစီ ချပေးထားကြောင်း သိရသည်။
အများပြည်သူသို့ ထုတ်ရောင်းသည့် ရှယ်ယာများအတွက် အမြတ်ရရှိမည်ဖြစ်သော်လည်း ကနဦး မတည်ထည့်ဝင် ပေးထားသည့် ကုမ္ပဏီများသည် အမြတ်ရရှိမည် မဟုတ်ကြောင်း၊ လက်ရှိတွင် အဆိုပါ ကုမ္ပဏီကြီး ၅ခုမှ ကုမ္ပဏီတခုလျှင် ကျပ်သိန်း ၅၀၀၀ ထည့်ဝင်ထားပြီး ဖြစ်သည်ဟု ဆိုသည်။
အမြတ်ကိစ္စနှင့်ပတ်သက်ပြီး Zayya & Associates ကုမ္ပဏီမှ လက်ထောက် အထွေထွေမန်နေဂျာ ဦးပြည့်စုံအောင်က “ကျနော်တို့မှာ ဘီအိုတီ စာချုပ်ဆိုတာ ရှိပါတယ်၊ အခွင့်ရေးတွေရမယ် ရင်းနှီးမြှုပ်နှံပါလို့ ခေါ်တာမဟုတ်ပါဘူး။ ဒါက အခွင့်အရေး မဟုတ်ပါဘူး။ အများပြည်သူအတွက် စေနာ့ဝန်ထမ်း လုပ်ပေးတာပါ။ နှစ်နှစ်ပတ်လုံးကို အကျိုးအမြတ်မရှိ ဒီအတိုင်းသွားမယ်။ ပြီးသွားရင် ကျနော် တို့ ပြန်ရမယ်။ ကနဦး ငွေဖြည့်ပေးထားတဲ့ အတိုင်းပဲ ပြန်ပေးမှာပါ”ဟု ပြောသည်။
“စံဝေလ” ယာဉ်လိုင်းမှ မန်နေဂျင်း ဒါရိုက်တာ ဦးသန်းလွင်ကလည်း “ကျနော်တို့ကလည်း ရှယ်ယာထည့်ဝင်ဖို့ စိတ်မဝင်စားဘူး။ သယ်ယူပို့ဆောင်ရေး လုပ်ငန်းက အင်မတန်မှ ခက်ခဲတဲ့လုပ်ငန်းဖြစ်တယ်။ အဲဒီပေါ်မှာ ယာဉ်လုပ်သား ယာဉ်မောင်းတွေ အားလုံးကို အုပ်ချုပ်ဖို့က ကြီးမားတဲ့ အခက်အခဲပဲ။ နောက် ယာဉ်စီးခနှုန်းထားကလည်း သတ်မှတ်ထားတဲ့အတွက် ကျနော်တို့က ကိုက်အောင် လည်း တောင်းလို့ မရဘူး”ဟု ပြောဆိုသည်။
လက်ရှိအချိန်တွင် အစိုးရဘက်မှ မတည်ပေးမည့် ကျပ် ၁၀ ဘီလီယံဖြင့် တရုတ်၊ ကိုရီးယား၊ ဆွီဒင်နိုင်ငံမှ ကားမှာယူထားပြီ ဇန်နဝါရီ လဆန်းတွင် ရောက်ရှိလာမည် ဖြစ်ကြောင်း၊ ယာဉ်လိုင်းပြေးဆွဲမှုကိုလည်း အဆိုပါလအတွင်းတွင် ပြေးဆွဲနိုင်ရန် ခန့်မှန်းထားပြီး ပြည်လမ်း၊ ကမ္ဘာအေးလမ်းပိုင်းကို စတင်ပြေးဆွဲသွားမည်ဖြစ်ကြောင်း၊ ယာဉ်စီးခနှုန်းထားများကိုလည်း အများပြည်သူတတ်နိုင်သည့် နှုန်းထားဖြင့် သတ်မှတ်လုပ်ကိုင် သွားမည်ဖြစ်ကြောင်း အများပိုင်ကုမ္ပဏီ ဖြစ်မြောက်ရေး ကော်မတီက ပြောသည်။
ရန်ကုန်ဘတ်စ်ကား အများပိုင် ကုမ္ပဏီ ဖွဲ့စည်း၍ အမြန် ဘတ်စ်ကားလိုင်း စနစ် (BRT) စနစ်ဖြင့် ပြေးဆွဲမည်ဖြစ်ပြီး အဆင့် – ၁ အနေဖြင့် ပြည်လမ်း၊ ကမ္ဘာအေး လမ်းပိုင်းကို ပြေးဆွဲမည် ဖြစ်ကြောင်း၊ အဆင့် – ၂ အနေဖြင့် လှိုင်သာယာနှင့် အောင်မင်္ဂလာ အဝေးပြေး၊ ဒဂုံတက္ကသိုလ်မှ ပါရမီလမ်းပိုင်းကို ပြေးဆွဲမည်ဖြစ်ပြီး သီလဝါ စက်မှုဇုန်အထိ ပါဝင်သည့် အဆင့် – ၃ ကို ထိုလမ်းကြောင်းအတိုင်း အဆင့် ၃ ဆင့်ဖြင့် စုစုပေါင်း လမ်းအရှည် ၁၄၉ ဒသမ ၉၁ ကီလိုမီတာ ရှည်လျားမည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ သိရသည်။