မြန်မာနိုင်ငံတော်ဗဟိုဘဏ်က နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်လိုင်စင်များ ပြန်လည် ရုပ်သိမ်းပြီးနောက် စီးပွားရေး လုပ်ငန်း အများအပြားတွင် ရိုက်ခတ်မှုများစွာ ဖြစ်ပေါ်လာပြီးနောက် ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းများကို ငွေလဲလှယ် ရောင်းဝယ် ခွင့်(Money Changer License) ထုတ်ပေးရန် ကြိုးစားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က ပြောဆိုသည်။
မြန်မာနိုင်ငံတော်ဗဟိုဘဏ်က ပြီးခဲ့သည့် အောက်တိုဘာလ ၁၉ ရက်နေ့မှစတင်၍ ပြည်တွင်းတွင် ခွင့်ပြုထားသော နိုင်ငံခြား သုံးငွေ လက်ခံ ကိုင်ဆောင်ခွင့်လိုင်စင်များကို တရားဝင်ရုပ်သိမ်းခဲ့ပြီး စီးပွားရေး လုပ်ငန်းများ တွင် ကျပ်ငွေ တမျိုးတည်းကိုသာ အသုံးပြုရန် ညွှန်ကြားချက် ထုတ်ပြန်ချက်ခဲ့သည်။ ယင်းသို့ ထုတ်ပြန်ပြီးနောက် စီးပွားရေး လုပ်ငန်းရှင် များအကြား စိုးရိမ်မှုများမြင့်တက်ခဲ့ပြီး ဒေါ်လာကိုင်ဆောင်ခွင့်မရှိခြင်းကြောင့် ဥပဒေအရ နောက်ဆက်တွဲ ရင်ဆိုင်ရမည့် ပြဿနာများရှိလာကြောင်း စီးပွားရေးအသိုင်းအဝိုင်းက ပြောဆိုကြသည်။
“နိုင်ငံခြားငွေကိုင်ဆောင်ခွင့် ရုပ်သိမ်းတာနဲ့ နိုင်ငံခြားငွေလက်မခံရတော့ဘူး ကိုင်ထားလို့ မရတော့ဘူး ဆိုပြီး ကြေညာ ထားတာ မရှိပါဘူး။ ဘာကြောင့် ရုပ်သိမ်းတာလည်း ဆိုရင် ၁၉၄၇ မှာ နိုင်ငံခြားငွေနဲ့ ပတ်သက်လို့ နည်းဥပဒေ တွေ ရှိပါ တယ်။ ဒီထဲမှာ မြန်မာနိုင်ငံမှာ မည်သူမျှ တဒေါ်လာမျှ လက်ထဲကိုင်ဆောင်ထားခွင့် မရှိရပါဘူး။ အဲဒီအချိန်မှာ နိုင်ငံခြား သားတွေက ဒေါ်လာနဲ့ ပေးသော် လည်း ငွေလဲကောင်တာက မရှိသေးဘူး။ ကတ်တွေလည်း လက်ခံလို့ မရသေးဘူး။ ဗီဇာတို့ မာစတာတို့က ၂နှစ် ၃ နှစ် လောက်ပဲ ရှိပါသေးတယ်။ဒေါ်လာလက်ခံဖို့ ဥပဒေ ပြဋ္ဌာန်းထားခြင်း မရှိတဲ့အတွက် နိုင်ငံခြားငွေလက်ခံကိုင်ဆောင်ခွင့်ကို ထုတ်ပေးခဲ့တာဖြစ်ပါတယ်”ဟု မြန်မာနိုင်ငံတော် ဗဟိုဘဏ်ဒုတိယဥက္ကဋ္ဌ ဦးဆက်အောင်က နိုဝင်ဘာလ ၂၁ ရက်နေ့ အမျိုးသားစီမံခန့်ခွဲမှုပညာကောလိပ်တွင်ကျင်းပခဲ့သည့် လုပ်ငန်းရှင်များ တွေ့ဆုံပွဲတွင် ပြောဆိုသည်။
မြန်မာနိုင်ငံတွင် နိုင်ငံခြားငွေဖြင့် လုပ်ငန်းလည်ပတ်နေသည့် လုပ်ငန်းများအနေဖြင့်လည်း ယင်းကဲ့သို့ လုပ်ကိုင်သွားရန် ခက်ခဲ ရှိပါက ငွေသားအလွှဲအပြောင်းများသည့် ဟိုတယ်လုပ်ငန်းများ၊ ခရီးသွားလာရေးလုပ်ငန်းများကို ငွေလဲလှယ်ရေး ပေးနိုင်ရန် ဗဟိုဘဏ်အနေဖြင့် ကြိုးစားပေးမည်ဟု ၎င်းက ဆက်လက် ပြောဆိုခဲ့သည်။
နိုင်ငံခြားငွေကိုင်ဆောင်ခွင့်လိုင်စင်ရုပ်သိမ်းလိုက်သော်လည်း နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်၊ လက်ခံခွင့်မရှိဟူ၍ ကြေညာထားခြင်း မရှိကြောင်း၊ လုပ်ငန်းရှင်များအနေဖြင့် ဒေါ်လာကို ထိန်းသိမ်းထားနိုင်သည့် နည်းလမ်းများရှိနေကြောင်း ရှင်းလင်းပြောဆိုသည်။
