ရခိုင်ပြည်နယ်တွင် အကောင်အထည်ဖော်ရန် ရှိနေသည့် ကျောက်ဖြူအထူးစီးပွားရေးဇုန် နယ်နမိတ်ဧရိယာ သတ်မှတ်ခြင်း ကို ဒီဇင်ဘာ ၂၉ရက်နေ့တွင် ကျင်းပသည့် ပြည် ထောင်စုလွှတ်တော်တွင် မဲခွဲဆုံးဖြတ်ရာ ထောက်ခံမဲများ သောကြောင့် နိုင်ငံတော် သမ္မတထံမှ ပေးပို့သည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်အဖြစ် နယ်နိမိတ်သတ်မှတ်ခြင်းကို ပြည်ထောင်စု လွှတ်တော် က အတည်ပြုပေးလိုက်ကြောင်း သိရသည်။
ယင်းဧရိယာသတ်မှတ်ခြင်းကို အတည်ပြုပေးနိုင်ရန် စက်ခလုတ်သုံး၍ မဲခွဲဆုံးဖြတ်ရာ မဲပေးခွင့်ရှိသူပေါင်း ၅၁၁ ဦး အနက် ထောက်ခံမဲ ၄၂၄ မဲ၊ ကန့်ကွက်မဲ ၂၃ မဲ၊ ကြားနေမဲ ၂ မဲ ရရှိခဲ့သောကြောင့် ယင်းသို့ အတည်ပြုလိုက်ခြင်းဖြစ်ပြီး ကျောက် ဖြူ အထူးစီးပွားရေးဇုန်တွင် အကောင်အထည်ဖော်မည့် ရေနက်ဆိပ်ကမ်းစီမံကိန်း၊ စက်မှုဇုန်စီမံကိန်းနှင့် အဆင့်မြင့်အိမ်ရာ စီမံကိန်းများ တည်ထောင်နိုင်ရေးအတွက် လိုအပ်သည့်မြေ ၄၂၈၉ ဒသမ ၃၂ ဧကနေရာဖြစ်ကြောင်း သိရှိရသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်တွင် ဆိပ်ကမ်းတည်ဆောက်မည့် တင်ဒါလုပ်ထုံးလုပ်နည်း၌ ရှယ်ယာ အကျိုးအမြတ် ခွဲဝေမှု တွင် မြန်မာက ၁၅ ရာခိုင်နှုန်း၊ နိုင်ငံခြားကုမ္ပဏီက ၈၅ ရာခိုင်နှုန်းသတ် မှတ်ထားမှုအပေါ် လွှတ်တော်ကိုယ်စား လှယ် တချို့ က ထောက်ပြကြကြောင်း သိရှိရသည်။
ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်းက လွှတ် တော် အနေဖြင့် ဇုန်အဖြစ်သတ်မှတ်ပေးရန်သာဖြစ်ပြီး နောက် ဆက်လက် အကောင်အထည်ဖော်မည့်ကိစ္စများကိုမူ ယခု အစိုးရ လက်ထက်မဟုတ်ဘဲ နောက်တက်လာမည့် အစိုးရသစ် လက်ထက် တွင် စနစ်တကျ အကောင်အထည်ဖော်ပေးရမည်ဖြစ်ကြောင်း ပြောဆိုသည်။
“ဒီနေ့ ကျနော်တို့ဆီကို နိုင်ငံတော်သမ္မတက သဝဏ်လွှာပေးပြီးတောင်းတာ တခုပဲရှိပါတယ်။ ဒါဘာလဲဆိုရင် ဒီ ကျောက် ဖြူ စီးပွားရေးဇုန် သတ်မှတ်ပေးဖို့။ ဒါကြောင့်မို့ ကျနော်တို့လွှတ်တော်က ဒီမှာ ကျောက်ဖြူစီးပွားရေးဇုန် သတ် မှတ်ဖို့ သဘောတူမတူ ဆုံးဖြတ်ပေးဖို့ပဲဖြစ်ပါတယ်။ ကျန်တဲ့ စီးပွားရေး model ကတော့ နောင်တက်လာမယ့်အစိုးရ တက်လာ မယ့်အဖွဲ့အစည်းများက ပွင့်လင်းမြင်သာစွာဆောင်ရွက်ပေးဖို့ပဲ ဖြစ်ပါတယ်” ဟု သူရဦးရွှေမန်းက ပြောသည်။
ကျောက်ဖြူ အထူးစီးပွားရေးဇုန်တွင် လုပ်ကိုင်မည့် ရေနက်ဆိပ် ကမ်းတည်ဆောက်ခြင်း၊ စက်မှုဇုန်အကောင်အထည် ဖော်ခြင်း တင်ဒါကို သမ္မတဦးသိန်းစိန်အစိုးရက ဒီဇင်ဘာ ၃၀ ရက်၌ ကြေညာရန် လျာထားသဖြင့် ယခုကဲ့သို့ ဒီဇင်ဘာ နောက်ဆုံးပတ် လွှတ်တော်အစည်းအဝေးတွင် မဲခွဲဆုံးဖြတ်ပေးရခြင်းဖြစ်သည်။
