မြန်မာနိုင်ငံ၏ အဓိက ဆိပ်ကိမ်းတခုကို အမေရိကန် အစိုးရ၏ နာမည်ပျက်စာရင်းတွင် ပါဝင်နေသူတဦးက ထိန်းချုပ်ထားကြောင်း သိရှိခဲ့ပြီးနောက်တွင် အနောက်တိုင်း ဘဏ်များက မြန်မာနိုင်ငံကို ပို့ကုန်သွင်းကုန်များအတွက် နိုင်ငံခြား ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများ (trade finance) ကို ဖြတ်တောက် လိုက်သည့်အတွက် မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံကြားမှ ပေါ်ပေါက်လာစ စီးပွားရေး ပူးပေါင်းဆောင်းရွက်မှုကို ရပ်တန့်သွားစေနိုင်သည့် ခြိမ်းခြောက်မှု ဖြစ်လာသည်။
Citigroup Inc, Bank of America, HSBC နှင့် PNC Financial တို့ အပါအဝင် ဘဏ်အမြောက်အများက မြန်မာနိုင်ငံ နှင့် ပတ်သက်၍ ကုန်သွယ်ရေး ငွေကြေးကျောထောက် နောက်ခံပေးမှုကို လျှော့ချ ဖြတ်တောက်လိုက်ပြီး နောက်ပိုင်း ပြီးခဲ့သည့် လများအတွင်းတွင် မြန်မာနိုင်ငံသို့ အမေရိကန်မှ ကုန်တင်ပို့မှု နှေးကွေးသွားခဲ့ရသည်ဟု အရေးယူပိတ်ဆို့မှု ဆိုင်ရာ ရှေ့နေများနှင့် အဆိုပါကိစ္စနှင့် နီးစပ်သည့် တခြားသူများ၏ အဆိုအရ သိရသည်။
ကုန်သွယ်ရေးဆိုင်ရာ စာရွက်စာတမ်းများကို လေ့လာရင်း ရန်ကုန်မြို့၏ အဓိကဆိပ်ကမ်းတခုကို ထိန်းချုပ်ထားသူမှာ မြန်မာစစ်တပ်နှင့် နီးစပ်မှုရှိသည်ဟု သံသယရှိသောကြောင့် အမေရိကန် အစိုးရက အရေးယူပိတ်ဆို့မှု စာရင်းတွင် ထည့်သွင်းခြင်း ခံထားရသည့် စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ဖြစ်ကြောင်း ဇွန်လ အတွင်းတွင် Citigroup က သတိပြုမိခဲ့သည်ဟု သူတို့က ဆိုသည်။
ထို့နောက် Citigroup က တခြားဘဏ်များကို အသိပေးခဲ့သည်။ သူတို့၏ အရာရှိများက အမေရိကန် အစိုးရ၏ ကျန်ရှိသော အရေးယူပိတ်ဆို့မှုများကို ချိုးဖောက်သည့် တခြား ငွေကြေးကိစ္စများ ရှိနိုင်သည်ဟု သတိပေးခဲ့သည် ဟု အမည်မဖော်လိုသူ သတင်းရင်းမြစ် အများအပြားက ပြောကြသည်။
သန္ဓေတည်စ ဖြစ်သော်လည်း လျှင်မြန်စွာ တိုးတက်လာနေသည့် မြန်မာနှင့် အမေရိကန်နိုင်ငံကြားမှ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုအတွက် ရှေ့တိုးနောက်ဆုတ်ခက်သည့် အခြေအနေတခု ဖြစ်လာသည်။ မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင် ကူးပြောင်းရေးကာလ အတွင်းတွင် အမေရိကန်အစိုးရ၏ သြဇာလွှမ်းမိုးမှုကို