ထိုင်ဝမ်နိုင်ငံမှ အများစုပါဝင်သည့် နိုင်ငံခြား ဘဏ် ၁၃ ခုက မြန်မာနိုင်ငံမှ ဗဟိုဘဏ်မှ နိုင်ငံခြားဘဏ်လိုင်စင် ဒုတိယ အကြိမ်မြောက် ခေါ်ယူရာတွင် လျှောက်ထားခဲ့ကြောင်း သိရသည်။ ထိုသို့ခေါ်ယူခြင်းမှာ တချိန်က နိုင်ငံခြား လုပ်ငန်းရှင်များ လုပ်ကိုင်ခွင့် မရှိခဲ့သည့် ဘဏ်လုပ်ငန်းကဏ္ဍအတွက် ဖြေလျှော့ပေးမှုများ ပြုလုပ်ရန် ရည်ရွယ်ခြင်း ဖြစ်သည်။
ဗဟိုဘဏ်က နောက်ဆုံးရက် အဖြစ်သတ်မှတ်ထားသည့် ဖေဖော်ဝါရီလ ၈ ရက်နေ့ မတိုင်မီ အဆိုပြုလျှောက်ထားခဲ့သည့် ဘဏ်များထဲမှ ၈ ခုမှ ထိုင်ဝမ်နိုင်ငံမှ ဖြစ်ပြီး ကျန် ၅ ခုမှာ ဗီယက်နမ်၊ တောင်ကိုရီးယား၊ အိန္ဒိယနှင့် မောရစ်ရှ နိုင်ငံများမှ ဖြစ်ကြသည်။
ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် ဒုတိယအကြိမ်မြောက် အဆိုပြုလွှာခေါ်ယူခဲ့ခြင်း ဖြစ်ပြီး တိုင်းပြည်တွင်းတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ တိုးပွားလာရန် ရည်ရွယ်ချက်နှင့် ဖြစ်သည်။ သို့သော်လည်း လိုင်စင် မည်မျှချပေးမည် ဆိုသည်ကို ဗဟိုဘဏ်က ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါ။ လူဦးရေ ၅၁ သန်း ရှိသည့် မြန်မာနိုင်ငံတွင် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုမှာ အကန့်အသတ် များစွာ ရှိနေဆဲဖြစ်ပြီး ငွေရေးကြေးရေး အဖွဲ့အစည်း များကိုလည်း ယခင် စစ်အစိုးရနှင့် ဆက်နွယ်နေသူများကသာ ကြီးစိုးထားသည်။
၂၀၁၄ ခုနှစ်က လိုင်စင်ချပေးရန် ပထမအကြိမ်ခေါ်ယူခဲ့ရာတွင် သြစတြေးလျ၊ မလေးရှား၊ တရုတ်၊ စင်ကာပူ နှင့် ထိုင်းနိုင်ငံ များမှ ဘဏ် ၉ ခု မြန်မာနိုင်ငံတွင် လုပ်ငန်းလုပ်ကိုင်ခွင့် ရရှိခဲ့သော်လည်း အတိုင်းအတာ အကန့်အသတ် ရှိသည်။ ၂၀၁၄ ခုနှစ်က လိုင်စင်ရရှိခဲ့သည့် နိုင်ငံများမှ ဘဏ်များကို ဒုတိယအကြိမ် ခေါ်ယူရာတွင် လျှောက်ထားခွင့် မပြုခဲ့ပါ။
ဗဟိုဘဏ်၏ အဆိုအရ ထိုင်ဝမ်နိုင်ငံမှ Cathay United ဘဏ်၊ E. SUN Commercial ဘဏ်၊ Taiwan Business ဘဏ် နှင့် Taiwan Cooperative ဘဏ်၊ Taiwan Shin Kong Commercial ဘဏ်၊ Mega International Commercial ဘဏ်၊ First Commercial ဘဏ်နှင့် CTBC ဘဏ်တို့ လျှောက်ထားခဲ့ကြသည်။
တောင်ကိုရီးယား နိုင်ငံမှ Shinhan ဘဏ်နှင့် KB Kookmin ဘဏ်၊ အိန္ဒိယ နိုင်ငံမှ State Bank of India၊ မောရစ်ရှ နိုင်ငံ မှ State Bank of Mauritius နှင့် ဗီယက်နမ် နိုင်ငံမှ Investment and Development of Vietnam ဘဏ်တို့လည်း ပါဝင်ကြသည်။
၂၀၁၄ ခုနှစ်က လိုင်စင်ရရှိခဲ့သူများမှာ သြစတြေးလျနိုင်ငံမှ ANZ Banking Group၊ ထိုင်းနိုင်ငံမှ Bangkok ဘဏ် နှင့် ဂျပန် နိုင်ငံ မှ ထိပ်တန်းကုမ္ပဏီကြီးများ ဖြစ်ကြသည့် Mitsubishi UFJ Financial Group၊ Sumitomo Mitsui Financial Group နှင့် Mizuho Financial Group တို့ ဖြစ်ကြသည်။
ယခုအချိန်တွင် အဆိုပါ ဘဏ်များအားလုံးသည် ၎င်းတို့အား ကန့်သတ်ပေးထားသည့် အတိုင်းအတာအလိုက် ဝန်ဆောင် မှုများ စတင်ပေးနေကြပြီ ဖြစ်သည်။
လုပ်ကိုင်ခွင့် ရသူ အမည်စာရင်းကို ၂၀၁၆ ခုနှစ် ပထမ ၃ လပတ်အတွင်းတွင် ပဏာမ အဆင့်အနေဖြင့် ထုတ်ပြန်ကြေညာမည်ဟု ဗဟိုဘဏ်၏ အဆိုအရသိရသည်။