အမေရိကန် နည်းပညာကုမ္ပဏီ မိုက်ခရိုဆော့ဖ်က ရွှေတောင်အုပ်စုအား ဆော့ဖ်ဝဲနှင့် ဝန်ဆောင်မှုများ ထောက်ပံ့မည့် သဘောတူညီချက်ကို ဒီဇင်ဘာလ ၂ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့သည်။ ရွှေတောင်အုပ်စု၏ ရှယ်ယာများကို ထိန်း ချုပ်ထားသော ဦးအိုက်ထွန်းကို အမေရိကန် ဘဏ္ဍာရေးဌာနမှ မူးယစ်ဆေးဝါးကုန်သွယ်သော လုပ်ငန်းနှင့် အဆက်အသွယ်ရှိသူဟု တချိန်က သံသယရှိခဲ့သည်။
သို့သော် ဦးအိုက်ထွန်းက မည်သည့် အမှားအယွင်းမျှ မပြုလုပ်ခဲ့ကြောင်း ညင်းဆန်ခဲ့သည်။ အဆိုပါစွပ်စွဲချက်များသည် စစ်ဗိုလ်ချုပ်များ၏ ပိတ်ပင်တားမြစ်မှုကြောင့် ပွင့်လင်းမြင်သာမှု နည်းပါးခဲ့သည့် မြန်မာနိုင်ငံတွင် သတင်းအမှားများနှင့် မနာလို ဝန်တိုမှုများကြောင့် ပေါ်ထွက်ခဲ့ခြင်း ဖြစ်သည်ဟု သူက ဆိုသည်။
ပြည်တွင်းစီးပွားရေးလုပ်ငန်းများသည် အမေရိကန်၏ အရေးယူပိတ်ဆို့သည့် စာရင်းတွင် ဆက်လက်ပါဝင်နေသောကြောင့် မိုက်ခရိုဆော့ဖ် အပါအဝင် Caterpillar နှင့် Coca-Cola တို့ ကဲ့သို့သော ကုမ္ပဏီများ ၏ မြန်မာနိုင်ငံမှ စွန့်စားခန်းများက နိုင်ငံတကာ ကုမ္ပဏီများ အနေဖြင့် မြန်မာနိုင်ငံတွင် ရင်ဆိုင်နေရသော အခက်အခဲများကို ဖော်ပြနေသည်။
နှစ် ၅၀ ကျော်ကာလအတွင်း အလွတ်လပ်ဆုံး ဖြစ်သည့် နိုဝင်ဘာ ၈ ရက်နေ့က ပြုလုပ်ခဲ့သော ရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ အနိုင်ရခဲ့ခြင်းကြောင့် ကုမ္ပဏီအသစ်များ နိုင်ငံတွင်းသို့ ပို၍ ဝင်ရောက်လာနိုင်သော်လည်း အဆိုပါ အခက်အခဲက ရှိနေသည်။
မိုက်ခရိုဆော့ဖ်ကုမ္ပဏီက ၎င်းတို့နှင့် လုပ်ငန်း ပူးပေါင်းဆောင်မည့် ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာနိုင်ငံနှင့် အမေရိကန်၏ ဥပဒေများကို ချိုးဖောက်ခြင်းရှိမရှိ ဆန်းစစ်ခြင်း အပါအဝင် ပုံမှန်ဆောင်ရွက်ရမည့် လုပ်ငန်းများကို အားစိုက် လုပ်ဆောင်ခဲ့ ကြောင်း ပြောသည်။
ရွှေတောင်ကုမ္ပဏီနှင့် ပူးပေါင်းဆောင်ရွက်သည့် ငွေကြေးပမာဏ ထုတ်ဖော်ကြေညာခြင်းမပြုသော ဈေးနှုန်းသည် မြန်မာနိုင်ငံတွင် ဒုတိယအများဆုံးဖြစ်သည် ဟု မိုက်ခရိုဆော့ဖ်က ပြောသည်။ ကျောက်စိမ်းလုပ်ငန်းမှ ဘဏ်လုပ်ငန်းအထိ လုပ်ကိုင်သော ကမ္ဘောဇအုပ်စုနှင့် ပူးပေါင်း၍ အလားတူ စနစ်အဆင့်မြှင့်မှုများ ဆောင်ရွက်ရန် သဘောတူညီမှု ရရှိခဲ့ ကြောင်း ၎င်းတို့က စက်တင်ဘာလ အတွင်းတွင် မိုက်ခရိုဆော့ဖ်က ကြေညာခဲ့သည်။
