မြန်မာနိုင်ငံ ဗဟိုဘဏ်၏ ဒေါ်လာငွေကြေး သတ်မှတ်ငွေလဲနှုန်းထားသည် ဒီဇင်ဘာ လလယ်ပိုင်းမှစ၍ တဒေါ်လာလျှင် ၁၃၀၀ ကျပ် သို့ ကျော်လွန်ခဲ့ပြီး ပြန်လည်ကျဆင်းခြင်း မရှိခဲ့သောကြောင့် အတက်ဘက်သို့သာ ဦးတည်ကြောင်း ငွေကြေးဈေးကွက်အတွင်း လုပ်ကိုင်နေသူများထံမှ စုံစမ်းသိရှိရသည်။
ဒီဇင်ဘာ ၁၈ ရက်နေ့တွင် ဗဟိုဘဏ်၏ သတ်မှတ်ငွေ လဲလှယ်နှုန်းထားသည် တဒေါ်လာလျှင် ၁၃၀၅ ကျပ် ရောက်ရှိခဲ့ပြီး ပြင်ပငွေလဲလှယ်သည့် ဈေးကွက်တွင် တဒေါ်လာလျှင် ၁၃၀၉ ကျပ်၊ တရားဝင် ငွေလဲကောင်တာတွင် တဒေါ်လာလျှင် ၁၃၁၃ ကျပ် ဖြင့် ရောင်းဈေးများ ဖြစ်ပေါ်ခဲ့သည်။
ဗဟိုဘဏ်၏ သတ်မှတ်ငွေ လဲနှုန်းသည် ဒီဇင်ဘာ ၁၄ ရက်တွင် တဒေါ်လာလျှင် ၁၂၉၉ ကျပ်ဖြင့် ဈေးဖွင့်ရောင်းချခဲ့ပြီး ဒီဇင်ဘာ ၁၇ တွင် ၁၃၀၄ ကျပ် ၊ ၁၈ ရက်တွင် ၁၃၀၅ ကျပ် ဈေးနှုန်းအမျိုးမျိုး ဖြစ်ပေါ်ခဲ့သည်။
“ပြင်ပမှာ လုပ်ကိုင်ရတဲ့သူအတွက်တော့ သူတက်ရင် ကိုယ်က နှစ်ကျပ်စား၊ သုံးကျပ်စားနဲ့ ကြားမှာဖြစ်နေတဲ့ ငွေဈေးနှုန်း အဟလေး တွေကို စားလိုက်ရုံပဲ။ ဒါပေမယ့် အခုလို ဖြစ်နေတဲ့ အခြေအနေက အကောင်းတရားတော့ မဟုတ်ဘူး။ နိုင်ငံရေး အနေနဲ့ပြောရရင် နောက် တက်လာမယ့် အစိုးရအဖွဲ့ကို ဒေါ်လာဈေး အတက်နဲ့ ထားခဲ့ချင်တဲ့ သဘောဖြစ်နေတယ်”ဟု ပြင်ပငွေကြေး ဈေးကွက် အသိုင်း အဝိုင်းနှင့် င်္နီးစပ်သူ တဦးက ပြောဆိုသည်။
ယင်းကဲ့သို့ မြင့်တက်လာသည့် ငွေလဲနှုန်းသည် ရွေးကောက်ပွဲကာလအပြီး နိုင်ငံရေး အကူးအပြောင်းကာလချိန်တွင် ဖြစ်ပေါ်လာ သည့် ဈေးဖြစ်ပြီး အစိုးရသစ်ဖွဲ့စည်းပြီးသည့် နောက်ပိုင်းကာလတွင် ဒေါ်လာဈေး ပြန်လည် တည်ငြိမ်လာမည်ကို မျှော်မှန်းရကြောင်း မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်(UMFCCI) ဒု ဥက္ကဋ္ဌ ဦးမျိုးသက်က ပြောသည်။
