စီးပွားရေးလုပ်ငန်းကြီးအများစုကို လုပ်ကိုင်ခွင့်ရရှိထားသည့် ကမ္ဘောဇ(KBZ)ကုမ္ပဏီများ အုပ်စုက စင်္ကာပူကုမ္ပဏီနှင့် ပူးပေါင်းပြီး ရန်ကုန် စတော့ရှယ်ယာ ဈေးကွက်အတွင်း ဝင်ရောက်လုပ်ကိုင်မည်ဖြစ်ကြောင်း ကမ္ဘောဇ ကုမ္ပဏီများအုပ်စု၏ အကြီးတန်း ဒါရိုက် တာ ဦးညိုမြင့် က ပြောသည်။
“ကမ္ဘောဇရဲ့ အာမခံစံချိန်စံညွှန်းတွေကို အကောင်းဆုံးပေးနိုင်ဖို့အတွက် ပူးပေါင်းလုပ်ဆောင်ခြင်း ဖြစ်ပါတယ်။ မြန်မာ စီးပွားရေးကဏ္ဍ တဆင့်မြင့်တက်လာဖို့ လိုအပ်တဲ့ အတတ်ပညာ ကျွမ်းကျင်မှုတွေနဲ့ ရင်းနှီးငွေတွေကို ပံ့ပိုးပေးဖို့ ရည်ရွယ်ပါတယ်”ဟု ဦးညိုမြင့် က ဒီဇင်ဘာ ၁၅ ရက်နေ့ ဆူးလေ ရှန်ဂရီလာ ဟိုတယ်တွင် ကျင်းပသည့် KBZ ရင်နှီးမြှုပ်နှံမှုနှင့် လုံခြုံရေးရာ သတင်းစာ ရှင်းလင်းပွဲတွင် ပြောဆိုသည်။
ကမ္ဘောဇ ကုမ္ပဏီများအုပ်စုသည် စင်္ကာပူနိုင်ငံအခြေစိုက် ဘဏ်လုပ်ငန်းဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုနှင့် ကော်ပိုရေးရှင်းဆိုင်ရာ အကြံပေး လုပ်ငန်း တခုဖြစ်သည့် Stirling Colenman လုပ်ငန်းစုနှင့် ပူးပေါင်းပြီး KBZSC အမည်ဖြင့် ငွေကြေး သက်သေခံလုပ်ငန်း ကုမ္ပဏီအဖြစ် လုပ်ကိုင်သွားမည် ဖြစ်သော်လည်း အကျိုးတူ ပူးပေါင်းလုပ်ဆောင်သွားမည့် ရင်းနှီးမြှုပ်နှံမှု ငွေကြေးပမဏနှင့် ပတ်သက်ပြီး လတ်တလောတွင် ထုတ်ဖော်ပြောဆိုနိုင်ခြင်း မရှိသေးကြောင်းလည်း ၎င်းက ဆက်ပြောသည်။
KBZSC ငွေကြေး သက်သေခံလုပ်ငန်း ကုမ္ပဏီသည် စတော့ရှယ်ယာ ဈေးကွက်တွင် လုပ်ကိုင်ခွင့်ရ စာရင်းပါရှိသော ကုမ္ပဏီများ၏ ရှယ်ယာများကို ရောင်းခြင်း၊ ဝယ်ခြင်း ပြုလုပ်ရာ၌ ယင်းတို့ကို တာဝန်ခံရောင်းချပေးရမည့် အာမခံကြေး သတ်မှတ်ပေးခွင့်လိုင်စင် (Underwriter License) ရရှိထားပြီး ဖြစ်သည်ဟု ဆိုသည်။
KBZSC ကုမ္ပဏီအနေဖြင့် စတော့ရှယ်ယာ ဈေးကွက်တွင် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ (Dealing)၊ တဆင့်ကြားခံ ဆောင်ရွက်မှုများ (Broking) နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အကြံပေးခြင်း (Investment Advisory) တို့ကိုလည်း လုပ်ကိုင်သွားမည် ဖြစ်ကြောင်း သိရ သည်။
ကမ္ဘောဇကုမ္ပဏီများ အုပ်စုသည် ပြည်တွင်း၌ သတ္တုတွင်းလုပ်ငန်း၊ ဘဏ္ဍာရေးဆိုင်ရာ လုပ်ငန်း၊ လေကြောင်းလိုင်း လုပ်ငန်း၊ အာမခံ လုပ်ငန်း၊ ကုန်ပစ္စည်း ထုတ်လုပ်မှု လုပ်ငန်း၊ စိုက်ပျိုးရေး လုပ်ငန်း၊ အိမ်ခြံမြေ လုပ်ငန်း၊ ကုန်သွယ်ရေး လုပ်ငန်း၊ ကျန်းမာရေး စောင့် ရှောက်မှု လုပ်ငန်း၊ ဟိုတယ်နှင့် ခရီးသွား လုပ်ငန်းများကို လုပ်ကိုင်နေသည့် စီးပွားရေး ကုမ္ပဏီကြီးတခု ဖြစ်သည်။