ကမ္ဘောဇအုပ်စုသည် ကျောက်မျက်တူးဖော်ရေးလုပ်ငန်းများတွင် ပွင့်လင်းမြင်သာမှုနည်းပါးခဲ့သည်ဟု တက်ကြွလှုပ်ရှား သူများက စွပ်စွဲခဲ့ကြသည်။ အထူးသဖြင့် ကျောက်စိမ်းလုပ်ငန်းတွင် ဖြစ်သည်။ ကုမ္ပဏီကမူ အမှားတစုံတရာ မကျူးလွန်ခဲ့ ကြောင်း ငြင်းဆိုခဲ့သည်။ ကမ္ဘောဇအုပ်စု၏ ဥက္ကဌ ဦးအောင်ကိုဝင်းသည် ယခင်က အာဏာသိမ်း စစ်အရာရှိများနှင် ဆက်နွယ်မှုရှိသောကြောင့် EU မှ အရေးယူပိတ်ဆို့ထားသည့် စာရင်းတွင် ပါဝင်ခဲ့သည်။ သို့သော် ၂၀၁၁ခုနှစ်တွင် စစ်တပ်မှ အရပ်သားတပိုင်းအစိုးရသို့ အာဏာလွဲပြောင်းပြီးနောက် အဆိုပါစာရင်းမှ ပယ်ဖျက်ပေးခဲ့သည်။
မြန်မာနိုင်ငံမှ ကုမ္မဏီကြီးများသည် အချက်အလက် နည်းပညာစနစ်များ တိုးတက်ရန် ရှာဖွေနေကြပြီး ယခုချိန်တွင် နိုင်ငံတကာ အရေးယူပိတ်ဆို့မှုအချို့လည်း လျော့ချခဲ့ပေးခဲ့ပြီး ဖြစ်သည်။ မိုဘိုင်းဖုန်းနှင့် အင်တာနက် ကွန်ရက်များ တည်ဆောက်ခြင်းမှ တဆင့် လူမှုဆက်သွယ်ရေးလည်း တိုးတက်လာခဲ့သည်။
ရွှေတောင်ကုမ္မဏီသည် အာမခံလုပ်ငန်းမှ ဆောက်လုပ်ရေးလုပ်ငန်းအထိ လုပ်ကိုင်နေပြီး လွန်ခဲ့သည့် နှစ်အနည်းငယ် အတွင်း တိုင်းပြည်တံခါးဖွင့်သည့်အချိန်မှ စ၍ အများအပြားပေါ်ပေါက်လာသော လူသိများသည့် ရုံးခန်းများ၊ လူနေအိမ်ရာ များနှင့် ဈေးဝယ်စန်တာများထဲတွင် တခု ဖြစ်သည့် Junction Square ကိုလည်း ရန်ကုန်မြို့တွင်ဆောက်လုပ်ခဲ့ပါသည်။
တချိန်က ကုန်တင်ကားမောင်းသူတယောက် ဖြစ်ခဲ့သော ဦးအိုက်ထွန်းသည်လည်း စစ်အစိုးရနှင့် ဆက်နွယ်မှုရှိသည်ဟူ သော စွပ်စွဲချက်ဖြင့် လက်ရှိတွင် ပျောက်ကွယ်သွား ပြီဖြစ်သော EU ၏ အရေးယူပိတ်ဆို့ထားသည့် စာရင်းတွင် ပါဝင်ခဲ့သူ တဦးဖြစ်သည်။ အမေရိကန်၏ အရေးယူပိတ်ဆို့သည့်စာရင်းတွင် မည်သည့်အခါမျှ မပါဝင်ခဲ့သော်လည်း ၂၀၀၇ ခုနှစ် တွင် WikiLeaks မှ ပေါက်ကြားခဲ့သည့် အမေရိကန်သံရုံး၏ လျို့ဝှက်ကြေးနန်းစာအရ အမေရိကန်ဘဏ္ဍာရေးဌာနက သူ့ကို မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ပါဝင်ပတ်သတ်နေသည်ဟု သံသယရှိခဲ့သည်။
၂၀၀၄ခုနှစ်တွင် ငွေကြေးခဝါချခြင်း၊ အခြား ငွေကြေးအလွဲသုံစားပြုလုပ်မှုများနှင့် တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ် ဖောက်ကားသူများနှင့် ဆက်သွယ်မှုရှိခြင်းတို့ကြောင့် အမေရိကန်က ဦးအိုက်ထွန်း တည်ထောက်ခဲ့သည့် အာရှဓန ဘဏ် ကို လည်း အရေးယူပိတ်ဆို့သည့်စာရင်းတွင် ထည့်သွင်းခဲ့သည်။ မြန်မာနိုင်ငံတွင် Asia Wealth Bank ကို စာရင်းရှင်း ဖျက်သိမ်းခဲ့ပြီးနောက် အဆိုပါ အရေးယူပိတ်ဆို့မှု ရပ်ဆိုင်းသွားခဲ့သည်။
