ပြီးခဲ့သည့် ဒီဇင်ဘာလကုန်က မြန်မာနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ရွေ့လျားစစ်ဆေးရေး အဖွဲ့ (mobileteam)ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့ပြီးနောက် အရည်အသွေးမပြည့်ဝသော အစားအသောက်နှင့် ဆေးဝါးများအပါအဝင် တရားမဝင် သွင်းကုန်များ ပြည်တွင်းအဝင် မြင့်တက်လာမည်ကို လေ့လာစောင့်ကြည့်သူများက စိုးရိမ်ကြသည်။
ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေး ဝန်ကြီးဌာနက နိုင်ငံတွင် တရားမဝင်နယ်စပ်ကုန်သွယ်ရေးများ လျော့ကျစေရေး ရည်ရွယ်ချက်ဖြင့် ဖွဲ့စည်းထားသော အစိုးရ၏ ရွေ့လျားစစ်ဆေးရေး အဖွဲ့(mobile team)ကို ဖျက်သိမ်းလိုက်ကြောင်း ကြေညာခဲ့သည်။
၂၀၁၂ခုနှစ် နှောင်းပိုင်းကတည်းက စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အကောက်ခွန်ဌာနနှင့် ရဲတပ်ဖွဲ့မှ ကိုယ်စားပြုများပါဝင်သော စစ်ဆေးရေး အဖွဲ့များသည် အထူးသဖြင့် တရုတ်နိုင်ငံနယ်စပ်ဖြစ်သော ရှမ်းပြည်နယ် မူဆယ်မြို့နှင့် ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီမြို့တို့တွင် တရားမဝင် ကုန်သွယ်မှုများကို ကြားဖြတ်စစ်ဆေးခဲ့ကြသည်။
မြန်မာနိုင်ငံ ပဲနှင့် နှမ်းကုန်သည်ကြီးများအသင်း၏ အတွင်းရေးမှူး ဦးမင်းကိုဦးက အစိုးရအနေဖြင့် တရားမဝင် ကုန်တင်သွင်းမှုများ အပေါ်ထိန်းချုပ်ရန် အားထုတ်မှုကြောင့် ပြည်တွင်းဈေးကွက်သို့ စားသုံးရန်မသင့်သော ကုန်ပစ္စည်းဝင်ရောက်မှု လျော့နည်းခဲ့ရမှာ ယခု ဖျက်သိမ်းလိုက်ချိန်တွင် ထိုပစည်းများ ပြန်လည်ဝင်ရောက်လာမည်ကို စိုးရိမ်ကြောင်း ပြောသည်။
“ဥပမာအားဖြင့် အေးခဲအသားတွေ အစားအစာတွေ အများစုက တရုတ်နိုင်ငံက လာပါတယ်။ ပြည်တွင်းစားသုံးသူတွေအတွက် အစိုးရက စောင့်ကြည့်ဖို့ လိုအပ်ပါတယ်။ ဆေးဝါးအတုတွေ အရည်အသွေးမပြည့်ဝတဲ့ အစားအစာတွေ ပြီးတော့ တခြားလူသုံးကုန်ပစ္စည်တွေကိုလည်း သေသေချာချာ စစ်ဆေးသင့်ပါတယ်။”
“mobile team ဖျက်သိမ်းပြီးတဲ့နောက်မှ ဒီပြဿနာတွေကို အစိုးရအနေနဲ့ ပိုပြီးဂရုစိုက်ဆောင်ရွက်သင့်ပါတယ်။” ဟု ဦးမင်းကိုဦးကပြောသည်။