“ပြင်ပက ဒေါ်လာတွေ စီးလာမှ ရမယ်။ အခုလို တုံ့ဆိုင်းတုံ့ဆိုင်း ကာလမှာ ရင်းနှီးမြှုပ်နှံမယ့်သူတွေက ဖျာတော့ ခင်းပြီးသွားပြီးပြီ ရှေ့ဆက်သွားဖို့ အင်နဲ့အားနဲ့ စီးမဝင်လာသေးဘူး။ မြင်တာကတော့ အစိုးရဖွဲ့ပြီးနောက်ပိုင်းမှာ ဒေါ်လာဈေးတွေ တည်ငြိမ်မယ်လို့ မှန်းဆ ရတယ်”ဟုလည်း ၎င်းက ဆိုသည်။
ထို့အပြင် ဒေါ်လာဈေးနှုန်းများ ပြည်တွင်း၌ မြင့်တက်နေရခြင်းမှာ ပြည်တွင်းမှ ဒေါ်လာများသည် ပြည်ပသို့ စီးထွက်နေပြီး ယနေ့အချိန် အထိ ဝင်ရောက်မှု မရှိခြင်းကြောင့် အတိုင်းအတာ တခုအထိ ဆက်လက် မြင့်တက်နေမည် ဖြစ်ကြောင်းလည်း ဦးမျိုးသက်က ပြောကြား သည်။
“နောက်တက်လာမယ့် အစိုးရအပေါ်မှာလည်း ယုံကြည်မှုပေါ့။ လာမယ့်အခင်းအကျင်းမှာ နိုင်ငံရေးက မပြီးသေးဘူး။ ဘယ်သူ သမ္မတ ဖြစ်လာမလဲပေါ့။ ဒီအခင်းအကျင်းက မကောာင်းရင် ယုံကြည်မှု မရှိရင် စီးပွားရေးက ခိုင်မာဖို့က မလွယ်ဘူး။ နောက်တက်မယ့် အစိုးရအနေနဲ့လည်း စီးပွားရေးပေါ်လစီတွေ ကောင်းကောင်း လုပ်နိုင်ဖို့လိုမယ်။ ခိုင်မာတဲ့ ပေါ်လစီဖြစ်ဖို့ အရေးကြီးတယ်။ ဒါကောင်း ရင် ကောင်းမှာပေါ့”ဟုလည်း UMFCCI ဒုဥက္ကဌ က ပြောသည်။
ထိုအပြင် ငွေကြေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုတွင် အဓိကကျသည့် ဗဟိုဘဏ်ကို အရည်အသွေးပြည့်ဝသူ၊ အတွေ့ကြုံရှိသူများ ပါဝင်ရန်နှင့် ဈေးကွက်အပေါ် မူတည်၍ လွတ်လွတ်လပ်လပ် ဆောင်ရွက်နိုင်ရန် သက်ဆိုင်ရာဝန်ကြီးဌာန၏ သွယ်ဝိုက်ထိန်းချုပ်မှုမှ လွတ်ကင်း ရန် ဆောာင်ရွက်သင့်ကြောင်း ပြည်ထောင်စုလွှတ်တော်တွင် စီမံကိန်းများနှင့်ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှု ကော်မတီ၏ အတွင်းရေးမှူး ဦးအေးမောက်က တင်ပြခဲ့ဖူးသည်။
ဗဟိုဘဏ်သည် ပြီးခဲ့သည့် ဇူလိုင်လအတွင်းတွင်လည်း ပြင်ပဈေးကွက်နှင့် ကွာဟမှုမရှိစေရန် ငွေလဲနှုန်းထားကို ပြင်ဆင် သတ်မှတ် ခဲ့ပြီး နောက်ပိုင်း၌ ပြင်ပငွေကြေးဈေးကွက်တွင် ငွေလဲနှုန်းမြင့်တက်လာခဲ့ရာ ကျပ် ၁၃၀၀ ဝန်းကျင်သို့ ရောက်ရှိခဲ့ဖူးသည်။