အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့ အခြေစိုက် World Finance အဖွဲ့အစည်းက ၂၀၁၅ ခုနှစ်တွင် အာရှတိုက်အတွက် ဘဏ်လုပ်ငန်းဆိုင်ရာ စီမံခန့်ခွဲမှုနှင့် အုပ်ချုပ်မှုဆိုင်ရာ ကောင်းမွန်ထူးချွန်ဆု အကောင်းဆုံးဘဏ် ဥက္ကဋ္ဌဆု “Banker of the Year in Asia 2015” ကို မြန်မာနိုင်ငံမှ ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းအား ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။
အထက်ပါ “Bankers of the Year 2015” ဆုများကို အာရှ၊ ဥရောပ၊ မြောက်အမေရိက၊ တောင်အမေရိက၊ သြစတြေးလျ၊ အာဖရိကနှင့် အရှေ့ အလယ်ပိုင်းဒေသ စသည့် ကမ္ဘာ့တိုက်ကြီး ၇ ခုမှ သက်ဆိုင်ရာ ဒေသအလိုက် ၂၀၁၅ ခုနှစ်အတွင်း ဘဏ်လုပ်ငန်းဆိုင်ရာ ထူးချွန်ပြောင်မြောက်စွာဖြင့် တိုးတက် အောင်မြင်အောင် စီမံအုပ်ချုပ်ခန့်ခွဲခဲ့ကြသည့် ဘဏ်ဥက္ကဋ္ဌ ၇ ဦးအား ရွေးချယ်ပေးအပ်ခဲ့ခြင်း ဖြစ်သည်။
ယင်းဆုပေးပွဲ အခမ်းအနားကို ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလ ၃ ရက်နေ့က အင်္ဂလန်နိုင်ငံ၊ London Stock Exchange တွင် ကျင်းပပြုလုပ်ခဲ့ပြီး Bankers of the Year 2015 ဆုကို ကမ္ဘောဇဘဏ် လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းက တက်ရောက် လက်ခံခဲ့ကြောင်း သိရသည်။
ယင်းဆုများကို အာရှတိုက်တွင် မြန်မာနိုင်ငံမှ လည်းကောင်း၊ အာဖရိကတိုက်တွင် နိုင်ဂျီးရီးယား၊ ဥရောပတွင် ပြင်သစ်၊ လက်တင် အမေရိကတွင် ဘရာဇီး၊ သြစတေးလျတိုက်တွင် သြစတေးလျ၊ အရှေ့အလယ်ပိုင်းတွင် ဆော်ဒီအာရေဗျနှင့် မြောက်အမေရိကတွင် အမေရိကန် ပြည်ထောင်စုတို့က အသီးသီး ရရှိခဲ့သည်။
ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌအား “Banker of the Year in Asia 2015” ဆု ရွေးချယ်ချီးမြှင့်ရခြင်းမှာ ကမ္ဘောဇဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးအောင်ကိုဝင်းသည် မြန်မာနိုင်ငံ၏ ထိပ်တန်းပုဂ္ဂလိက ဘဏ်များအနက် အကြီးဆုံး ဦးဆောင်ဘဏ်ကြီးကို ဘဏ်စတင် ထူထောင်ခဲ့သည့် ၁၉၉၄ ခုနှစ်မှစ၍ ခေတ်အဆက်ဆက် အခက်အခဲပေါင်းများစွာကို ကျော်လွှားနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဖော်ပြခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးတိုးတက်ရေး လမ်းကြောင်းပေါ် ပြန်လည် ရောက်ရှိလာရာတွင် ကမ္ဘောဇဘဏ်အနေဖြင့်လည်း တဖက်တလမ်းမှ ငွေကြေးဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများဖြင့် ထောက်ကူ ပါဝင်ခဲ့ကြောင်း၊ ယင်းသို့ ပါဝင်ခဲ့ရာတွင် ၎င်းအနေဖြင့် စီးပွားရေးလုပ်ငန်းများ ထူးချွန်စွာ စီမံခန့်ခွဲ ဆောင်ရွက်နိုင်မှုနှင့် အောင်မြင်စွာ ဦးဆောင်မှုပြုနိုင်ခြင်း၊ ဘဏ်ခွဲပေါင်း ၃၆၀ ကျော်၊ ဝန်ထမ်းပေါင်း ၁၄၀၀၀ ကျော်အထိ တိုးတက်လာခဲ့ခြင်းတို့ ဖြစ်ကြောင်း သိရသည်။
တိုင်းပြည် ဖွံ့ဖြိုးတိုးတက်စေရန် အများပြည်သူအတွက် ချေးငွေများ တနှစ်ထက်တနှစ် ပိုမိုထုတ်ချေးလာနိုင်ခြင်း၊ နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုများ တိုးတက် ပါဝင်လာအောင် ပံ့ပိုးဆောင်ရွက်ပေးခဲ့ခြင်းဖြင့် အာရှတိုက်၏ စီးပွားရေးဖွံ့ဖြိုးမှုဖြစ်စဉ်တွင် ယနေ့ခေတ် မြန်မာနိုင်ငံ၏ အခန်းကဏ္ဍ ပိုမိုသိသာစွာ တိုးတက်အောင်မြင် ဖွံ့ဖြိုးစေခဲ့ခြင်း၊ ဝင်ငွေနှင့် အမြတ်ငွေများ တိုးတက် များပြားလာပြီး ပထမနေရာမှ ၄ နှစ်ဆက် အခွန်အများဆုံး ပေးဆောင်ခဲ့ခြင်း တို့ကြောင့် ယခုကဲ့သို့ ဆုချီးမြှင့်ရခြင်းဖြစ်ကြောင်း World Finance က ထုတ်ပြန်ခဲ့သည်။
၂၀၁၄ ခုနှစ်ကလည်း အလားတူဆု ရွေးချယ်ချီးမြှင့်ခံရပြီး ၂၀၁၅ ခုနှစ်အတွက် ဒုတိယအကြိမ် ရွေးချယ်ချီးမြှင့်ခံရခြင်း ဖြစ်သည်။
ကမ္ဘောဇဘဏ် အုပ်စုက ၂၀၀၇ခုနှစ်မှ ၂၀၁၅-ခုနှစ်အတွင်း ကျပ်ငွေ ၉၈ ဘီလီယံကျော်အား မြန်မာလူထု၏ ပညာရေး၊ ကျန်းမာရေး၊ ဘာသာရေး၊ လူမှုရေးနှင့် သဘာဝဘေးအန္တရာယ် ကျရောက်သည့် နေရာများသို့ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။