ပြည်တွင်းရွှေသံလွင်ကုမ္ဗဏီပိုင်ရှင် ဦးကျော်ဝင်း အပါအဝင် ရှယ်ယာရှင် ၁၁ ဦး မတည်ငွေ ငွေကျပ် ဘီလီယံ ၂၀ ဖြင့် ရွှေဘဏ်ကို ပန်းဆိုးတန်းလမ်းနှင့် ကုန်သည်လမ်းထောင့်တွင် ဇန်နဝါရီ ၁၁ ရက်နေ့က စတင်ဖွင့်လှစ်လိုက်ပြီး ပြည်တွင်းပြည်ပ ဘဏ်လုပ်ငန်းကိုစတင်ဝန်ဆောင်မှု ပေးသွားတော့မည်ဖြစ်ကြောင်း သိရသည်။
ရွှေဘဏ်ကို မြန်မာနိုင်ငံတော် ဗဟိုဘဏ်၏ သတ်မှတ်ချက်များအတိုင်း လျှောက်ထား ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ဗဟိုဘဏ် က မတည်ရင်းနှီးငွေအဖြစ် ခွင့်ပြု့သော ကျပ်ဘီလီယံ ၁၀၀ တွင် ကနဦး ကျပ်ဘီလီယံ ၂၀ ဖြင့် စတင်ခြင်းဖြစ်ကြောင်း ရွှေဘဏ်၏အမှုဆောင်ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်က ပြောသည်။
“မတည်ငွေ ရှယ်ယာ ၁၀၀ ရာခိုင်နှုန်းကို ပုဂ္ဂလိကပဲ ပိုင်ပါတယ်။ ရှယ်ယာ ရှင်တွေ ကပဲ ပိုင်ပါတယ်။လောလောဆယ် ရှယ်ယာရှင် ၁၁ ဦးပါ။ အများဆုံးကတော့ ရွှေသံလွင်ကုမ္ပဏီပါပဲခင်ဗျ။ ရင်းနှီးမတည်ငွေက ဗဟိုဘဏ် ခွင့်ပြုမတည် ငွေရင်းက ၁၀၀ ဘီလီယံ ကျပ်ပါ။ကျနော်တို့ ထည့်ဝင်ပြီး မတည်ငွေရင်းက ၂၀ ဘီလီယံ ကျပ်ပါခင်ဗျ” ဟု ဦးသိန်းဇော်က ပြောသည်။
ရွှေဘဏ်တွင် ရွှေသံလွင်ကုမ္ပဏီက ရှယ်ယာအများဆုံးပိုင်ဆိုင်သည်ဟု ဆိုသော်လည်း ရှယ်ယာ ရာနှုန်း မည်မျှ ပါသည် ကို အတိအကျ မသိရသေးသကဲ့သို့ ကနဦး ရှယ်ယာရှင် ၁၁ ဦးစာရင်းကိုလည်း လက်တလော ထုတ်ပြန်ခြင်း မရှိသေးပေ။
ဘဏ်၏ ဝန်ဆောင်မှု လုပ်ငန်းများတွင် အပ်ငွေလက်ခံခြင်း၊ ချေးငွေထုတ်ခြေးခြင်းနှင့် အခြားဘဏ်နှင့်ဆိုင်သော ဝန် ဆောင် မှု လုပ်ငန်းများ အစုံပါဝင်ပြီး အပြည်ပြည်ဆိုင်ရာ ငွေလွှဲလုပ်ငန်းလည်း ပါဝင်လျှက်ရှိသည်။
ရွှေဘဏ်အနေဖြင့် ဘဏ်ခွဲများကို ၁နှစ်လျှင် ၅ခုနှုန်းဖြင့် ဖွင့်လှစ်သွားမည်ဟု ထုတ်ပြန်လိုက်ပြီး ၅ နှစ်အတွင်း စုစုပေါင်း ၂၅ ခုဖြစ်အောင် လုပ်ဆောင်သွားမည်ဟု ပြောဆိုထားသည်။
ဘဏ်ခွဲများဖွင့်သွားမည့် အစီအစဉ်နှင့် ပတ်သတ်၍ ဦးသိန်းဇော်က “ဘဏ်ခွဲတွေ ဖွင့်တဲ့ နေရာမှာ ကျေးလက် ဒေသနှင့် ဖွံ့ ဖြိုးရေးအတွက် ဖြစ်တဲ့အတွက် ပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာ အရင် ဖွင့်သွားမှာပါ။ပြည်နယ်တိုင်း မြို့ကြီးတွေကို အခြေခံ ဖွင့်မယ်” ဟု ပြောသည်။
ရွှေဘဏ်သည် မြန်မာနိုင်ငံတော် ဗဟိုဘဏ်ထံမှ ဘဏ်လုပ်ငန်း လုပ်ပိုင်ခွင့်လိုင်စင်ကို ၂၀၁၄ ခုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် ရရှိခဲ့ပြီး နိုင်ငံတကာ ဘဏ်လုပ်ငန်းလုပ်ပိုင်ခွင့် လိုင်စင်ကို ၂၀၁၅ ခုနှစ် ဇန်နဝါရီလတွင် ရရှိခဲ့ ကြောင်း သိရှိရသည်။