ထိန်းသိမ်းထားနိုင်ရန် အတွက် အဆိုပါ ပူးပေါင်းဆောင်ရွက်မှုက အရေးပါသည်ဟု အမေရိကန် သံတမန်များက ယူဆထားကြသည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေး အဆုံးသတ်သွားပြီး အရပ်သား အစိုးရတခု စတင်ဖွဲ့စည်းခဲ့သည့် ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် နိုင်ငံရေး ပြုပြင်ပြောင်းလဲရေးအတွက် အရေးပါသည့် ရွေးကောက်ပွဲတခုကို မြန်မာနိုင်ငံတွင် နိုဝင်ဘာလ ၈ ရက်နေ့က ကျင်းပခဲ့သည်။
အမေရိကန်နှင့် ဥရောပ သမဂ္ဂတို့ကလည်း မြန်မာ အာဏာပိုင်များက ပြုပြင်ပြောင်းလဲရေးတွင် ဆက်လက်ရှိနေနိုင်ရန် အားပေးသည့် အနေဖြင့် စီးပွားရေး ပိတ်ဆို့ အရေးယူမှုများကို စတင် ပယ်ဖျက်ပေးခဲ့သည်။
ထိုအချိန်မှစ၍ မြန်မာနိုင်ငံနှင့် အမေရိကန်နိုင်ငံကြား ကုန်သွယ်မှု ပမာဏ စုစုပေါင်း တိုးတက်လာခဲ့ပြီး ၂၀၁၀ ခုနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀ သန်းထက် နည်းခဲ့ရာမှ ပြီးခဲ့သည့် နှစ်တွင် အမေရိကန်ဒေါ်လာ ၁၈၅ သန်းအထိ မြင့်တက်လာခဲ့သည်ဟု အမေရိကန် ကူးသန်းရောင်းဝယ်ရေးဌာန၏ အဆိုအရ သိရသည်။
သို့သော်လည်း အဆိုပါပမာဏသည် မြန်မာနိုင်ငံ၏ အာရှ စီးပွားဖက်များဖြစ်သည့် ထိုင်း၊ တရုတ်၊ စင်ကာပူ၊ ဟောင်ကောင်၊ အိန္ဒိယနှင့် တောင်ကိုရီးယားတို့ လွှမ်းမိုးထားသော အမေရိကန် ဒေါ်လာ ၂၇ ဘီလီယံကျော် တန်ဖိုးရှိသော ကုန်သွယ်ရေးတွင် သေးငယ်သော အစိတ်အပိုင်းမျှသာ ရှိနေပါသေးသည်။
သို့သော်လည်း အမေရိကန်နိုင်ငံနှင့် ကုန်သွယ်ရေး၏ နိုင်ငံရေးအရ အရေးပါမှုက ကုန်သွယ်မှု ပမာဏထက် များစွာကျော် လွန်သည်ဟု အမေရိကန် လက်ထောက်နိုင်ငံခြားရေး ဝန်ကြီးဟောင်း ဂျို့စ် ဖာနန်ဒက်ဇ် (Jose W. Fernandez) က ပြောသည်။ သူက မြန်မာနိုင်ငံကို အရေးယူပိတ်ဆို့သည့် မူဝါဒချမှတ်ရာတွင် အဓိက ပါဝင်ခဲ့သူတဦး ဖြစ်သည်။
“ဒါက ခေါင်းဆောင်တွေ အနေနဲ့ သူတို့ဟာ ကမ္ဘာရဲ့ အပယ်ခံတွေ မဟုတ်တော့ဘူးဆိုတာ သက်သေပြဖို့ အကောင်းဆုံး လမ်းကြောင်း တခုပါပဲ” ဟု ဂျို့စ် ဖာနန်ဒက်ဇ် က Reutersသို့ပြောသည်။ အမေရိကန်နှင့် စီးပွားရေး အရဆက်ဆံမှု တိုးတက်လာခြင်းက မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ သြဇာလွှမ်းမိုးမှုကို တန်ပြန် ထိန်းညှိနိုင်လိမ့်မည်ဟု အမေရိကန် ဒုတိယ လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ပီတာ ဟာရယ် (Peter Harrell) ကပြောသည်။ သူက မြန်မာနိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့မှုများ ဖြေလျှော့ပေးရေးတွင် အရေးပါသောနေရာမှ ပါဝင်ခဲ့သူဖြစ်သည်။ “မြန်မာနိုင်ငံက တရုတ်နိုင်ငံ အပေါ် အလွန်အကျွံမှီခို နေရသလို မဖြစ်ချင်ပါဘူး” ဟု သူကဆိုသည်။
အမေရိကန် နိုင်ငံမှ မြန်မာနိုင်ငံသို့ ကုန်ပစ္စည်းတင်ပို့မှုက ဇွန်လအတွင်းတွင် အမေရိကန် ဒေါ်လာ သန်း ၅၀ ကျော်ရှိရာမှ စက်တင်ဘာလတွင် အမေရိကန်ဒေါ်လာ ၅ ဒသမ ၅ သန်းသို့ ကျဆင်းသွားခဲ့သည်။
မြန်မာနိုင်ငံ ကိစ္စက အမေရိကန် အစိုးရအနေဖြင့် နျူကလီးယား အစီအစဉ်ထိန်းချုပ်မှု အပေါ် အတုံ့အလှယ်အနေဖြင့် အီရန်နိုင်ငံ အပေါ်ချမှတ်ထားသော အရေးယူပိတ်ဆို့မှုများကို ပယ်ဖျက်ပေးရန်နှင့် ကျူးဘားနိုင်ငံနှင့် ဆက်ဆံမှုများ ပြုလုပ်ရန် နိုင်ငံတကာ သဘောတူညီမှုများ ပြုလုပ်ရာတွင် ရင်ဆိုင်ရမည့် အခက်အခဲများကို အကြိုပြသနေခြင်း ဖြစ်သည် ဟု ဂျို့စ် ဖာနန်ဒက်ဇ်က ပြောသည်။
“တချို့ ဒဏ်ခတ်အရေးယူရေး အစီအစဉ်တွေက ကျနော်တို့က အဲဒါတွေကို ဖယ်ရှားပေးဖို့ မလိုဘူးလို့ ထင်ထားခဲ့တဲ့ အချိန်မှာ ဖန်တီးခဲ့တာ ဖြစ်တယ်လို့ ကျနော် ထင်ပါတယ်” ဟု သူက ဆိုသည်။
မမျှော်လင့်ဘဲ ပေါ်လာသည့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ ငွေကြေးကိစ္စက အရေးပါသော စီးပွားရေးသမား အချို့က နာမည်ပျက်စာရင်းတွင် ရှိနေဆဲ ဖြစ်သည့်အချိန်၌ အရေးယူပိတ်ဆို့မှုများကို မည်သို့ ပြန်လည် ဖြေလျှော့ပေးရမည် ဆိုသည်ကို ဖော်ပြနေသည်။ အဆိုပါ ကိစ္စများက အမေရိကန်နိုင်ငံ၏ နိုင်ငံရေး ရည်ရွယ်ချက်များကို ထိခိုက်စေမည့် မိုင်းကွင်းတခုကို ဖန်တီးပေးသည်။
စတီဖင်လော ခေါ် ဦးထွန်းမြင့်နိုင်၏ Asia World ကုမ္ပဏီက ဥပမာဖြစ်သည်။
သူ၏ ကုမ္ပဏီက ကိုင်တွယ်ဆောင်ရွက်နေသော ကုန်သွယ်မှုများအတွက် ငွေကြေးဝန်ဆောင်မှုကို ဖြတ်တောက်လိုက်ခြင်း အားဖြင့် ကုန်စည်ဝင်ထွက်မှုကို ပိတ်ပင်လိုက်သလို ဖြစ်သွားနိုင်ကြောင်း၊ အဘယ်ကြောင့်ဆိုသော် မြန်မာနိုင်ငံသို့ ကုန်စည် ဝင်ထွက်မှု၏ တဝက်ခန့်က Asia World ဆိပ်ကမ်းမှတဆင့် လုပ်ဆောင်နေခြင်းကြောင့် ဖြစ်ကြောင်း ဘဏ်အဖွဲ့အစည်း ၂ ခုက အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနသို့ ဇူလိုင်လအတွင်းက ပေးပို့ခဲ့သည့် စာတစောင်တွင် ဖော်ပြထားသည်။
