ပြည်တွင်းဆန်ဈေးကွက်တွင် ဆန်ကြမ်းဈေး ဝယ်လိုအား မြင့်ကာ ဈေးတက်နေပြီး ဝယ်ယူရခက်ခဲသည့် အနေအထား ရှိနေကြောင်း ရန်ကုန်မြို့ရှိ ဆန်ဆိုင်ကြီးများမှ သိရသည်။
“ဈေးကွက် ဝယ်လိုအား ရှိသလောက် ဆန်ကြမ်းက ဝယ်ယူဖို့ အဆင်မပြေဘူး။ ဆန်ချောက ဝယ်လိုအား ရှိသလောက် ဝယ်လို့ရတယ်။ ဆန်ကြမ်းက ပြည်ပပို့တာလား မသိဘူး။ အရင်က အဲဒီလောက် ဈေးမတက်ဘူး။ အခုက မတရား တက်နေတာ။ နယ်ကနေ ဝယ်ယူရတဲ့ဈေးကို တက်နေတာ” ဟု မြောက်ဥက္ကလာပ မြို့နယ်ရှိ ရောင်နီဦးဆန်ဆိုင်မှ ကိုမျိုးသန့်က ပြောသည်။
လက်ရှိချိန်တွင် အယ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် ဆန်ကုန်သည်တချို့က ဆန်များဝယ်ယူ သိုလှောင်နေခြင်းကြောင့် လည်းကောင်း၊ ပြည်ပသို့ ဆန်တင်ပို့ရာတွင်လည်း ဧည့်မထ၊ ငစိန်ကဲ့သို့သော ဆန်ကြမ်းများကိုသာ တင်ပို့ရခြင်းကြောင့် ပြည်တွင်းတွင် ဆန်ကြမ်းဈေး မြင့်တက်နေပြီး ဝယ်လိုအား များလာခြင်း ဖြစ်သည်ဟု မြန်မာနိုင်ငံ ဆန်စပါးလုပ်ငန်း အသင်းချုပ် ဒုဥက္ကဋ္ဌ ဒေါက်တာ စိုးထွန်းက ပြောသည်။
“ပြည်ပကို စာချုပ်ချုပ်ထားတာ သိပ်မရှိပါဘူး။ တရုတ်သွားတဲ့ လမ်းကြောင်းက အရင်က တန် ၅၀၀၀ လောက် သွားတယ်။ အခု တန် ၂၀၀၀ လောက်ပဲ သွားနေတာ။ အခု ဈေးတက်နေတာက ပြည်တွင်း ဝယ်လိုအားများနေလို့ တက်တဲ့သဘောပါ” ဟု ဒေါက်တာ စိုးထွန်းက ဆက်ပြောသည်။
လက်ရှိဖြစ်ပေါ်နေသည့် ဆန်ကြမ်းဈေးနှုန်းများမှာ မနောသုခ တအိတ်လျှင် ကျပ် ၂၅၀၀၀၊ ဆင်းသွယ်တအိတ်လျှင် ကျပ် ၂၇၅၀၀ ရှိကြောင်း၊ ဇန်နဝါရီလမှ စတင်ပြီး တအိတ်လျှင် ကျပ် ၂၀၀၀ နီးပါး မြင့်တက်လျက်ရှိကြောင်း၊ ဆန်ချော ဈေးနှုန်းများမှာ တောင်ပျံ၊ ပေါ်ဆန်း တအိတ်လျှင် ကျပ် ၃၁၀၀၀၊ ၃၂၀၀၀၊ ရွှေဘိုဆန် တအိတ်လျှင် ကျပ် ၄၂၀၀၀ ရှိနေသည်။
မြန်မာနိုင်ငံဆန် စိုက်ပျိုးထုတ်လုပ်သူများ အသင်းဥက္ကဋ္ဌ ဦးစိန်ဝင်းလှိုင်က “အရန်ဆန်က ဝယ်ယူဖို့ လိုပါသေးတယ်။ စပါးသစ်ကလည်း မပေါ်သေးဘူး။ ပြည်တွင်းမှာ ဆန်ဈေးမြင့်တာက ပြည်တွင်း လိုအပ်ချက် ရှိနေလို့ပါ။ စပါးပွဲစားတွေက ဝယ်ယူ သိုလှောင်နေကြတဲ့ အခြေအနေလည်း ရှိနေတယ်” ဟု ပြောသည်။
ဆန်ချောဈေးနှုန်းများမှာ ပြီးခဲ့သည့်နှစ်တွင် အနိမ့်ဆုံး ဆန်တအိတ်လျှင် ကျပ် ၂၂၀၀၀ ခန့်သာရှိခဲ့ရာမှ ယခုနှစ်တွင် အနိမ့်ဆုံး တအိတ်လျှင် ကျပ် ၂၄၀၀၀ သို့ ရောက်ရှိခဲ့ပြီး တအိတ်လျှင် ၂၀၀၀ ကျပ်ခန့် မြင့်တက်လာခြင်း ဖြစ်သည်။
မြန်မာနိုင်ငံတွင် အယ်နီညို ရာသီဥတု ဖြစ်စဉ်ကြောင့် အပူချိန်မြင့်မားခြင်း၊ ခြောက်သွေ့ခြင်း၊ ရေရှားခြင်းများနှင့် မုတ်သုန်အဝင် နောက်ကျနိုင်သည့် အတွက် သီးနှံအထွက်နှုန်း လျှော့ကျနိုင်ခြေ ရှိသော်လည်း ပြည်တွင်း စားသုံးမှုအတွက် ဆန်စပါးလိုအပ်ချက် မရှိရန် ကြိုတင်ကာကွယ်သည့် အနေဖြင့် အရန်ဆန်များ ဝယ်ယူ သိုလှောင်ထားမည်ဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။