ကျောက်ဖြူရေနက်ဆိပ်ကမ်း နယ်နမိတ်သတ်မှတ်ခြင်းနှင့်ပတ်သက်၍ ပြည်ထောင်စုလွှတ်တော်တွင် ကိုယ်စားလှယ် ၁၁ ဦး ဆွေးနွေးတင်ပြခဲ့ကြရာ အများစုက ဆွေးနွေးရာတွင် ယင်းစီမံကိန်းကို ကြိုဆိုသော်လည်း အကောင်အထည် ဖော်ရာ တွင် ပွင့်လင်းမြင်သာမှုရှိရန်၊ ဒေသခံများ၏အသံကို နားထောင်ရန်၊ စီမံကိန်းသည် နိုင်ငံတော်အတွက် အရေး ပါသည့် အတွက် နယ်နိမိတ်သတ်မှတ်ခြင်းကို အလျင်စလိုလွှတ်တော်က ဆုံးဖြတ်ပေးခြင်းမပြုရန် စသည်တို့ကို အဓိက ထား ဆွေးနွေးကြသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် နိုင်ငံအတွက် မဟာဗျူဟာမြောက်နေရာတွင် ရှိနေသည့်အတွက် မြန်မာနိုင်ငံ ဘက်မှ အနည်းဆုံး ၅၁ ရာခိုင်နှုန်း ပိုင်ဆိုင်သင့်ကြောင်း၊ စီမံကိန်းအတွက် ရခိုင်ပြည်နယ်လွှတ်တော်၊ ရခိုင်ပြည်သူ လူထုနှင့် လူမှု အဖွဲ့ အစည်းများကို ပွင့်ပွင့်လင်းလင်း တင်ပြပြီး ထောက်ခံသဘောတူညီမှုကို ယူသင့်ကြောင်းကိုလည်း ရခိုင်အမျိုး သား ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက တင်ပြခဲ့သည်။
“ယခုကဲ့သို့ ပထဝီနိုင်ငံရေးအရ အရေးပါသော မဟာဗျူဟာမြောက်ဆိပ်ကမ်းကို နိုင်ငံတော်နဲ့နိုင်ငံသားများကသာ ရှယ် ယာအများစုကို ပိုင်ဆိုင်သင့်ပါတယ်။ နိုင်ငံတကာနဲ့ အိမ်နီးချင်းနိုင်ငံများကို လေ့လာကြည့်ရင်လည်း နိုင်ငံတိုင်းလိုလို၏ ရေနက်ဆိပ်ကမ်းများကို နိုင်ငံသားအများစု ပိုင်ဆိုင်ကြောင်းကိုလည်း တွေ့ရှိရပါတယ်။ ရင်းနှီးမြှုပ်နှံမှုလိုအပ်ခဲ့ရင် လည်း အတိုးနှုန်းသက်သာတဲ့ ချေးငွေများနဲ့ ဆက်လက်ဆောင်ရွက်အကောင်အထည်ဖော်နိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်သည် ပထမအဆင့်ဖြစ်သည့် စိတ်ကူးစီမံချက်ရေးဆွဲခြင်းနှင့် ဒုတိယအဆင့်ဖြစ်သည့် အကြံ ပေးကုမ္ပဏီကို အိတ်ဖွင့်တင်ဒါခေါ်ယူခြင်းတို့ကို အောင်မြင်စွာ အကောင်အထည်ဖော်ဆောင်ရွက်ပြီးဖြစ်၍ တတိယ အဆင့် ဖြစ်သည့် ရင်းနှီးတည်ဆောက်သူများကို နိုင်ငံတကာ စံချိန်စံညွှန်းများနှင့်အညီ အိတ်ဖွင့်တင်ဒါခေါ်ယူသည့် လုပ်ငန်းစဉ်၏ နောက်ဆုံး အဆင့်ဖြစ်သည့် တင်ဒါရလဒ်အား ကြေညာရမည့် နောက်ဆုံးအဆင့်ကို ရောက်ရှိနေပြီဖြစ် ကြောင်း ရထား ပို့ဆောင်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်သိန်းက လွှတ်တော်တွင် ပြောဆိုသည်။
ကျောက်ဖြူအထူးစီးပွားရေးဇုန်ကို ဒေသခံအများစုက စိုးရိမ်နေကြပြီး အထူးသဖြင့် ရှယ်ယာခွဲဝေမှုတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နံှသူက ရှယ်အများဆုံးပေးထားခြင်း၊ စီမံကိန်းနှင့်ပတ်သက်၍ ပွင့်လင်းမြင်သာမှုမရှိခြင်း၊ မြေသိမ်းမှု ပြဿ နာများ ကြုံတွေ့နေရခြင်း၊ ဒေသခံများအတွက် အလုပ်အကိုင်အခွင့်အလမ်း မသေချာခြင်းတို့ကြောင့် အပါအဝင် အခြေအနေများ ကြောင့် စိုးရိမ်နေကြခြင်းဖြစ်သည်။