“လုပ်ငန်းကြီးတွေ လုပ်နေတဲ့ လုပ်ငန်း ရှင် တချို့က စိုးရိမ်လာတယ်။ ဒေါ်လာ တသောင်းပဲ လက်ခံလို့ရရင် နှစ်နည်း ရှိတယ်။ တချက်က လက်ထဲမှာ ဒေါ်လာကို တသောင်း အထက် မကိုင်ဆောင်ထားဘဲနဲ့ တသောင်း ကျော်ပြီဆိုတာနဲ့ ဘဏ်အကောင့် ထဲမှာ ကြိုက်သလောက်ထားလို့ ရပါတယ်။ ဒီလိုမျိုးက တခြားမှာ မရပါဘူး။ နောက်တချက်က Account လွှဲပြောင်းတဲ့နည်းနဲ့ သော်လည်းကောင်း Cash Payment နည်းနဲ့ သော်လည်းကောင်း လုပ်လို့ရပါတယ်။ဒါကလည်း ဘာမှ ခက်ခဲတဲ့ကိစ္စ မဟုတ်ပါဘူး။ တကယ်လို့ လုပ်ဖို့အတွက် ကျနော်တို့အနေနဲ့ ဝိုင်းဝန်းပြီး ကူညီပေးပါမယ်။ ဘဏ်တွေက လည်း အားလုံး ကူညီပေးမှာ ဖြစ်ပါတယ်”ဟု ၎င်းက ပြောသည်။
ဗဟိုဘဏ်အနေဖြင့် ပြည်တွင်း ငွေလဲလှယ်နှုန်း မတည်ငြိမ်သည့် ဖြစ်စဉ်ကို မူဝါဒ အမျိုးမျိုးနှင့် ငွေလဲနှုန်း တည်ငြိမ်အောင် လုပ်ဆောင်ခဲ့ပြီး တိကျပြတ်သားသော ငွေကြေးမူဝါဒဖြင့် ကိုင်တွင်မှု အားနည်းခဲ့ကြောင်း စီးပွားရေးအသိုင်းအဝိုင်းက ဝေဖန် သုံးသပ်ကြသည်။
တရားဝင်ခွင့်ပြုထားခဲ့သော ငွေလဲကောင်တာများနှင့် ဘဏ်များကို ဗဟိုဘဏ်သတ်မှတ်နှုန်းအတိုင်း ငွေလဲလှယ်မှုပြုရန် သတိပေးခြင်းကို ဦးစွာလုပ်ဆောင်ခဲ့ပြီးနောက် ဒေါ်လာရှားပါးမှုဖြစ်စဉ် မဖြစ်ပေါ်ရန်နှင့် ငွေလဲနှုန်း ထိန်းချုပ်ရန်အတွက် ပြည်တွင်း အဓိက သွင်းကုန် ၃ မျိုးကို ဘဏ်များမှ တဆင့် ဒေါ်လာများ ရောင်းချပေးခြင်းကိုလည်းလုပ်ဆောင်ခဲ့သည်။
ယင်းသို့ လုပ်ဆောင်မှုများရှိခဲ့သော်လည်း ဒေါ်လာဈေး တရိပ်ရိပ်ပြန်လည်တက်ခြင်း ဈေးကွက်တွင် လှုပ်ခတ်ခြင်းတို့ ဖြစ်လာခြင်းကြောင့် ပြည်တွင်းတွင် ခွင့်ပြုပေးထားခဲ့သည့် နိုင်ငံခြားသုံးငွေ ကိုင်ဆောင်ခွင့် လိုင်စင်များကို ပြန်လည် ရုပ်သိမ်းမည်ဟု ကြေညာခဲ့ပြီး ယင်းသို့ ကြေညာရခြင်းမှာ ပြည်တွင်းတွင် ဒေါ်လာအသုံးပြုမှု မတွင်ကျယ်လာ စေရန် အတွက်ဟု ဗဟိုဘဏ်က ပြောဆိုခဲ့သည်။
ထိုသို့ ကြေညာပြီး ရုပ်သိမ်းပြီးပြန်မှ ယခု တခါ ပြန်လည်၍ ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းများကိုပြန်လည် ခွင့်ပြုသည်ဟု ပြောဆိုခဲ့ခြင်းဖြစ်သည်။ ငွေလဲနှုန်း တည်ငြိမ်ရန်အတွက် ဆက်တိုက်လုပ်ဆောင်ခဲ့သော ဗဟိုဘဏ်၏ မူဝါဒများမှာ အမျိုး မျိုး ဖြစ်ခဲ့သော်လည်း လက်ရှိတွင်လည်း ငွေလဲနှုန်းက မြင့်တက်ဆဲဖြစ်ပြီး အမေရိကန် ၁ဒေါ်လာလှျှင် ပြင်ပ ပေါက်ဈေး ၁၃၀၀ ကျပ်ဝန်းကျင်အထိ ရှိနေပြီဖြစ်သည်။
နိုင်ငံခြားသုံးငွေစီမံခန့်ခွဲမှုဥပဒေအရ( Foreign Exchange Management Law )ဒေါ်လာ တသောင်းထက် မကျော်ပါက နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရှိသော်လည်း ဒေါ်လာ တသောင်းအထက် စီးပွားရေးလုပ်ငန်းကြီးများ လုပ်ကိုင်နေသည့် လုပ်ငန်းရှင်များအတွက် ဘဏ်စာရင်းတွင် ဒေါ်လာငွေကြေး ကြိုက်သလောက် ထည့်သွင်းခွင့် ရှိကြောင်း ဗဟိုဘဏ် ဒုတိယ ဥက္ကဌ ဦးဆက်အောင်က ပြောသည်။