ဦးအိုက်ထွန်းက ၎င်းနှင့် ၎င်းကုမ္မဏီများသည် တရားမဝင်မူးယစ်ဆေးဝါး ရောင်းဝယ်မှုများတွင် ပါဝင်ပတ်သတ်ခဲ့ခြင်း မရှိကြောင်း ပြောခဲ့သည်။ မည်သည့် အတွက်ကြောင့် ထိုသို့ အကြိမ်ကြိမ် စွပ်စွဲခံနေရသနည်းဟု မေးသည့် အခါ “အဲဒီအချိန်တုန်းက မြန်မာအစိုးရက ပွင့်လင်းမြင်သာမှုမရှိပါဘူး။ အဲဒီတော့ ကောလဟာလတွေများပါတယ်။ မနာလိုတာ တွေလည်း ရှိပါတယ်”ဟု ဦးအိုက်ထွန်းကပြောသည်။
မြန်မာနိုင်ငံတွင် အမေရိကန်၏ အရေးယူပိတ်ဆို့မှုအချို့ကို လျှော့ချပေးနေချိန်တွင် လူပုဂ္ဂိုလ်နှင့် အဖွဲ့အစည်းအများ အပြား မှာ နာမည်ပျက်စာရင်းတွင် ကျန်ရှိနေသေးသောကြောင့် စီးပွားရေးလုပ်ငန်များအပေါ် ကျယ်ကျယ်ပြန့်ပြန့် သက်ရောက်မှု ရှိခဲ့သည်။ ယမန်နှစ်က အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီသည် အရေးယူထားသည့် စာရင်းတွင် ပါဝင်သည့် စီးပွားရေးသမားတယောက်ဖြစ်သော ဦးဇော်ဇော် ပိုင်ဆိုင်သည့် နေပြည်တော်မှ ဟိုတယ်တခုတွင် တည်းခိုမိခဲ့သေးသည်။
Coca-Cola ကုမ္မဏီက မြန်မာနိုင်ငံရှိ ၎င်းတို့၏ အဓိက ဖက်စပ်လုပ်ကိုင်သူသည် အမေရိကန်၏ အရေးယူပိတ်ဆို့သည့် စာရင်းတွင် ပါဝင်နေဆဲဖြစ်သော ကျောက်စိမ်းလောကနှင့် ဆက်နွယ်မှုရှိခဲ့ကြောင်း ဇူလိုင်လတွင် ဝန်ခံခဲ့သည်။ သို့သော် လည်း ဥပဒေကို ချိုးဖောက်ခြင်းမရှိဟု ယုံကြည်ကြောင်း Coca-Cola ကုမ္မဏီကပြောသည်။
Caterpillar ထုတ်ကုန်များကို မြန်မာနိုင်ငံတွင် ရောင်းချနေသည့် စီးပွားရေးသမားတဦးဖြစ်သည့် ဦးဇော်ဘိုခန့် သည် မူး ယစ် ဆေးကုန်သည်တဦးမှ ထိန်းချုပ်ထားသည်ဟု စွပ်စွဲခံထားသည့် ကျောက်စိမ်းကုမ္မဏီတခုကိုလည်း လုပ်ကိုင် နေသည် ဟု ဗြိတိသျှအခြေစိုက် Global Witnessအဖွဲ့မှ ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည့် အစီရင်ခံစာတွင်ဖော်ပြထားသည်။
ဦးဇော်ဘိုခန့်သည် မူးယစ်ဆေးဝါးရောင်းဝယ်မှုတွင် ပါဝင်ပတ်သတ်မှုမရှိကြောင်း ငြင်းဆိုခဲ့သလို Caterpillarကုမ္မဏီက လည်း ၎င်းတို့အနေဖြင့် မည်သည့်ဥပဒေမှ မချိုးဖောက်ခဲ့သည်ကို သေချာစေအတွင် စစ်ဆေးမှု လုပ်ငန်းစဉ်များကို အားစိုက် ဆောင်ရွက်ခဲ့ကြောင်းပြောသည်။
( Financial Times သတင်းထောက် Michael Peel ၏ Microsoft enters minefield of Myanmar business with IT deal ကို ဘာသာပြန်ဆိုသည်)