မဟာ မဲခေါင်ဒေသခွဲ (GMS) အရှေ့-အနောက် စင်္ကြံလမ်းတွင် ပါဝင်သော ကရင်ပြည်နယ် ကော့ကရိတ်နှင့် အိန္ဒုမြို့ကြားရှိ ၆၆ ဒသမ ၄ ကီလိုမီတာ ရှည်လျားသည့် လမ်းပိုင်းကို အဆင့်မြှင့်ပြုပြင်ရန် ချေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ထုတ်ပေးရေး အာရှ ဖွံ့ဖြိုးရေးဘဏ် (ADB) က သဘောတူလိုက်ပြီဟု သိရသည်။
“ကရင်ပြည်နယ်မှာ ပဋိပက္ခတွေ ဆယ်စုနှစ်ပေါင်းများစွာ ဖြစ်ပွားခဲ့တဲ့အတွက် အခြေခံ အဆောက်အဦးတွေ အားနည်းခဲ့ ရသလို ဆင်းရဲနွမ်းပါးမှုလည်း မြင့်မားခဲ့ရပါတယ်။ ဒါပေမယ့် ကုန်းလမ်းကနေ ကုန်သွယ်မှုရဲ့ ၂၅ ရာခိုင်နှုန်း ဖြတ်သန်းသွား လာနေတဲ့ ထိုင်းနိုင်ငံနဲ့ ဆက်သွယ်ပေးထားတဲ့ လမ်းမကြီးတခုလည်း ရှိနေပါတယ်။ ဒီလမ်းကို အဆင့်မြှင့်တင် ပြင်ဆင် လိုက်ခြင်းက မဟာ မဲခေါင်ဒေသခွဲ (GMS) အရှေ့-အနောက် စင်္ကြံလမ်းရဲ့ မြန်မာနိုင်ငံ ဘက်ပိုင်းတွေကို ပြည့်စုံ ကောင်းမွန်သွားစေပါလိမ့်မယ်။ ဒီလမ်းက ကရင်ပြည်နယ်နဲ့ မြန်မာနိုင်ငံအတွက် စီးပွားရေး အခွင့်အလမ်းသစ်တွေ ဖွင့်လှစ်ပေးမှာ ဖြစ်သလို ဖွံ့ဖြိုးတိုးတက်ရေး အတွက်လည်း အထောက်အကူ ဖြစ်စေပါလိမ့်မယ်” ဟု အာရှဖွံ့ဖြိုးရေးဘဏ်၊ အရှေ့တောင်အာရှရေးရာ ဌာနမှ ကုန်းလမ်းပို့ဆောင်ရေး ကျွမ်းကျင်သူတဦး ဖြစ်သော ဂျိမ်းစ် လယ်သာ (James Leather) ကပြောသည်။
စီမံကိန်းက လက်ရှိ ၂ လမ်းသွားလမ်းကို GMS ၏ လမ်းကွန်ရက် စံချိန်စံညွှန်းများနှင့်အညီ အဆင့်မြှင့်တင်ပြင်ဆင်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး စက်ဘီးများ၊ ဆိုင်ကယ်များနှင့် စိုက်ပျိုးရေးလုပ်ငန်းသုံး ယာဉ်များ သွားလာနိုင်မည့် လမ်းပုခုံးလည်းပါ ဝင်မည် ဖြစ်သည်။
အချို့လမ်းပိုင်းများကို ယာဉ်ကြောသွားလာရေး ချောမွေ့စေရန်နှင့် ဘေးကင်းလုံခြုံမှု ပိုမိုကောင်းမွန်လာစေရန် အတွက် ပြန်လည် ချိန်ညှိခြင်းများ ပြုလုပ်မည်ဖြစ်သည်။ ရေလွှမ်းမိုးနိုင်သည့် နေရာများတွင် ထပ်ပိုးမြှင့်တင်ခြင်း နှင့် ရေနှုတ်မြောင်းစနစ်ကို ပိုမိုကောင်းမွန်လာအောင် ဆောင်ရွက်ခြင်းများ အပါအဝင် ရာသီဥတုဒဏ်ကို ကာကွယ်ပေးနိုင်မည့် လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်သည်။ ပြည်တွင်းရေကြောင်း ပို့ဆောင်ရေး ကွန်ရက် ကောင်းမွန်လာစေရန် ကျုံဒိုး ဆိပ်ကမ်းသို့ ဆက်သွယ်သည့်လမ်းကိုလည်း ပြန်လည် ဖောက်လုပ်သွားမည် ဖြစ်သည်။
အရှေ့-အနောက် စင်္ကြံ၏ မြန်မာနိုင်ငံဘက်ပိုင်းများ ပြီးဆုံးသွားပါက ဗီယက်နမ်နိုင်ငံမှ ဒါနန် (Da Nang) မြို့ နှင့် မြန်မာနိုင်ငံမှ ရန်ကုန်နှင့် မော်လမြိုင်မြို့များကို ဆက်သွယ်ပေးနိုင်မည် ဖြစ်သည်။ ADB ၏ အထောက်အပံ့ဖြင့် ပြုလုပ်သည့် စီမံကိန်းနှင့်အတူ ထိုင်းနိုင်ငံကလည်း ၎င်း၏ နယ်စပ်တွင်ရှိသော ကော့ကရိတ်နှင့် မြဝတီ ဆက်သွယ်ထားသည့် လမ်းကို အဆင့်မြှင့်ရေးအတွက် သီးခြားထောက်ပံ့သွားမည်ဟု သိရသည်။ ရန်ကုန်-မော်လမြိုင် အဝေးပြေးလမ်းနှင့် အိန္ဒုကြားရှိ လမ်းပိုင်းကို အစိုးရက မြန်မာ ပုဂ္ဂလိက ကုမ္ပဏီတခုကို BOT ဖြင့် လုပ်ကိုင်ခွင့်ပြုထားပြီး ပြင်ဆင်မှုများပြုလုပ်နေသည်။
ADB က ချေးငွေကို ၎င်း၏ အာရှဖွံ့ဖြိုးရေး ရန်ပုံငွေ (Asian Development Fund) မှ ထုတ်ပေးခြင်း ဖြစ်သည်။ အာဆီယံ အခြေခံ အဆောက်အဦးရန်ပုံငွေ (Asean Infrastructure Fund) က အမေရိကန် ဒေါ်လာ သန်း ၂၀ ပါဝင် ထောက်ပံ့ ပေးပြီး မြန်မာအစိုးရ၏ ထောက်ပံ့မှုက အမေရိကန် ဒေါ်လာ ၁ ဒသမ ၈ သန်းပါဝင်သည်။ စီမံကိန်းကာလမှာ ၃ နှစ်ကျော် ကြာမြင့်မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ် စက်တင်ဘာလတွင် ပြီးဆုံးမည်ဟု ခန့်မှန်းထားသည်။
ကိုးကား – The Nation