နိုင်ငံခြား အဖွဲ့အစည်းများလည်း ထိခိုက်မှုရှိနိုင်ပါသည်။ ၂၀၀၉ ခုနှစ်မှ စ၍ အမေရိကန်နှင့် ဥရောပ ဘဏ် ၁ ဒါဇင်ခန့်သည် အရေးယူပိတ်ဆို့မှု စည်းကမ်းချက်ချိုးဖောက်မှု အများအပြားအတွက် အမေရိကန်ဒေါ်လာ ၁၄ သန်းကျော် ဒဏ်ရိုက် ခံခဲ့ရသည်။
အဆိုပါ စာထဲတွင် Clearing House Association နှင့် Bankers Association of Finance and Trade တို့က အမေရိကန် နိုင်ငံ၏ အရေးယူပိတ်ဆို့ကိစ္စများကို တာဝန်ယူဆောင်ရွက်သည့် အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာနမှ နိုင်ငံခြား ပိုင်ဆိုင်မှု ထိန်းချုပ်ရေးရုံး (Office of Foreign Assets Control – OFAC) ကို Asia World ဆိပ်ကမ်းမှ တဆင့် ကုန်ပစ္စည်းတင်သွင်း ခွင့်ရနိုင်မည့် ဥပဒေနှင့် ညီသော အစီအစဉ်တခု ပြုလုပ်ပေးရန် တောင်းဆိုခဲ့သည်။
အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနနှင့် OFAC တို့က ဖြစ်နိုင်မည့် အဖြေများကို စဉ်းစားနေသည်ဟု အဆိုပါ ကိစ္စနှင့် နီးစပ်သည့် အရင်းအမြစ်များက ပြောသည်။ သို့သော်လည်း ထိုအချိန်အတွင်းတွင် ဘဏ်များအနေဖြင့် Asia World မှ ကိုင်တွယ်သော ကုန်တင်ပို့မှုမှန်သမျှကို ရှောင်ရှားကြရန် OFAC က သတိပေးခဲ့သည်ဟု ထိုစာတွင် ဖော်ပြထားသည်။
ဖြစ်နိုင်သည့် အဖြေတခု နှင့် ပတ်သက်၍ မေးမြန်းသည့် အခါ ဘဏ္ဍာရေး ဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး တဦးက ၎င်းတို့ အနေဖြင့် ဥပဒေအရ တားမြစ်ခံထားရသူများ အကျိုးအမြတ် မရရှိနိုင်အောင်လည်း သေချာအောင် ပြုလုပ်ရင်း မြန်မာနိုင်ငံ၏ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို ကူညီရန်အတွက် နိုင်ငံခြားရေး ဝန်ကြီးဌာန နှင့် ပူးပေါင်း ဆောင်ရွက်နေသည်ဟု အီးမေးလ်မှ တဆင့် ဖြေကြားခဲ့သည်။ အမေရိကန် နိုင်ငံ၏ အရေးယူပိတ်ဆို့မှုတွင် ပါဝင်နေဆဲ ဖြစ်သည့် စတီဗင်လောကဲ့သို့သော လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်း ၁၀၀ ကျော် ရှိနေသည်။
အရေးယူ ပိတ်ဆို့ထားသည့် စာရင်းမှ ပယ်ဖျက်ပေးရေးအတွက် လျှောက်ထားကြရန် အမေရိကန် သံတမန်များက ၎င်းတို့ကို တိုက်တွန်းခဲ့ပြီး ဖြစ်သော်လည်း အဆိုပါ လုပ်ငန်းစဉ်မှာ နှစ်နှင့် ချီ၍ ကြာမြင့်မည်ဖြစ်သည်။ ယခုအချိန်အထိ မြန်မာ နိုင်ငံသား ၉ ဦးကို အဆိုပါ စာရင်းမှ ဖယ်ရှားပေးပြီး ဖြစ်သော်လည်း ၎င်းတို့ ထဲမှ ၂ ဦးမှာ ကွယ်လွန်ခဲ့ပြီးသား ပုဂ္ဂိုလ်များ ဖြစ်သည်။
