မြန်မာနိုင်ငံ၏ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးသည် အစိုးရသစ်ပေါ်မူတည်နေပြီး ပြည်တွင်းတွင်ချုပ်ကိုင်ထားသည့် ဥပဒေများကို လာမည့် အစိုးရသစ် လက်ထက်တွင် ပြန်လည်ဖြေလျှော့ပေးရန် လိုအပ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာစိုးထွန်းက ပြောသည်။
မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်၌ ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၅ ရက်တွင် ပြု လုပ် သည့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၏ နှစ်ပတ်လည် အစည်းအဝေးပွဲနှင့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုး တိုး တက်ရေး ဆွေးနွေးပွဲ၌ ဒေါက်တာစိုးထွန်းက ပြောဆိုခဲ့ခြင်း ဖြစ်သည်။
“အဓိက Sanction လုပ်ထားတာက အမေရိကန် Sanction လို့ ပြောတယ်။ အဲဒါကို သိပ်မကြောက်ရဘူး။ ပြည်တွင်း မှာ လက်ရှိအစိုးရရဲ့ ဥပဒေတွေ လုပ်ထုံးလုပ်နည်းတွေ ဒါတွေကို ပြင်ပေးဖို့လိုတယ်” ဟု ဒေါက်တာစိုးထွန်းက ပြောသည်။
လယ်ယာကဏ္ဍနှင့် ပတ်သက်ပြီး ကန့်သတ်ချုပ်ကိုင်ထားသည့် အချက်များစွာရှိပြီး လယ်ယာ ကဏ္ဍတွင် နိုင်ငံခြား ဘဏ်များကို ငွေကြေးထုတ်ချေးခွင့်မ ပြုထားခြင်းသည် အကြောင်းတခုဖြစ်နေကြောင်း လယ်ယာ ကဏ္ဍအတွက် နိုင်ငံခြား ဘဏ်များဘက်က ငွေကြေးထုတ်ပေးနိုင်သော်လည်း နိုင်ငံခြားဘဏ်များကို ပြည်တွင်း ဥပဒေများအရ လုပ်ကိုင်ခွင့်ပြုပေးထားခြင်း မရှိသောကြောင့် ငွေကြေးလိုအပ်နေသည့် ပြည်တွင်း လယ်ယာလုပ်ငန်းအတွက် အခက် အခဲဖြစ်ပေါ်ကြောင်း သိရှိရသည်။
“ပုဂ္ဂလိကဘဏ်တွေကလည်း ဘာမှမရှိဘူး။ နိုင်ငံခြားဘဏ်တွေကိုလည်း လုပ်ပိုင်ခွင့်မပေးဘူး။ လယ်သမားတွေက အရင်းအနှီး လိုတယ်။ ဒါပေမယ့် သူတို့က ဥပဒေအရ ခွင့်မပြုဘူး။ ကိုယ်ဘာသာ ကြိုးချည်ထားသလို ဖြစ်နေတာပေါ့။ ဒါတွေကို ပြန်သုံး သပ်ဖို့ လိုတာပေါ့။ လောလောဆယ် အစိုးရသစ် တက်လာရင် အရင်ဆုံး ဘာလုပ်မလဲဆိုရင် ချုပ်ထားတာတွေကို ကြိုးဖြေပေးဖို့ပဲ” ဟု ဒေါက်တာစိုးထွန်းက ဆက်ပြောသည်။
လက်ရှိချိန်တွင် အစိုးရက တောင်သူများအတွက် တဧကလျှင် ကျပ်တသိန်းနှုန်းဖြင့် ၁၀ ဧကကို ချေးငွေထုတ်ချေး ပေးခြင်းသာရှိပြီး ထိုချေးငွေပမာဏသည် လုံလောက်သော အခြေအနေတွင် မရှိကြောင်း တောင်သူအချို့က ပြောသည်။
မြန်မာ့နိုင်ငံဆန်စပါးအသင်းချုပ်မှ အသင်းဝင်တဦးဖြစ်သူ ဦးအောင်သန်းဦး “ အစိုးရသစ် အပြောင်းအလဲမှာ လယ်ယာ ကဏ္ဍကို ပိုအသုံးချစေချင်တယ်။ လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းက လယ်ယာကို အခြေခံတယ်။ ငွေချေး လုပ်ငန်းက အရမ်းအားနည်းနေသေးတယ်။ ကန့်သတ်ချက်တွေ များနေတာကို ပြန်စဉ်းစားသင့်တယ်”ဟု ပြောသည်။
ဆန်စပါးထုတ်လုပ်မှု ကဏ္ဍတွင် လက်ရှိကြုံတွေ့နေရသည့် အခက်အခဲများမှာ စိုက်ပျိုးထုတ်လုပ်ခြင်း၊ ကြိတ်ခွဲခြင်း စသည့် ကဏ္ဍများတွင် လယ်ယာလုပ်သား ရှားပါးသည့် ပြဿနာ၊ အစိုးရ၏ ချေးငွေပေါ်လစီ အချို့တွင် အခက်အခဲ ရှိနေသည့်အပြင် ဆန်စပါးဈေးကွက်တွင် ချိတ်ဆက်မှု အားနည်းနေခြင်းနှင့် သတင်းအချက်အလက် အားနည်းခြင်း တို့သည် စိန်ခေါ်မှုများ ဖြစ်နေကြောင်း မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ တာဝန်ရှိသူတချို့က ပြောသည်။
မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် ဥက္ကဌဦးချစ်ခိုင်က “အန်အယ်ဒီ အစိုးရသစ် လက်ထက်မှာ တရားဥပဒေစိုးမိုးရေး ဆိုတာကို တကယ်ကိုင်တွယ် ဆောင်ရွက်မယ်ဆိုရင် ကုန်သွယ်ရေးကဏ္ဍမှာ တရုတ်ကို ပို့နေကြတဲ့နေရာမှာ ဒီဘက်က တရားဝင်တယ် ဟိုဘက်က တရားမဝင်ဘူး။ ဒါက ရင်ဆိုင်နေရတဲ့ ဥပဒေတခု ဖြစ်တယ်။ ဒီလိုအခြေ အနေတွေကို မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သေသေချာချာ ပြင်ဆင်ပြီး အစိုးရသစ်ကို တင်ပြဖို့လိုတယ်”ဟု သုံးသပ်ပြောဆိုသည်။