မြန်မာနိုင်ငံ ပထမဆုံး စတော့အိတ်ချိန်းအဖြစ် ရန်ကုန်စတော့အိတ်ချိန်းကို ရှယ်ယာများ ရောင်းချမည့် အများပိုင်ကုမ္ပဏီ ၆ခုဖြင့် ယနေ့ စတင်ဖွင့်လှစ်လိုက်ပြီး ရှယ်ယာ ရောင်းဝယ်ခြင်းလုပ်ငန်းများကို ၂၀၁၆ ခုနှစ် နှစ်ဆန်းပိုင်းတွင် စတင်နိုင်မည်ဟု ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မောင်မောင်သိမ်းက ပြောသည်။
ဒီဇင်ဘာလ ၉ ရက်နေ့ ကျင်းပ ပြုလုပ်သော ရန်ကုန်စတော့အိတ်ချိန်းဖွင့်ပွဲ အခမ်းအနားတွင် ဒု ဝန်ကြီးက အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။
“ရှယ်ယာ ရောင်းတာဝယ်တာတွေကတော့ နောက်နှစ် ဖေဖော်ဝါရီမှာစမယ်။ဒါမှမဟုတ် မတ်လ အ စော ပိုင်းမှာစမယ်” ဟု ပြောသည်။
ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ရန် စာရင်းသွင်းထားသော အများပိုင် ကုမ္ပဏီ ၆ ခုမှာ FMI ကုမ္ပဏီ၊ မြန်မာ့လယ်ယာစီးပွားအများပိုင်ကုမ္ပဏီ MAPCO၊ ပထမပုဂ္ဂလိကဘဏ်၊ မြန်မာ သီလဝါ အထူးစီးပွားရေးဇုန်ဟိုးလ်ဒင်း အများပိုင်ကုမ္ပဏီ၊ မြန်မာနိုင်ငံသားများဘဏ်နှင့် Great Horkham ကုမ္ပဏီတို့ ဖြစ်သည်။
စတော့အိတ်ချိန်းဈေးကွက်တွင် စာရင်းသွင်းထားသော အများပိုင် ကုမ္ပဏီများ အနေဖြင့် ရှယ်ယာများကို မြန်မြန်ဆန်ဆန် ထုတ်ရောင်း သည့် သဘောမျိုးမလုပ်ဆောင်စေလိုကြောင်းနှင့် အေးအေးဆေးဆေးနှင့် စနစ်တကျဖြစ်အောင် လုပ်ဆောင်ရန် ဒေါက်တာမောင်မောင်သိမ်းက အကြံပြု ပြောဆိုသည်။
“ရှယ်ယာတွေကို ထုတ်ရောင်းတာမှာ အလောသုံးဆယ် ခွင့်မပြုချင်ပါဘူး။ ဘာဖြစ်လို့လည်း ဆိုရင် ကျနော် တို့ မြန်မာနိုင်ငံ စတော့နဲ့ ပတ်သတ်လို့ နောက်ကျတာဟာ နှစ်ပေါင်းများစွာ ရှိပါပြီ။ နည်းနည်း ပိုနောက်ကျသွားလို့ ဘာမှ မဖြစ်ပါဘူး။ သို့သော် စစချင်း ရှယ်ယာတွေ ထုတ်ရောင်းတာမှာ အရည် အသွေး ပေါ့နော်၊ အရည်အသွေးကို အဓိကထားတာပါ။ ဒါကြောင့်မို့သူတို့ကို အလောသုံးဆယ် ရှယ် ယာ ထုတ်ရောင်းခြင်းကို အားမပေးပါဘူး။ အေးအေးဆေးဆေး ရှယ်ယာ ထုတ်ရောင်းဖို့ အကြံပေး ထားပါတယ်” ဟု ဒေါက်တာမောင်မောင်သိမ်းက ပြောသည်။
အများပိုင် ကုမ္ပဏီများသည် ၎င်းတို့၏ အစုရှယ်ယာများကို ရင်းနှီးမြှုပ်နှံလိုသူ ဝယ်ယူလိုသူ ပြည်သူများ သို့ ရောင်းချသွားကြမည့် ဖြစ်စဉ်တွင် ဝယ်ယူရင်းနှီးမြှုပ်နှံသူနှင့် ရောင်းချသူ ကုမ္ပဏီ များကြား ဝန် ဆောင် မှု အဖြစ် ဆောင်ရွက်ပေးမည့် ဝန်ဆောင်မှု ကုမ္ပဏီများလည်း လိုအပ် မည်ဖြစ်သည်။
ထိုဝန်ဆောင်မှု ကုမ္ပဏီများအတွက် လိုင်စင်ချပေးရန် လျာထားသည့် ပမာဏမှ ၁၀ ခုအထိ ရှိနေပြီး သိရှိထားပြီး လက်ရှိအချိန်တွင် ကမ္ဘောဇ ကုမ္ပဏီတခုတည်းကိုသာ လိုင်စင်ချပေးထားကြောင်း၊ မကြာမီ ဘဏ္ဍာရေးဝန်ကြီးဌာနက ဝန်ဆောင်မှု ကုမ္ပဏီလိုင်စင်များ ဆက်တိုက်ချပေးမည်ဖြစ်ကြောင်း သိရှိရသည်။
ရန်ကုန် စတော့အိတ်ချိန်းတွင် မြန်မာ့စီးပွားရေးဘဏ်က ၅၁ ရာခိုင်နှုန်း၊ တိုကျို စတော့အိပ်ချိန်း က ၁၈ ဒသမ ၇၅ ရာခိုင်နှုန်းနှင့်ဂျပန်ဒိုင် ဝါသုတေသနက ၃၀ဒသမ ၂၅ ရာခိုင်နှုန်း ထည့်ဝင်၍ အကောင် အထည်ဖော်ခဲ့ကြခြင်း ဖြစ်သည်။