လွန်ခဲ့သည့် ၃ နှစ်က ကျောက်စိမ်း၊ သစ်၊ အစားအစာများနှင့် အီလက်ထရောပစ္စည်းများ အပါအဝင် ၅၀ ဘီလီယံကျပ် (အမေရိကန်ဒေါ်လာ ၃၈ ဒဿမ ၂ မီလီလီယံ) တန်ဖိုးရှိသော တရားမဝင် ကုန်ပစ္စည်းများကို နယ်စပ်ဒေသများတွင်
အဖွဲ့ဝင် ၆၀၀က သိမ်းဆီးရမိခဲ့ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့ပြီးလည်း ဖြစ်သည်။
စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာအောင်ကိုကိုက အာဆီယံစီးပွားရေး အသိုက်အဝန်း စတင်ခြင်းနှင့် ကုန်သွယ်ရေးအတားအဆီးများ လျော့ချရေးက အစိုးရ၏ ဆုံးဖြတ်ချက်အပေါ် သက်ရောက်မှုရှိနိုင်ကြောင်း ပြောသည်။
“mobile teams ကို ဖျက်သိမ်းလိုက်တဲ့အချိန်မှာ စားသုံးသူတွေရဲ့ အခွင့်အရေးအတွက် အစိုးရအနေနဲ့ တခြားအဖွဲ့ကို ပြန်ဖွဲ့စည်းပေးသင့်တယ်။ အဲဒီလို အရေးယူဆောင်ရွက်တာတွေ မလုပ်ဘူးဆိုရင် ပြည်သူတွေဘဲ နစ်နာလိမ့်မယ်။”
“အရည်အသွေး မပြည့်ဝတဲ့ အစားအစာတွေ ဆေးဝါးတွေ ပြည်တွင်းဈေးကွက်ထဲကို အများကြီး ဝင်လာနေပါတယ်။ ကုန်ပစ္စည်းတွေ ဝင်လာတဲ့ပြီးနောက်မှာ အရေးယူဆောင်ရွက်သင့်ရုံသားမကပါဘူး တရားမဝင် ကုန်ပစ္စည်းတွေဝင်နေတာကိုလည်း ရပ်တန့်တောင် အရေးယူသင့်ပါတယ်” ဟု ဒေါက်တာအောင်ကိုကို ကပြောသည်။
စီးပွားရေးနှင့် ကူးသန်ရောင်းဝယ်ရေး ဝန်ကြီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးစိုးဝင်းက ယခင်ရွေ့လျားစစ်ဆေးရေး အဖွဲ့ (mobile team)၏ အဖွဲ့ဝင်များသည်လည်း ၎င်းတို့၏ မူလဌာနများတွင် ပြန်လည် လုပ်ကိုင်နေကြကြောင်း The Irrawaddy သို့ ဇန်နဝါရီလ ၅ ရက်နေ့ကပြောကြားခဲ့သည်။
“mobile team ရဲ့ လုပ်ငန်းစဉ်တွေကိုတော့ အကောက်ခွန်ဌာနက ဆက်လက်လုပ်ဆောင်သွားပါလိမ့်မယ်။ တခြားအဖွဲ့ဝင်တွေလည်း သူတို့မူလလုပ်ဌာနတွေမှာ ပြန်ပြီး အလုပ်ဝင်နေကြပါပြီ။ ဘာလို့ ဒီအဖွဲ့ကို ဖျက်သိမ်းရတယ်ဆိုတာတော့ ထွေထွေထူးထူး ရှင်းပြစရာမရှိပါဘူး။ အစိုးရရဲ့ အမိန့်အရ ရပ်လိုက်တာပါ”ဟု ဦးစိုးဝင်းကပြောသည်။
တန်ဖိုးနည်းအစားအစာ၊ ဆေးဝါးနှင့် အခြားကုန်ပစ္စည်းများ တရားမဝင် ကုန်သွယ်မှုမှာ အထူးသဖြင့် တရုတ် – မြန်မာ နယ်စပ်ဒေသတွင်ကြီးထွားလျက်ရှိသည်။
“နယ်စပ်ကနေဝင်လာတဲ့ အဲဒီကုန်ပစ္စည်းတွေကို ကုန်သည်တွေက သယ်လို့ရတယ်။ ဒါက တနိုင်ငံလုံးအဆင့် အမျိုးသားကျန်းမာရေး ပြဿနာတခုပါ”ဟု ဒေါက်တာအောင်ကိုကိုကပြောသည်။