ဥပဒေ အရပြင်ဆင်ဆောင်ရွက်ပေးမှု တခုကို စောင့်ဆိုင်းနေစဉ်တွင် အမေရိကန်ဘဏ်များက ရန်ကုန်သို့ ရောက်ရှိပြီး ဖြစ်သော ပို့ကုန်များအတွက် ငွေပေးချေမှုကို ရပ်ဆိုင်းထားခြင်း သို့မဟုတ် အချိန်ဆွဲခြင်း ပြုလုပ်နေကြသည်ဟု အဆိုပါကိစ္စ နှင့် နီးစပ်သူများက ပြောကြသည်။
ကုန်ပစ္စည်းများကို တင်ပို့ပြီး ဖြစ်သည့်တိုင် ပို့ကုန်လုပ်ငန်းရှင်များ အနေဖြင့် ဘဏ်များမှ ငွေပေးချေရန် ကြာမြင့်စွာ အချိန် ဆွဲထားမှုနှင့် ရင်ဆိုင်နေရသည်ဟု မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (UMFCCI) မှ အထွေထွေ အတွင်းရေးမှူး ဦးမိုးမြင့်ကျော်က Reuters သတင်းဌာနသို့ အင်တာဗျူးတခုတွင် ပြောကြားခဲ့သည်။
အမေရိကန် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ အရေးယူပိတ်ဆို့မှုဆိုင်ရာ အကြီးတန်း အကြံပေးဟောင်း Peter Kucik က ကုန်သွယ်ရေးဆိုင်ရာ ငွေကြေးဆောင်ရွက်မှုကို တားမြစ်ခွင့်ပြုလိုက်ခြင်းက အမေရိကန်နိုင်ငံ၏ မူဝါဒဖြစ်သော အနောက်တိုင်းမှ ဘဏ္ဍာရေး အဖွဲ့အစည်းများကို မြန်မာနိုင်ငံသို့ ခေါ်ဆောင်ရေး နှင့် လုံး၀ ကိုက်ညီမှု မရှိကြောင်းပြောသည်။
အရေးယူပိတ်ဆို့ မှု စည်းမျဉ်းများ ချိုးဖောက်ခြင်းအတွက် ဒဏ်ရိုက်ခဲ့ခြင်းများကြောင့် သတိထားနေကြသော ဘဏ်များ က စိတ်ချရမှုရှိအောင် မြန်မာနိုင်ငံမှ သူတို့ရရှိနိုင်သည့် ငွေထက်နည်းသည့် ငွေကြေးဖြင့်သာ အလုပ်လုပ်ကြလိမ့်မည်ဟု ယခုအခါ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံမည့် စီးပွားရေးလုပ်ငန်းများကို အကြံပေးနေသည့် Inle Advisory Group ၏ ဥက္ကဌ အဖြစ် ဆောင်ရွက်နေသော Peter Kucik ကပြောသည်။
“တကယ်လို့ ခင်ဗျားက အစိုးရရဲ့ ဥပဒေ လုပ်ထုံးလုပ်နည်းတွေနဲ့ ပတ်သက်တဲ့ စရိတ်တွေကို တိုးမြှင့်လိုက်မယ်ဆိုရင် သူတို့ကတော့ ဘာဖြစ်ဖြစ် ဂရုမစိုက်ဘူးလို့ ပြောဖို့ ပိုလွယ်ကူ သွားပါလိမ့်မယ်” ဟု သူက ဆိုသည်။
Reuters သတင်းဌာနတွင် ဖော်ပြထားသော Joel Schectman, David Henry နှင့် Timothy Mclaughlin တို့၏ Sanctions fears choke nascent U.S. trade with Myanmar ကို နိုင်မင်းသွင် ဘာသာပြန်ဆိုသည်။