မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် လာမည့် ၅ နှစ်အတွင်း လျင်မြန်စွာ တိုးတက်လာမည့် အလားအလာများရှိနေပြီး ဖွံ့ဖြိုးမှုနှုန်း ၈ ရာခိုင်နှုန်း ဝန်းကျင်တွင် ရှိနေမည့် အခြေအနေဖြစ်ကြောင်း ကမ္ဘာ့ဘဏ်က ပြောဆို ခန့်မှန်းလိုက်သည်။
မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်းသည် ပြီးခဲ့သည့် နှစ်များအတွင်း ၇ ရာခိုင်နှုန်းဝန်းကျင်နှင့် တိုးတက်လာနေရာမှ ယခု ၈ ရာခိုင်နှုန်း ဝန်းကျင်ဖြင့် တိုးတက်လာမည်ဟု ခန့်မှန်းလိုက်ခြင်းလည်း ဖြစ်သည်။
ယခုကဲ့သို့ စီးပွားရေး ဖွံ့ဖြိုးမှုနှုန်းနှင့် အတူ မူဝါဒများကို မှန်ကန်စွာ ရွေးချယ်လုပ်ဆောင် သွားနိုင်မည်ဆိုလျှင် ပြည်သူအတွက် အလုပ် အကိုင် အခွင့်အလမ်းနှင့် ဝင်ငွေတိုးတက်မှု သိသာစွာ ဖြစ်ပေါ်စေမည်ဟု ဖေဖော်ဝါရီ ၂၃ ရက်နေ့က ရန်ကုန်မြို့ Park Royal ဟိုတယ်၌ ကျင်းပသော မူဝါဒရေးရာ ရှင်းလင်းပွဲတွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ ထုတ်ပြန်ချက်၌ ထည့်သွင်း ပြောဆို ထား သည်။
ထိုမူဝါဒရေးရာ အကြံပြုချက်များကိုလည်း အများပြည်သူ သိရှိရန် ကမ္ဘာ့ဘဏ်က ထုတ်ပြန်လိုက်သည်။
ယင်းအကြံပြုချက်များနှင့် ပတ်သက်၍ ကမ္ဘာ့ဘဏ်၏ အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဥက္ကဋ္ဌ အက်ဇဲ ဗန်ထရော့ စင်းဘာ့ဂ် နှင့် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ဘဏ္ဍာရေး ဝန်ကြီးတို့ ဖေဖော်ဝါရီ ၂၂ ရက်နေ့က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ကမ္ဘာ့ဘဏ်၏ မူဝါဒရေးရာ အကြံပြုချက်များတွင် အဓိက ကဏ္ဍ ၆ ခုကို တွေ့ရပြီး ဆင်းရဲနွမ်းပါးမှု လျှော့ချရေး၊ ပုဂ္ဂလိက ကဏ္ဍ တိုး တက်ရေး နှင့် ယှဉ်ပြိုင်မှုရှိရေး၊ လူတိုင်း လက်လှမ်းမီသည့် ဘဏ္ဍာရေးစနစ် ထူထောင်ရေး၊ လျှပ်စစ်ဓာတ်အား တိုးတက် ရရှိရေးနှင့် အုပ်ချုပ်ရေးပိုင်း စွမ်းရည် မြှင့်တင်နိုင်ရေးနှင့် ပညာရေး၊ ကျန်းမာရေး အပြင် လူမှု ကာကွယ်စောင့်လျှောက်ရေး ဝန်ဆောင်မှုများ ရရှိနိုင်ရေးတို့ ဖြစ်သည်။
ကမ္ဘာ့ဘဏ် အရှေ့အာရှနှင့် ပစိဖိတ်ဆိုင်ရာ ဥက္ကဋ္ဌ အက်ဇဲ ဗန်ထရော့ စင်းဘာ့ဂ်က“ပထမ မူဝါဒက စီးပွားရေး ဈေးကွက်ကို ပိုမိုဖွင့် လှစ်ဖို့နဲ့ အမျိုးအစား စုံလင်စွာ ဖြစ်ထွန်းလာအောင် အားပေးဖို့၊ ပုဂ္ဂလိက စီးပွားရေးကဏ္ဍကို မျှတစွာ ယှဉ်ပြိုင်လုပ်ကိုင်နိုင်စေမယ့် အခွင့်အရေး ဖန်တီးပေးဖို့နဲ့ ကုန်ထုတ်စွမ်းအားမြင့်ပြီး အလုပ်အကိုင်များများ ဖန်တီးနိုင်မယ့် စီးပွားရေး စနစ်အခြေခံမျိုး ဆောင်ရွက် ဖို့ပါ။ ဒုတိယ ကတော့ ပြည်သူ့ရေးရာ ဝန်ဆောင်မှုတွေဖြစ်တဲ့ ပညာရေး၊ ကျန်းမာရေးနဲ့ လျှပ်စစ်ဓာတ်အားတွေ တိုးမြှင့်ပေးနိုင်ဖို့ဖြစ်ပြီး တတိယ ဦးတည်ချက်ကတော့ အုပ်ချုပ်မှုကဏ္ဍမှာ ပွင့်လင်းမြင်သာမှုနဲ့ တာဝန်ခံမှု ပိုမို တိုးတက်လာစေဖို့ပါ”ဟု ပြောသည်။
ကမ္ဘာ့ဘဏ်၏ ကဏ္ဍအလိုက် ကျွမ်းကျင်ပညာရှင်များက သုံးသပ်သွားသည်များတွင် မြန်မာနိုင်ငံ၌ ပြည်သူ့ဘဏ္ဍာငွေများကို သုံးစွဲရာတွင် ထိထိရောက်ရောက်ဖြစ်အောင် သုံးစွဲရန်၊ အခွန်စနစ်များ ထိထိရောက်ရောက် ဖြစ်အောင် လုပ်ဆောင် အကောင်အထည် ဖော်ရန်၊ ရင်းနှီးမြှုပ်နှံမှုများ ပိုမိုရရှိရန် ဆောင်ရွက်ရန်၊ ချေးငွေဆိုင်ရာ ကိစ္စရပ်များတွင် ဝန်ထုပ်ဝန်ပိုးများ မဖြစ်စေရန်အတွက် မည်သို့လျှော့ချနိုင်မည်လဲဆိုသည့် အချက်ကို စဉ်းစားရန် စသည်တို့လည်း ပါဝင်သည်။
ထို့အပြင် စီးပွားရေးဆိုင်ရာများတွင် အဓိက ဖြစ်နေသည့် အခက်အခဲသည် ငွေကြေးထောက်ပံ့မှု ရရှိနိုင်မှု အားနည်းနေခြင်းဖြစ်ကြောင်း၊ နိုင်ငံပိုင် ဘဏ်များကိုလည်း ပြုပြင်ပြောင်းလဲမှုတွေ လုပ်ရန်လိုကြောင်း၊ ဗဟိုဘဏ်နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန၏ စွမ်းဆောင် ရည်သည်လည်း တိုးမြင့်လာရန် လိုကြောင်း ပြောဆိုသွားသည်။